သိန္နီမြို့ ခရစ်ယာန်ဘုရားကျောင်းဝန်း သန့်ရှင်းရေးဝင်လုပ်သည့် အမျိုးသား ၂ ဦး မိုင်းနင်းမိပြီး ၁ ဦး သေဆုံး

0
30
ပုံစာ - ဟိုတာရွာရှိ ဆောက်လုပ်လက်စ ခရစ်ယာန်ဘုရားကျောင်းဝန်း

သျှမ်းပြည်၊ သိန္နီမြို့နယ် ကောင်းဟော်ကျေးရွာအုပ်စု ဟိုတာရွာရှိ ဆောက်လုပ်လက်စ ခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင် သန့်ရှင်းရေးဝင်လုပ်သည့် အမျိုးသား ၂ ဦး မြေမြှုပ်မိုင်းနင်းမိပြီး၊ ၁ ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ မေလ ၆ ရက် နံနက်ပိုင်း ၁၁ နာရီတွင် ဖြစ်ပွားခဲ့ပြီး မိုင်းနင်းမိသူ အမျိုသား ၂ ဦး ထဲမှ ၁ ဦးသည် ရရှိထားသည့် ပြင်းထန်ဒဏ်ရာများကြောင့် သေဆုံးသွားကြောင်း သိန္နီမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ကချင်ဘုရားကျောင်း လုပ်အားပေးရင်း မိုင်းထိတာ။ အစတော့ သူတို့နှစ်ယောက်ကို ဆိုင်ကယ်ပေါ်တင်ပြီး ဆေးရုံ ခေါ်သွားသေးတယ်။ ကံမကောင်းစွာနဲ့ဘဲ တစ်ယောက်ကတော့ ဆုံးသွားတယ်” ဟု ၎င်းက ပြောသည်။

သေဆုံးသွားသူမှာ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းနာမည်နှင့် နေရပ်လိပ်စာ အတိအကျ မသိရှိရသေးကြောင်းနှင့် ထိခိုက်ဒဏ်ရာသူ အမျိုးသားသည်လည်း လက်ရှိတွင် သိန္နီမြို့ဆေးရုံ၌ ဆေးကုသ နေရသည်ဟု သိရသည်။

သိန္နီမြို့တွင် “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲပြီးသည့်နောက် ၄ လကျော် ကြာမြင့်လာချိန်တွင် ဒေသခံများနေရပ် ပြန်လာနိုင် ကြသော်လည်း မည်သည့်အဖွဲ့အစည်းများမှ နယ်မြေရှင်းလင်းရေး မလုပ်နိုင်သကဲ့သို့ မြေမြှုပ်မိုင်း အကြောင်းနှင့်ပတ်သက်၍ အသိပညာပေးခြင်း မရှိကြောင်း ဒေသခံများက ပြောကြသည်။

“အခုဘယ်အဖွဲ့အစည်းမှ မရှင်းပေးဘူး။ သိန္နီမှာ အခုဆို ကိုးကန့်တပ်ဖွဲ့ MNDAA တစ်ဖွဲ့ပဲ ရှိတာ။ မိုင်းကတော့ အများဆုံး သိန္နီတောင်မြို့မှာ ကျန်နေတာ။ စစ်ဖြစ်တုန်းကလည်း ဟိုဘက်ကမ်းတွေပဲ အများကြီး၊ အကြာကြီး ဖြစ်တော့ ဘယ်သူတွေ မိုင်းထောင်ထားလဲ၊ ဘယ်နေရာလဲဆိုတာ ဘယ်သူမှမသိဘူး။ ပြည်သူတွေအတွက် အန္တရာယ် ပိုဖြစ်တာပေါ့။ အခုဆို အိမ်ပြန်လာတဲ့ ရွာသူရွာသားတွေဆို မိုင်းအသိပညာလည်း မရှိဘူး” ဟု နောက်ထပ် သိန္နီမြို့ဒေသခံအမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

ထို့အပြင် နေရပ်သို့ ပြန်လာသည့် ပြည်သူအများစုသည် နဂိုမူလအတိုင်း ကောင်းမွန်သည့် နေအိမ်ထဲတွင် နေရသည်မဟုတ်ဘဲ လက်နက်ကြီးကြောင့် ယိုယွင်းပျက်စီးသွားသည့် အိမ်ပျက်ကြီးထဲမှာသာ နေထိုင်ရကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့ကလည်း သိန္နီမြို့နယ် ကောင်းဟော်ကျေးရွာတွင် နေထိုင်သူ စိုင်းအောင်မင်းသည် ၎င်းအိမ်ခြံနောက်ဖေးသို့သွားပြီး ဟင်းရွက်သွားခူးနေစဉ် မြေမြှုပ်မိုင်း နင်းမိ၍ ဒဏ်ရာပြင်းထန်စွာနှင့် သေဆုံးခဲ့ ရသည်။

၂၀၀၇ ခုနှစ် မှ ၂၀၂၂ ခုနှစ် အထိ သျှမ်းပြည်တွင် မိုင်းနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများကို မသိဘဲ ကိုင်မိ ပေါက်မိ၍ သေဆုံးမှု ၂၆.၅၅ ရာခိုင်နှုန်း အမြင့်ဆုံး ဖြစ်ခဲ့ကြောင်း မြေမြုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့ Landmine & Cluster Munition Monitor က ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝှမ်း နေပြည်တော်မှလွဲ၍ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် မြေမြုပ်မိုင်းနှင့် ပေါက်ကွဲတတ်သော စစ်အကြွန်းအကျန်များကြောင့် ထိခိုက်ဒဏ်ရာရသူ သိသိသာသာ တိုးလာ နေပြီး မြို့နယ်ပေါင်းတဝက်ကျော်သည်လည်း မြေမြုပ်မိုင်းအန္တရာယ် ကျရောက်နေပြီဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ရေးသားဖော်ပြထားသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here