ကော့ကရိတ်တွင် အစိုးရစစ်စာသင်ကျောင်းများ ယခုစာသင်နှစ်အမီ ပြန်ဖွင့်နိုင်ရေး စစ်ကောင်စီဖိအားပေး

0
26

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်မြို့ပေါ်ရှိ စာသင်ကျောင်းများအား ယခု ၂၀၂၄ – ၂၀၂၅ စာသင်နှစ်အမီ ပြန်ဖွင့်နိုင်ရေး စစ်ကောင်စီက ကြိုးပမ်းနေပြီး ဆရာ၊ ဆရာမများအား ဖိအားပေးနေရပ်ပြန်ခိုင်းနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

မြို့တွင်းတိုက်ပွဲ ငြိမ်သက်နေသည့် ကော့ကရိတ်မြို့ပေါ်တွင် ပြန်လည်ဝင်ရောက်နေထိုင်ရန် ဒေသခံများကို ပြီးခဲ့သည့် ဧပြီလပိုင်းက စ၍ စစ်ကောင်စီက ဖိတ်ခေါ်နေခြင်းဖြစ်ပြီး မြို့ပေါ်ရှိ ရုံးဌာနများ မေလ ၁ ရက်နေ့မှ စတင်ဖွင့်နိုင်ရေးကိုလည်း စစ်ကောင်စီလက်အောက်ခံ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့က ရုံးစာထုတ်ပြန် ဆောင်ရွက်နေခြင်း ဖြစ်သည်။

ထို့အပြင် ယခု ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်အတွင်း စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရန် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများအား စစ်ကောင်စီက နေရပ်ပြန်ခေါ်ရာတွင် ပြန်မလာနိုင်ပါက အလုပ်မှ ထုတ်ပယ်သည်အထိ အရေးယူ ခံရမည် ဖြစ်သောကြောင့် မြို့တွင်းပြန်ဝင်နေသူအချို့ ရှိနေသည်ဟု ကော့ကရိတ်သတင်းအရင်းအမြစ်များထံမှ သိရသည်။

“ကျောင်းတွေ ပြန်ဖွင့်ဖို့လုပ်တော့ ဆရာမတွေကိုလည်း မြို့ထဲပြန်ဝင်ခိုင်းနေတယ်။ တချို့ကျောင်းတွေမှာ စာသင်ဖို့အဆင်မပြေလို့ ပြေတဲ့ အ.ထ.က (၁) တို့ (၂) တို့မှာ သွားတွဲလုပ်ခိုင်းတာ နေရပ် မပြန်ရင်တော့ အလုပ်ကနေ ကင်းကွာ ဒါမှမဟုတ် Dismissed (အလုပ်မှထုတ်ပယ်) ပေါ့။ မီးသတ်က ဝန်ထမ်းတစ်ယောက် ထုတ်ခံရတယ် ကြားတယ်။ တချို့ပင်စင်နားနီးတဲ့သူတွေကြတော့ ရွေးစရာ မရှိဘူးလေ” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

ထိုကဲ့သို့ ဖိအားပေးမှုများကြောင့် နေအိမ်မီးလောင် ပျက်စီးသွားသည်တွင် ပါဝင်သော ဆရာ၊ဆရာမများမှာ နေစရာ အခက်တွေ့နေရသလို စစ်ကောင်စီဘက်ကလည်း မြို့ပေါ်မနေရဲဘဲ ပညာရေးအပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းများအား ၎င်းတို့ နစကဝင်းအတွင်း ပေးနေထားကြောင်း ကော့ကရိတ်မြို့ခံအချို့က ပြောဆိုသည်။

နောက်ထပ်ကော့ကရိတ်ဒေသခံ အမျိုးသားတစ်ဦးက “ကျောင်းပြန်မတက်ရင် ဒဏ်ပေးမယ်လို့ ပြောတယ်။ မြို့ထဲ မနေရဲဘူး ဆိုရင်တော့ နစကဝင်းထဲမှာ ပေးနေတယ်။ အဲဒီမှာ ဌာနဆိုင်ရာဝန်ထမ်းမိသားစုတွေလည်း ရှိတယ် လေ။ မနက်ဆို ရုံးတက်အလုပ်လုပ် ညနေဆိုပြန်အိပ်၊ သူတို့ဝန်ထမ်းတွေရော ဝန်ထမ်း မိသားစုတွေ ရောပေါ့။ များသောအားဖြင့်ကတော့ ဝန်ထမ်းတွေက သူတို့ဘာသာ သီးသန့်ပြန်လာကြတာပါ မိသားစုမပါဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကတည်းက ကော့ကရိတ်မြို့ပေါ်ရှိ စစ်ကောင်စီနှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်တို့ အကြားတိုက်ပွဲမှာ ယခုနှစ် အရှိန်ပိုမိုမြင့်တက်လာသည့်အပြင် စစ်ကောင်စီက မြို့တွင်းမြို့ပြင် လေကြောင်း၊ လက်နက်ကြီးနှင့်ပါ တိုက်ခိုက်လုပ်ဆောင်သဖြင့် ကော့ကရိတ်မြို့နယ်တစ်ခုလုံး အတိုင်းအတာအားဖြင့် စစ်ရှောင်နေရပြီး စာသင်ကျောင်းများလည်း ပိတ်ထားရသည်။

ကော့ကရိတ်မြို့ပေါ်ရှိ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းပေါင်း ၃၀ ဝန်းကျင်သည်လည်း တိုက်ပွဲကာလအတွင်း ပိတ်ထားရပြီး စစ်ကောင်စီက ကျောင်းဖွင့်ရန် ကြိုးပမ်းနေသော်လည်း လတ်တလော မြို့ပေါ် လုံခြုံရေးအခြေအနေကြောင့် အုပ်ထိန်းသူ မိဘအများစုမှာ မိမိတို့စစ်ရှောင်ရာအရပ်ရှိ ကျောင်းများ တွင်သာ သားသမီးများပညာရေးကို ရှေ့ဆက်လိုကြကြောင်း ကော့ကရိတ် စစ်ရှောင်အရေးစီမံပေးနေသူများက ပြောပါသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here