“ယခုမျက်မှောက် မြေပြင်ပကတိအခြေအနေအရ အခြား အခြားသောတိုင်းရင်းသား ဒေသလိုမျိုး မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲဖို့ အခြေအနေမပေးသေးဘူးလို့ပဲ ရိုးရိုးသားသား ဝန်ခံရမှာပါ။ သို့သော်ငြား ဒီလိုအခြေအနေမျိုး ရောက်လာအောင် မွန်ပြည်နယ်မှာ လှုပ်ရှားနေတဲ့ မွန်လက်နက်ကိုင်များအားလုံး ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်” MSDF တပ်မှူးဒေါက်တာသီရိမွန်ချမ်း

0
39
ပုံစာ - မွန်ပြည်ကာကွယ်ရေးတပ်/MSDF တပ်မှူးဒေါက်တာသီရိမွန်ချမ်း

မွန်ဒေသမှာ မြို့သိမ်းစခန်းသိမ်းတိုက်ပွဲများ ဖြစ်လာနိုင်မလား၊ မွန်တော်လှန်ရေးအင်အားစုများ ပူးပေါင်း ဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်ပြီး မွန်ပြည်ကာကွယ်ရေးတပ် MSDF တပ်မှူးဒေါက်တာသီရိမွန်ချမ်း ဆက်သွယ်မေးမြန်းချက်။

စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် ပြည်တွင်းစစ်မီးဟာ မွန်ဒေသတွေအထိ စစ်မျက်နှာကျယ်ပြန့်လာ ပြီး မွန်တော်လှန်ရေးတပ်ဖွဲ့များကလည်း စစ်အာဏာရှင်ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်ရန် တပ်များအကြား ပူးပေါင်းမှုများ ရှိလာခဲ့သည်။ ထိုထဲတွင် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF နှင့် မွန်ပြည်တော်လှန်ရေးတပ် MSRF တို့ကလည်း ပြီးခဲ့သည့် ဧပြီ ၇ ရက်နေ့က ပူးပေါင်းခဲ့ကြသည်။

ယင်းအပြင် မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMS-AD ကလည်း မွန်လက်နက်ကိုင်တပ်၊ မွန်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လိုသည်ဟု မြန်မာနှစ်ဆန်းတစ်ရက်နေ့က ဖိတ်ခေါ် ကမ်းလှမ်းထားပါသည်။

ထိုကြောင့် အာဏာသိမ်းကာလ ၃ နှစ်အတွင်း မွန်နိုင်ငံရေး၊ တော်လှန်ရေးရေချိန် ဘယ်လောက်အထိ ပြောင်းလဲ ခဲ့ပြီလဲ။ မွန်ဒေသမှာ မြို့သိမ်းစခန်းသိမ်းတိုက်ပွဲများ ဖြစ်လာနိုင်မလား၊ မွန်တော်လှန်ရေးအင်အားစုများ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်ပြီး မွန်ပြည်ကာကွယ်ရေးတပ် MSDF တပ်မှူး ဒေါက်တာသီရိ မွန်ချမ်းကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အရင်ဆုံးအနေနဲ့ မွန်နိုင်ငံရေး၊ တော်လှန်ရေးရေချိန်က လွန်ခဲ့တဲ့ ၃ နှစ်နဲ့ နှိုင်းယှဉ်ကြည့်ရင် ဘယ်လောက် အတိုင်းအတာအထိ ဖြစ်ပေါ်ပြောင်းလဲနေတာလဲ။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ လက်ရှိ မွန်နိုင်ငံရေး၊ တော်လှန်ရေးရေချိန်က လွန်ခဲ့တဲ့သုံးနှစ်နဲ့ နိူင်းယှဉ်ကြည့်ရင် အားရစရာ ကောင်းအောင် အများကြီးတိုးတက် ဖြစ်ပေါ်လာတယ်လို့ ပြောရမှာပါ။ လွန်ခဲ့တဲ့သုံးနှစ် စစ်ကောင်စီ အာဏာသိမ်း ကာစက မွန်ပြည်သူမွန်ပြည်သားအများစုက စစ်ကောင်စီ အာဏာသိမ်းမှုအပေါ် ကြည်လင်ပြတ်သားတဲ့ အမြင်တွေ မရှိခဲ့ဘူး။ ဒါက ဗမာနဲ့ ဗမာကြားဖြစ်တဲ့ နိုင်ငံရေးပြဿနာ။ NLD နဲ့ မင်းအောင်လှိုင် ဦးစီးတဲ့ ဗမာစစ်တပ်ကြားဖြစ်တဲ့ နိုင်ငံရေးအာဏာလုပွဲလို့ အချို့သော မွန်နိုင်ငံရေးသမား၊ မွန်ပညာရှင်များနဲ့ ဩဇာရှိတဲ့ မွန်ပုဂ္ဂိုလ်တချို့တွေရဲ့ ပြောဆိုမှုတွေကြောင့် မွန်ပြည်သူပြည်သားများရဲ့ နိုင်ငံရေး အမြင်လည်း ဝေဝါးသွား ခဲ့တယ်။ မွန်ပြည်သစ်ပါတီနဲ့ မွန်နိုင်ငံရေးပါတီ MUP တို့က စစ်ကောင်စီကို အခြားခြားသော ပြည်နယ်နဲ့ တိုင်း များလို လက်နက်ကိုင်ဆန့်ကျင်ရေး တော်လှန်ရေး မပြုလုပ်ဘဲ မွန်တွေက အပစ်ခတ်ရပ်စဲရေး ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ထိန်းထားနိုင်ရင် မွန်ပြည်က ငြိမ်းချမ်းနေပြီ။ မွန်ပြည်သူပြည်သားများကလည်း စစ်ရဲ့အနိဌာရုံ တွေဖြစ်တဲ့ စစ်ဘေးစစ်ဒဏ်တွေကို ခံရမှာမဟုတ်ဘူးလို့ ယုံကြည်လာခဲ့တယ်။

