ဂျိုင်းမြစ်ဒေသတလျှောက်ရှိ ကျောင်းသားလူငယ် ၅၀၀၀ ကျော် ကျောင်းတက်ရန် အခက်အခဲဖြစ်နေ

0
28
ပုံစာ - စစ်ဘေးရှောင်ကလေးတချို့။

လာမည့် ဇွန်လ ၃ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းများအားလုံး ဖွင့်လှစ်မည်ဖြစ်ပြီး ဂျိုင်းမြစ်ဒေသတလျှောက်ရှိ စစ်ဘေးရှောင် ကျောင်းသားလူငယ် ၅၀၀၀ ကျော်သည် ကျောင်းတက်နိုင်ရန် အခက်အခဲဖြစ်နေသည်ဟု စစ်ဘေးရှောင်အရေး ကူညီနေသူတို့ထံမှ သိရသည်။

စစ်မျက်နှာပြင်ဖြစ်ခဲ့သည့် ဂျိုင်းမြစ်ဝှမ်းအနီး ရမ္မဝတီလမ်းတလျှောက် ကော့သပ်၊ ကော့ဇွယ်၊ ကော့ဘိန်းနှင့် ကော့ပေါက် ဒေသအပါအဝင် ရွာပေါင်း ၁၀ ရွာကျော်ရှိ ဒေသခံများသည် လပိုင်းကြာသည်အထိ စစ်ဘေးရှောင်နေကြရသည်။

အဆိုပါဒေသရှိ ကျောင်းသားလူငယ်တို့ ကျောင်းတက်နိုင်ရန် သက်ဆိုင်သည့် မွန်လူမှုအဖွဲ့အစည်း၊ ကုမ္ပဏီ၊ ပုဂ္ဂလိကကျောင်း တာဝန်ရှိသူတို့နှင့် ညှိနှိုင်းလျှက်ရှိသော်လည်း အဆင်မပြေသေးကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးက ဆိုသည်။

“ကျောင်းက မကြာခင် ဖွင့်တော့မယ်။ ဂျိုင်းမြစ်ဒေသတလျှောက်က ကျောင်းနေကလေးတွေ ဘယ်မှာ ကျောင်းတက်ရမလဲဆိုတာ အခုထိမသေချာသေးဘူး၊ အစိုးရဘက် (စစ်ကောင်စီ) ကတော့ ရွာပြန်ဖို့ တိုက်တွန်း နေပေမဲ့ ကျနော်တို့လောလောဆယ် ရွာပြန်ဖို့က မဖြစ်နိုင်သေးဘူး၊ အဲကြောင့်ကလေးတွေ ကျောင်းတက်နိုင်ဖို့က ဒီလူမှုအဖွဲ့အစည်းတွေကြား၊ ကုမ္ပဏီတွေ ပုဂ္ဂလိကကျောင်းတွေကြား လိုက်ညှိနေတယ်ပေါ့” ဟု စစ်ဘေးရှောင် ကူညီနေသူက ပြောသည်။

ဆက်လက်ပြီး “ ဒါပေမဲ့ ကျောင်းသားတွေများတော့ သိပ်အဆင်ပြေကြီးတော့ မဟုတ်ဘူး။ ကျနော်တို့ စစ်ဘေးရှောင်ကလေးတွေ ကျောင်းတက်နိုင်ဖို့ကိစ္စက အရမ်းကြီးမားတဲ့ ပြဿနာပါ” ဟု ၎င်းက ဆိုသည်။

ဂျိုင်းမြစ်ဒေသ ရမ္မဝတီလမ်းတလျှောက်က ကျေးရွာပေါင်း ၁၀ ရွာကျော်ရှိ မူကြို၊ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းတို့တွင် ကျောင်းသားကျောင်းသူပေါင်း ၅၀၀၀ ကျော်ရှိကြောင်း သိရသည်။

စစ်ကောင်စီက လာမည့် ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်တွင် အဆိုပါဒေသရှိ စာသင်ကျောင်းအားလုံး မဖြစ်ဖြစ်သည့်နည်းဖြင့် ကျောင်းပြန်လည်ဖွင့်မည် ဆိုသော်လည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေရခြင်းကြောင့် ယခုနှစ် ကျောင်းသားလူငယ်တို့ ပညာသင်ယူနိုင်မည့်အခွင့်အလမ်း နည်းပါးမည်ဟု ကျောင်းသားမိဘတစ်ဦးက ဆိုသည်။

“ငွေတတ်နိုင်တဲ့မိဘတွေက ပညာသင်ဖို့ လုံခြုံတဲ့နေရာ (မြို့ပေါ်) ကို ထားကြတယ်။ တချို့ မတတ်နိုင်တဲ့ မိဘတွေကြတော့ ကလေးတွေကို ထိုင်းပို့လိုက်တာတို့ အဲလိုရှိနေတယ်။ ဒီနှစ်က ကလေးအတွက် ပညာရေးများစွာ ထိခိုက်နိုင်တယ်လို့ ကျွန်မမြင်တယ်” ဟု အဆိုပါကျောင်းသားမိဘက ဆိုသည်။

လက်ရှိတွင် ကျေးရွာအတွင်း၌ ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရန် စစ်ကောင်စီ မွန်ပြည်နယ်ဝန်ကြီးအဖွဲ့မှ နေရပ်ပြန်ရန် တိုက်တွန်းလျှက်ရှိသော်လည်း လုံခြုံရေးအခြေအနေ အရပ်ရပ်ကြောင့် ဒေသခံတို့ မပြန်နိုင် သေးကြပေ။

အဆိုပါဒေသရှိ ကျောင်းသားလူငယ်များသည် စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် ပစ်ခတ်မီးရှို့မှုများကြောင့် ပြီးခဲ့သည့် မတ်လ ၂၄၊ ၂၅ ရက်နေ့မှ စပြီး ၎င်းတို့ မိဘအုပ်ထိန်းသူများနှင့်အတူ ချောင်းဆုံ၊ မော်လမြိုင်မြို့ပေါ်၊ ကော့ကရိတ်နှင့် ဘားအံဘက်သို့ ပြောင်းရွေ့နေထိုင် ခဲ့ရသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်တွင် နိုင်ငံတဝှမ်း ကျောင်းသားပေါင်း ၇ သန်းနှင့် ကျောင်းတက်နှုန်း ပြန်လည်မြင့်တက်လာခဲ့သော်လည်း လာမည့်စာသင်နှစ်တွင် ကျောင်းတက်နှုန်း ပြန်လည်လျော့ကျနိုင်မည်ဟုလည်း ရာမညအင်စတီကျူ နိုင်ငံရေးသုတေသနဌာန၏ အစီရင်ခံစာတွင် သုံးသပ်ထားပါသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here