ALP က ဂွမြို့၊ ကျိန္တလီနယ်မြေတွင် မြေပြင်ကွင်းဆင်းပြီး တပ်သားသစ်စုဆောင်းနေ

0
21
Photo – ALP

ရခိုင်ပြည်တောင်ပိုင်း ဂွမြို့နယ်ခွဲ ကျိန္တလီနယ်မြေတွင် ယခုရက်ပိုင်းတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က မြေပြင်ကွင်းဆင်း၍ တပ်သားသစ်များကို စည်းရုံးစုဆောင်းနေကြောင်း သိရသည်။

ယခုလ ပထမပတ်အတွင်း ALP တပ်ဖွဲ့ဝင်များသည် သံတွဲ – ဂွကားလမ်းရှိ ဘိုကလေး၊ ရှောက်ကုန်း၊ ကျောင်းကုန်း စေတီကွင်း စသည့် ကျေးရွာများသို့ ကွင်းဆင်းကာ ALP တပ်ထဲဝင်ရန် ဟောပြောစည်းရုံးနေခြင်း ဖြစ်သည်။

“မေလ ၃ ရက်နေ့က စလို့ ဂွမြို့နယ်၊ ကျိန္တလီဘက်က ကျေးရွာတွေမှာ ကွင်းဆင်းတယ်။ ဂွမြို့ထွေအုပ်ရုံးက လူတွေနဲ့အတူ နယ်ဘက်တွေမှာ စည်းရုံးရေး ဆင်းနေတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို မလိုက်နာလျှင် ALP အဖွဲ့နှင့် ပူးပေါင်းနိုင်ပြီး ကူညီထောက်ပံ့မှုများ ပေးမည်ဟုလည်း မက်လုံးပေးစည်းရုံးနေကြောင်း ဒေသခံများက ပြောသည်။

ကျိန္တလီဒေသခံက “စစ်ကောင်စီကတော့ တစ်အိမ်တစ်ယောက်ကျ စစ်မှုမထမ်းမနေရဆိုပြီး အကြမ်းနည်းနဲ့ လုပ်တာတွေ ရှိတယ်။ ALP ကတော့ စစ်မှုထမ်းဥပဒေကို မလိုက်နာချင်ရင် သူတို့အဖွဲ့ထဲ ဝင်ဖို့ပြောတယ်။ ALP ထဲ ဝင်ရင် စစ်မှုထမ်း ဥပဒေကနေ လွတ်မယ်ဆိုတာကို အာမခံတယ်ဆိုပြီး စည်းရုံးနေတာ” ဟု ဆိုသည်။

ဂွမြို့နယ်သည် စစ်ကောင်စီထိန်းချုပ်ဆဲ ဒေသဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးပေ။ ထိုကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဌ စောမြရာဇာလင်းကို ဖုန်းဆက်သွယ် မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP/ALA) သည် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး စစ်ကောင်စီ ဖိတ်ခေါ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို မပျက်မကွက် တက်ရောက်လျက် ရှိသည်။

ALP ဌာနချုပ်ကိုလည်း စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ အေးသာယာလမ်းတွင် စစ်ကောင်စီက နေရာပေးထား သည်။

ရခိုင့်နိုင်ငံရေး လေ့လာသူတစ်ဦးက “ALP ကို စစ်ကောင်စီက မွေးစားထားတာ။ မဟုတ်ရင် ALP နေဖို့နေရာ ရခိုင်မှာ မရှိတော့ဘူး။ စစ်ကောင်စီနဲ့ အလွမ်းသင့်နေလို့ ရခိုင်မှာနေလို့ရနေသေးတာ။ ALP နဲ့ စစ်ကောင်စီဟာ အခု စစ်ရေးကာလ စစ်တွေမြို့မှာလည်း ပူးပေါင်းလုပ်ဆောင်နေတဲ့ အပိုင်းတွေရှိတယ်။ အဲဒါကြောင့် စစ်ကောင်စီက တပ်သားတွေလိုတဲ့အချိန်မှာ ALP ဘက်က တပ်သားတွေ ထုတ်ပေးရတာ၊ ဖြည့်ပေးရတာမျိုးတွေ ရှိလာနိုင်တယ်” ဟု ပြောသည်။

စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်သော စစ်တွေမြို့၌ ပိတ်မိနေသူများကိုလည်း ALP က ၎င်းတို့တပ်ထဲသို့ဝင်ရန် မက်လုံးပေး စည်းရုံးမှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။

နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန် ရည်ရွယ်ချက်ဖြင့် အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြဌာန်းလိုက် ပြီးနောက် ပြည်သူများအား အတင်းအဓ္မစစ်သင်တန်းပေးကာ စစ်မြေပြင်သို့ ပို့ဆောင်လျက် ရှိနေသည်။

အောင်ထိန် (DMG)ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here