ထို့အတွက်ကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ရေးဖြင့် တော်လှန် တိုက်ခိုက်ဖို့ ဖွဲ့စည်းလာခဲ့တဲ့ မိမိတို့မွန်ပြည်ကာကွယ်ရေးတပ် MSDF လိုမျိုးနဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF တွေကို မွန်ပြည်သူပြည်သားများရဲ့ ထောက်ခံမှု အပြည့်အ၀မရရှိခဲ့ဘူး။ သို့သော် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်း လောက်က မွန်ပြည်သစ်ပါတီမှ စစ်ကောင်စီနဲ့ အပစ်ခတ်ရပ်စဲရေးကို ထိန်းသိမ်းထားတဲ့ကြားက မွန်ကျေးရွာတွေ ဖြစ်တဲ့ ကမ်းနီးတပ်မှာ စစ်ဘေးစစ်ဒဏ်ကို စတင်ခံစားလာကြရတယ်။ နောက်ပိုင်းမှာကျတော့ မွန်ပြည်နယ်တဝှမ်း ကျိုက်မရော၊ သံဖြူဇရပ်၊ ရေးမြို့နယ်တွေမှာလည်း စစ်ဘေးစစ်ဒဏ်ကို ခံစားလာရကြတယ်။ အခုတလော ဂျိုင်းမြစ်ဝှမ်းတွေ တလျှောက်မှာ တည်ရှိနေတဲ့ မွန်ကျေးရွာတွေကို စစ်ကောင်စီတပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ ကြောင့် ထိခိုက်ပျက်စီးခဲ့ရတယ်။ ဒါကြောင့်မို့ ယခုအချိန်မှာ ရဟန်းရှင်လူ မွန်ပြည်သူမွန်ပြည်သားတွေအများစုက မွန်ပြည်သူကို ဒုက္ခမျိုးစုံပေးနေတဲ့ စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းနိုင်မှသာ မွန်ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီအရေးနဲ့ အမျိုးသားလွတ်မြောက်ရေးတွေကို ရရှိနိုင်လိမ့်မယ်လို့ ယုံကြည်လက်ခံလာကြတယ်။

