စစ်ကူလာသည့် ကား ၃ စီး မီးရှို့ဖျက်ဆီးခံရတာကြောင့် ရေးမြို့၊ ကူးတို့ဆိပ်ဒေသခံတို့ထံ စစ်ကောင်စီက လျော်ကြေးတောင်းခံနေ

0
47

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကော့ဒွတ်ကျေးရွာအုပ်စု ကူးတို့ဆိပ်တွင် စစ်ကူရန် ရောက်ရှိလာသည့် စစ်ကောင်စီ အိမ်စီးကား ၃ စီး မီးရှို့ဖျက်ဆီးခံခဲ့ရာတွင် ကူးတို့ဆိပ်ဒေသခံတို့အား စစ်ကောင်စီတပ်က လျော်ကြေးတောင်းခံနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ကား ၃ စီး မီးရှို့ဖျက်စီးခံရမှုကြောင့် စစ်ကောင်စီတပ်က ကူးတို့ဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးမှတဆင့် ဒေသခံတို့ထံ ကားတန်ဖိုးငွေကျပ် သိန်း ၁၈၀ ဝန်းကျင် လျော်ကြေးတောင်းခံထားသည်ဟု ဆိုသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မေလ ၃ ရက်နေ့က ကူးတို့ဆိပ်တိုက်ပွဲတွင် စစ်ကူရန် ရောက်ရှိလာသည့် မော့ကနင် အခြေစိုက် စစ်ကောင်စီ ခလရ (၁၀၆) တပ်ရင်းမှ အိမ်စီးကား ၃ စီးသည် ကူးတို့ဆိပ်ကျေးရွာတွင် ရပ်နားထားစဉ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က လာရောက်မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မော့ကနင်ဒေသခံတစ်ဦးက “နေအိမ်မီးလောင်တယ်ထင်ပြီး ပြေးသွားကြတာ ကားမီးလောင်နေတာ။ မီးသတ်နေတဲ့ အချိန်မှာတောင် လက်နက်ကြီး ကျသွားသေးတယ်။ ကံကောင်းလို့ ရေမှာကျသွားတာ။ တော်လှန်ရေး အဖွဲ့တွေပဲ မီးရှို့လိုက်တယ်လေ။ အရပ်ဝတ်နဲ့ပဲ သွားကြတော့ ရွာသားတွေလို့ပဲ ထင်နေကြတာနေမယ်” ဟု ပြောသည်။

မီးရှို့ဖျက်ဆီးခံလိုက်ရသည့် စစ်ကောင်စီကား ၃ စီးသည် ဟွန်ဒါဖစ်ကား ၂ စီးနှင့် ပရိုဘောက်ကား ၁ စီး ဖြစ်ပြီး ကားများအားလုံး လိုက်စင်မဲ့ကားများ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီတပ်က ကျေးရွာအုပ်ချုပ်ရေးမှူးထံမှတဆင့် လျော်ကြေးတောင်းခံနေသည့်အပြင်ကူးတို့ဆိပ်ရွာသား များ ပိုင်ဆိုင်သည့် ကား ၂ စီး ကိုလည်း သိမ်းယူထားသည်ဟု ဒေသခံတို့ကြား ပြောဆိုလျှက်ရှိသည်။

“ရွာက ကားနှစ်စီးလည်း ယူထားတယ်လို့ ကြားတယ်။ ရွာက ကားအစီးတိုင်း လိုချင်တယ်လို့ ပြောတာပဲ။ ဖြစ်တာကလည်း ကူးတို့ဆိပ်ရွာမှာပဲဖြစ်တော့ အဲ့ရွာကလူတွေပဲ ပြန်လျော်ပေးရမယ်တဲ့၊ လောလောဆယ် ရွာကကားတွေ ရထားလို့လား မသိဘူး။ ငြိမ်နေတာ” ဟု ကူးတို့ဆိပ်ဒေသခံတစ်ဦးက ပြောသည်။

ကား ၃ စီး မီးရှို့ခံရသည့် မတ်လ ၃ ရက်နေ့ ည ၈ နာရီခွဲတွင် ခလရ ၁၀၆ တပ်ရင်းမှ ရွာအတွင်းအပြင် လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း မော့ကနင် ဒေသခံတို့က ပြောဆိုသည်။

ကူးတို့ဆိပ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ပြီး ၂ ဦး အရှင်ဖမ်းဆီးမိသည့်အပြင် လက်နက်ခဲယမ်းများကိုလည်း တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့မှ သိမ်းဆည်းရရှိထားသည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံပြည်သူများ၏ နေအိမ်အပါအဝင် ရော်ဘာခြံများလည်း မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here