မိုးမောက်မြို့အပါ မြို့နယ် ၃ ခုရှိ ဗျူဟာမြောက်စစ်ကောင်စီတပ်စခန်းအားလုံးကို KIA တိုက်ခိုက်နေ

0
23
ပုံစာ - ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသော KIA တပ်သားတစ်ဦး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ထဲက မိုးမောက်မြို့အပါ မြို့နယ် ၃ ခုရှိ စစ်ကောင်စီတပ်၏ ဗျူဟာမြောက် တပ်စခန်းနေရာများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်များက တပြိုင်နက် ဝင်ရောက်တိုက်ခိုက်နေတာကြောင့် တပ်စခန်း ၁၀ နေရာခန့်တွင် တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။

KIA ပူးပေါင်းတပ်များက မေလ ၇ ရက်နေ့ မနက်ပိုင်းက စတင်ပြီး ဗန်းမော်မြို့နယ် ဒုတိယမြစ်ကျဉ်းနားရှိ စင်းခန်းရွာ၊ မိုးမောက်မြို့တွင်းတပ်နှင့် မံစီမြို့တဝိုက်ရှိ စစ်ကောင်စီတပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်သည်။

ထိုသို့မြို့နယ် ၃ နေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မေလ ၇ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်အထိ ဗန်းမော်မြို့နယ် ဧရာဝတီမြစ်ကမ်း ဒုတိယမြစ်ကျဉ်းနားရှိ စင်းခန်းရွာကို KIA က သိမ်းပိုက်လိုက်နိုင်ပြီး ကျန်ရှိသည့်နေရာများတွင်လည်း တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သည်ဟု KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောပါသည်။

“မိုးမောက်နဲ့ မံစီက တိုက်ပွဲပြင်းထန်နေတုန်းပဲ။ မိုးမောက်မှာဆိုရင် မြို့တွင်းထဲမှာကို တိုက်ပွဲဖြစ်ပွားနေတာ။ စင်းခန်းက ရွာတစ်ခုလုံးကို သိမ်းထားပြီ။ တံတား ဟိုဘက်ခြမ်းဒီဘက်ခြမ်း စစ်တပ်စခန်းအားလုံးကို သိမ်းထားပြီ။ အခုက ရွာအပြင်မှာရှိတဲ့ တာဝါတိုင်စခန်းအနည်းငယ်ကျန်သေးတယ်” ဟု ၎င်းက ပြောသည်။

စင်းခန်းရွာထဲ၌ အထိုင်ချထားသည့် ရဲစခန်းအပါအဝင် တပ်စခန်းနေရာများကို KIA က သိမ်းပိုက်ထားနိုင်ပြီး ရွာအပြင် တာဝါတိုင်တပ်စခန်းနေရာကို အပြီးသတ်ရှင်းလင်းရန် တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်သည်ဟု ဆိုသည်။

မိုးမောက်မြို့ရှိ စစ်ကောင်စီတပ်သား အားလုံးနီးပါး မြို့တွင်းရပ်ကွက်တွေထဲ နေရာယူပုန်းရှောင်သွားသည့်အတွက် မြို့တွင်းမှာပင် ၂ ဖက်တပ် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားနေကြောင်း KIA ရှေ့တန်းသတင်းအရင်းအမြစ်၏ ပြောဆိုချက်အရ သိရသည်။

KIA ပူးပေါင်းတပ်များက မိုးမောက်မြို့တွင်းတပ်ဖြစ်သော ခမရ ၄၃၇ တပ်ရင်းကို အပြီးသတ် သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး စစ်တပ်နေရာနှင့် မြို့တွင်း ၂ နေရာတွင် တိုက်ပွဲဖြစ်ပွားနေသည်ဟု ဆိုပါသည်။

မြို့တွင်းတိုက်ပွဲဖြစ်ပွားနေသော နေရာဘက်ကို မေလ ၇ ရက်နေ့ မနက် ၈ နာရီလောက်တွင် စစ်ကောင်စီ တပ်ဘက်က ဂျက်လေယာဉ်တစ်စီးနှင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြို့တွင်းထိခိုက် ပျက်စီးမှုများရှိသလို ဒေသခံများလည်း ကိုယ်လွတ်ထွက်ပြေးနေကြဆဲဖြစ်သည်ဟု မိုးမောက်ဒေသခံတစ်ဦးက အခုလိုပြောသည်။

“တိုက်ပွဲက ဒီကမနက် ၆ နာရီလောက်က ဖြစ်ပြီ။ ပြည်သူတချို့က ထွက်ကြပြီလို့ ပြောတယ်။ တချို့က မြို့ထဲမှာ ကျန်နေသေးတယ်လို့လည်း ကြားတယ်။ အားလုံးက တကွဲတပြား ဖြစ်ကုန်ပြီ။ စစ်သားတွေအကုန်လုံးက မြို့ထဲကို ဝင်ပြေးသွားပြီ ဖြစ်တဲ့အတွက် မြို့ထဲမှာလည်း တိုက်ပွဲတွေဖြစ်နေပြီ” ဟု ၎င်းက ပြောပါသည်။

မံစီမြို့တွင်လည်း မေလ ၇ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်အထိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ခြင်း မရှိသေးဘဲ မံစီ ခမရ ၆၀၁ တပ်ရင်းအနောက်ရှိ ကာကင်းတပ်စခန်းကြီးနေရာတွင်၂ ဖက်တပ် အပြန်အလှန် တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်ဟု မံစီဒေသခံများက ပြောဆိုသည်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေသော မြို့နယ် ၃ နေရာ၌ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် ထိခိုက်သေဆုံးမှု အခြေအနေများကို သိရှိဖို့ရန် ခက်ခဲနေဆဲဖြစ်သည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here