မေး။ ။ တဘက်မှာ ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း NMSP-AD ကလည်း သူတို့နဲ့ပူးပေါင်းဖို့ မွန်တပ်တွေကို ဖိတ်ခေါ်ထားတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ ဝါရင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ မွန်ပြည်သစ်ပါတီ- AD ကလည်း တူညီတဲ့ လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ပြီး မတူကွဲပြားမှုကို ချန်လှပ်ကာ မွန်ပြည်နယ်ရှိ အခြားခြားသော မွန်တော်လှန်ရေး လက်နက်ကိုင်တပ်တွေနဲ့ မွန်နိုင်ငံရေးအဖွဲ့အစည်းတွေကို နိုင်ငံရေး၊စစ်ရေးပူးပေါင်း ဆောင်ရွက်ပြီး ပူးပေါင်းလုပ်ကြဖို့ ဖိတ်ခေါ်လာပါတယ်။ ဘုံရန်သူ စကစကို အမြစ်ပြတ် တိုက်ခိုက်ချေမှုန်းနိုင်ဖို့က မွန်ပြည်တခွင်မှာ လှုပ်ရှားနေကြတဲ့ မွန်တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေ မွန်နိုင်ငံရေးအဖွဲ့ အစည်းတွေ ကျစ်လျစ်ခိုင်မာတဲ့ နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်မှု မဖြစ်မနေ ပြုလုပ်ဖို့ လိုပါတယ်။ ကျစ်လျစ်ခိုင်မာတဲ့ စစ်ရေး၊ မဟာမိတ် Military Alliance တစ်ခုအဖြင့် Join Commander အနေဖြင့် ပူးပေါင်း ဆောင်ရွက်မှုတွေ အများကြီး ပြုလုပ်နေပါတယ်။ ဒီဖိတ်ခေါ်မှုဟာ အပြုသဘောဆောင်တဲ့ လက်တွေ့ကျတဲ့ ဖိတ်ခေါ်မှုတရပ်လို့ မိမိတို့သုံးသပ်မိပါတယ်။

မေး။ ။ နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ MSFC ၊ MSRF၊ MSDF တို့ကလည်း ပူးပေါင်းထားတယ်ဆိုတော့ ဒီအခင်းအကျင်းကရော စစ်အာဏာရှင် ဖြုတ်ချရေးနဲ့ မွန်ဒေသ နယ်မြေစိုးမိုးရေး၊ အုပ်ချုပ်ရေးအတွက် ဘယ်လောက်ထိ အထောက်အပံ့ဖြစ်စေနိုင်မလဲ။

ဖြေ။ ။ နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ MSFC၊ MSRF၊ MSDF တို့ရဲ့ နိုင်ငံရေး စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေက စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ်အမျိုးမျိုး အမြစ်ပြတ်ချေမှုန်းရေးနဲ့ မွန်ဒေသ နယ်မြေစိုးမိုးရေး အုပ်ချုပ်ရေးအတွက် အများကြီး အထောက်အကူ ဖြစ်စေနိုင်တာပါ။ လက်နက်ကိုင် တော်လှန်ရေးတရပ် အောင်မြင်ဖို့ တိုက်ပွဲဝင်နေကြတဲ့ လက်နက်ကိုင်တပ်တွေကြားမှာ ဟန်ချက်ညီညီ စစ်ရေး လှုပ်ရှားမှုတွေ၊ ဗျုဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ဖို့လိုတယ်။

ဒါကြောင့်မို့ အစကနဦး နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်မှုမှ မွန်ဒေသတစ်ခုလုံးမှာ လှုပ်ရှားနေတဲ့ ကျန်ရှိနေတဲ့ အခြားသော မွန်တော်လှန်ရေး တပ်တွေဖြစ်တဲ့ မွန်ပြည်သစ်ပါတီ-AD ,Mon Liberation Army တို့နဲ့ မွန်ပြည်လွတ်မြောက်ရေး ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်ပေါ်စေနိုင်မှာပါ။ တစ်နိုင်ငံလုံးအနှံ့ ဖြစ်ပေါ်တိုးတက်နေတဲ့ နိုင်ငံရေး၊ စစ်ရေး အခင်းအကျင်းကို မွန်ပြည်နယ်မှာရှိတဲ့ တော်လှန်ရေးလက်နက်ကိုင် တပ်တွေ ဖြစ်ကြတဲ့ MSDF ၊MSFC ၊ MSRF တို့ရဲ့ ကနဦးပူးပေါင်းဆောင်ရွက်မှုမှသည် ကျန်ရှိနေတဲ့ အခြားသော မွန်တော်လှန်ရေး လက်နက်ကိုင်တပ်တွေ ဖြစ်ကြတဲ့ NMSP-AD , Rehmonnya Defense Force တို့နဲ့ ဗျူဟာ မြောက် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်လာနိုင်ခဲ့ရင် စစ်အာဏာရှင်ပြုတ်ကျရေးနဲ့ မွန်ဒေသနယ်မြေစိုးမိုးရေး အုပ်ချုပ်ရေးအတွက် အများကြီး အထောက်အကူ ဖြစ်လာနိုင်မှာပါ။

မေး။ ။ နောက်တချက်က တကယ်လို့များ (MSFC ၊ MSRF၊ MSDF) ဒီသုံးဖွဲ့နဲ့ NMSP-AD တို့ တပေါင်းတစည်း တည်း ဖြစ်သွားကြမယ်ဆိုရင် ဒီပေါင်းစည်းမှုအားကနေ မွန်အမျိုးသားလွတ်မြောက်ရေးအတွက် ဘယ်လောက်ထိ တွန်းအားပေးနိုင်မလဲ။ သက်ရောက်နိုင်မလဲ။

ဖြေ။ ။ အထက်မှာ ပြောခဲ့သလိုပဲ MSFC၊ MSRF ၊ MSDF သုံးဖွဲနဲ့ မွန်ပြည်သစ်ပါတီ- AD ကြား ကျစ်လျစ်ခိုင်မာတဲ့ ဗျူဟာမြောက် ပူးပေါင်းဆောက်ရွက်မှု ဖြစ်လာခဲ့ရင် မွန်အမျိုးသားလွတ်မြောက်ရေးအတွက် အများကြီး တွန်းအားပေးနိုင်တယ်။ မွန်အမျိုးသားလွတ်မြောက်ရေးလို့ပဲ ခေါ်ခေါ်၊ မွန်တစ်မျိုးသားလုံး အတိုင်းအတာနဲ့ အမျိုးသားမဟာဗျူဟာ ရှိရမယ်။ ဒီမဟာဗျူဟာအောက်မှာ စစ်ရေးနဲ့သက်ဆိုင်တဲ့ အမျိုးသား ကာကွယ်ရေးမဟာဗျူဟာ ဆိုတာလည်း ရှိရမယ်။ မြန်မာပြည် လွတ်မြောက်ရေးတိုက်ပွဲမှာ ဖက်ဆစ် ဆန့်ကျင်ရေးနဲ့ ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ချုပ်လို မွန်တစ်မျိုးသားလုံး အတိုင်းအတာဖေါ်ဆောင်တဲ့ ကိုယ်စားပြုတဲ့ မွန်အဖွဲ့ချုပ်တစ်ခုခုအောက်မှာ အမျိူးသားမဟာဗျူဟာ ချမှတ်ပြီး စစ်ရေးနဲ့သက်ဆိုင်တဲ့ အမျိုးသားကာကွယ်ရေး မဟာဗျူဟာတွေကို ဗျူဟာမြောက် ပူးပေါင်းဖွဲ့စည်းထားတဲ့ MSDF ၊ MSFC ၊ MSRF နဲ့ မွန်ပြည်သစ်ပါတီ-AD တို့က လက်တွေ့ အကောင်အထည်ဖော်နိုင်ရင် မွန်အမျိုးသား လွတ်မြောက်ရေးအတွက် အများကြီး တွန်းအားဖြစ်လာမယ်။ အများကြီးလည်း သက်ရောက်မှု ရှိလာနိုင်မှာပါ။

မေး။ ။ မွန်ဒေသမှာလည်း အခြားရခိုင်တို့၊ ချင်းတို့၊ ကရင်နီတို့ ရှမ်းမြောက်တို့လိုမျိုး လွတ်မြောက်နယ်မြေ ဖြစ်ဖို့ရဖို့က မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်မှ ရနိုင်တာဖြစ်လို့ ဒီအခြေအနေကရော ဘယ်လောက်ထိ ဖြစ်နိုင်ခြေရှိမလဲ။

ဖြေ။ ။ ယခုမျက်မှောက် မြေပြင်ပကတိအခြေအနေအရ အခြား အခြားသောတိုင်းရင်းသား ဒေသလိုမျိုး မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲဖို့ အခြေအနေမပေးသေးဘူးလို့ပဲ ရိုးရိုးသားသား ဝန်ခံရမှာပါ။ သို့သော်ငြား ဒီလိုအခြေအနေမျိုး ရောက်လာအောင် မွန်ပြည်နယ်မှာ လှုပ်ရှားနေတဲ့ မွန်လက်နက်ကိုင်များ အားလုံး ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်။ ထိုမှတဆင့် အခြားပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ၊ PDF တွေနဲ့ မွန်ပြည်နယ်နဲ့ ထိစပ်နေတဲ့ဒေသတွေမှာ နယ်နမိတ်မှာလှုပ်ရှားနေတဲ့ တိုင်းရင်းသား မဟာမိတ်တပ်ဖွဲ့တွေနဲ့ ကျစ်လျစ်ခိုင်မာတဲ့ တပ်ပေါင်းစုတစ်ခု စုဖွဲ့စည်းနိုင်ရင် မြို့သိမ်းစခန်းသိမ်း တိုက်ပွဲတွေ ဆင်နွှဲလာနိုင်မှာပါ။

မေး။ ။ နောက်ဆုံးတစ်ခုအနေနဲ့ မွန်တွေအမြဲပြောလေ့ရှိတဲ့ မွန်ပြည်ထူထောင်ဖို့ မွန်ပြည်အရယူဖို့က စစ်အာဏာရှင်စနစ် ပြုတ်ကျနိုင်မှ အရယူနိုင်တာမို့ မွန်အရပ်သားပြည်သူတွေကရော ဒီအပေါ် ဘယ်လောက်အထိ စိတ်ပါဝင်စားမှုရှိနေကြလဲ။

ဖြေ။ ။ နောက်ဆုံးအနေနဲ့ မွန်တို့ရဲ့ကံကြမ္မာတွေကို မွန်တွေကိုယ်တိုင် အပြည့်အဝဖန်တီးနိုင်ဖို့ မွန်ပြည် ထူထောင်ဖို့ အဓိကအနှောင့်အယှက်ပေးနေတဲ့ စစ်အာဏာရှင်စနစ်ဆိုတာကို မွန်ပြည်သူပြည်သားများက ပီပီပြင်ပြင် မြင်လာခဲ့ကြပါပြီ။ အထက်မှာပြောခဲ့သလိုပဲ နွေဦးတော်လှန်ရေး စတင်တဲ့အချိန်က ၂၀၂၁ ခုနှစ်မှာ စစ်အာဏာရှင်တွေကို အမြစ်ဖြတ်ချေမှုန်း တော်လှန်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကို သိပ်အားမပေး ကြဘူး။ သို့သော် အခုအချိန်မှာ မွန်ပြည်နယ်နဲ့ ဆက်စပ်ဒေသတွေမှာ အထူးသဖြင့် ဂျိုင်းမြစ်ဝှမ်းဒေသတွေမှာ ဖြစ်ပေါ်တိုးတက်နေတဲ့ စစ်ရေးအခြေအနေကြောင့် ရဟန်းရှင်လူ မွန်ပြည်သူပြည်သားများကလည်း လက်နက်ကိုင်တော်လှန်ရေးကို အားပေးလာကြတယ်။ ဒါကြောင့် မွန်ပြည်သူပြည်သားများရဲ့ လက်နက်ကိုင် တော်လှန်ရေးကို စိတ်ဝင်စားမှု အားပေးထောက်ပံ့မှုတွေကို အမျိုးသားမဟာဗျူဟာကျကျ၊ အမျိုးသား ကာကွယ်ရေးမဟာဗျူဟာကျကျ နိုင်ငံရေးစစ်ရေးနဲ့ လူထုပါဝင်ပူးပေါင်းလှုပ်ရှားမှုတွေကို ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ပါက မိမိတို့မျှော်မှန်းထားတဲ့ စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ်အမျိုးမျိုး အမြစ်ပြတ်ချေမှုန်းရေးနဲ့ မွန်ပြည် ပြန်လည်ထူထောင်ရေးပန်းတိုင်ကို လက်လှမ်းနိုင်မှာဖြစ်ပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here