“အဓိကလမ်းပန်ဆက်သွယ်ရေး မကောင်းဘူးပေါ့နော်။ အဖွဲ့ပေါင်းစုံကနေပြီး နည်းပေါင်းစုံနဲ့ စစ်ဆေးတာပေါ့။ စစ်ဆေးတဲ့ လူအားလုံးရဲ့ပြောစကားကတော့ ပြည်သူ့လူထုရဲ့ လုံခြုံရေးအတွက်ပါပဲ။ ပြည်သူတွေက ကြားကနေ ဟိုလူလည် ကြောက်ရ၊ ဒီလူလည်းကြောက်ရ။ အဘက်ဘက်ကနေပြီးတော့ ကြောက်နေရတယ်” ရေးမြို့ အုပ်ချုပ်ရေးဝန်ထမ်းတစ်ဦး

0
41
ပုံစာ - စစ်ရေးပဋိပက္ခပြင်းထန်နေသော ရေးမြို့နယ်ရှိခရိုင်ထွေအုပ်ရုံး။

စစ်ရေးပဋိပက္ခပြင်းထန်နေသော ရေးမြို့နယ်တွင်အုပ်ချုပ်ရေးယန္တယားလည်ပတ်မှု၊ ဒေသတွင်းလူမှုစီးပွား အခြေအနေများနှင့်ပတ်သက်ပြီး ရေးမြို့အုပ်ချုပ်ရေးဝန်ထမ်းတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

မွန်ပြည်နယ်အတွင်း တော်လှန်ရေးအင်အားကောင်းသည့် မြို့နယ်များ၌ စစ်အုပ်ချုပ်ရေးယန္တယား မလည်ပတ်နိုင်တော့ကြောင်း ဒေသခံများမှ သိရှိရသည်။

တော်လှန်ရေးအင်အားကောင်းသည့် ရေး၊ ကျိုက်မရော၊ ဘီးလင်း၊ သထုံ၊ ကျိုက်ထို စသည့် မြို့နယ်များတွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရုံးများ တိုက်ခိုက်ခံရတာ၊ မီးရှို့ဖျက်ဆီးခံရတာအပြင် ဝန်ထမ်းများ ပစ်ခတ်ခံရသည့် ဖြစ်စဉ်များလည်း မကြာခဏ ဖြစ်ပွားနေသည်။

စစ်ရေးပဋိပက္ခ ပြင်းထန်နေသော ရေးမြို့နယ်တွင်လည်း အုပ်ချုပ်ရေး ယန္တယားလည်ပတ်မှု၊ ဒေသတွင်းလူမှုစီးပွား အခြေအနေများနှင့် ပတ်သက်ပြီး ရေးမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အုပ်ချုပ်ရေးဝန်ထမ်းတစ်ဦးနှင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ လက်ရှိ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တယား အခြေအနေက ဘယ်လိုရှိပါလဲ။

ဖြေ။ ။ အာဏာသိမ်းပြီးနောက်ပိုင်း အုပ်ချုပ်ရေးယန္တယားက အရင်လို အားကောင်းမောင်းသန် လည်ပတ်နေတာ မရှိဘူးပေါ့နော်။ အချို့အရာတွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးလောက်ပဲ အဆင်ပြေအောင်ပဲ လည်ပတ်နေတဲ့ သဘောရှိတယ်။ ကျန်တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးအပိုင်းမှာကြတော့ တော်တော်လေး ကို ပျက်ယွင်းသွားတဲ့သဘောရှိတယ်။

မေး။ ။ အုပ်ချုပ်ရေးယန္တယားက ဘယ်လောက်ထိပျက်ယွင်းသွားတယ်လို့မြင်လဲ။

ဖြေ။ ။ ရာခိုင်နှုန်းအားဖြင့် ပြောရမယ်ဆိုရင် ၇၀ ရာခိုင်နှုန်းအထိ ပျက်ယွင်းသွားတဲ့သဘောရှိတယ်။ နေ့ခင်း ကြောင်တောင်ကြီး မြို့၊ရွာထဲမှာ လူနေအိမ်တွေမိုးထားတဲ့ ခေါင်းမိုးသွပ်ပြားကို ခိုးတဲ့အဆင့်ထိ ရောက်သွားတယ်။ နောက်ပြီးတော့ ဆောက်လက်စ တိုက်အိမ်၊ လူမနေတဲ့ တိုက်အိမ်တွေကိုထုဖြိုပြီး အထဲကသံတွေရောင်းတဲ့ အဆင့်ထိပေါ့နော်၊ ဒါတော့ နယ်ဘက်မှာ ဖြစ်တာပေါ့။ မြို့ကြီးထဲမှာဆို မြို့လယ်ခေါင်မှာ လုယက်မှုဖြစ်တယ်။ လူသတ်မှု ဖြစ်တယ်။ နောက်ပြီး အွန်လိုင်းကနေ ခြိမ်းခြောက်တယ်၊ ငွေတောင်းတယ်၊ အမျိုးအမျိုး လုယက် ခြိမ်းခြောက်တာပေါ့နော်။ ပြည်သူတွေ လူမူဘဝ မလုံခြုံမှုတွေ စိုးရိမ်စိတ်တွေ မြင်နေရတယ်။ သူတို့ (စစ်ကောင်စီ) ကိုယ်တိုင်လည်း မလုံခြုံ၊ ပြည်သူဘက်လည်း မလုံခြုံ၊ အုပ်ချုပ်ရေးယန္တယားကလည်း ကောင်းကောင်းမွန်မွန် မလည်ပတ်နိုင် ဆိုးဆိုးဝါးဝါးကြီးကို ဖြစ်သွားတယ်လို့ ပြောလို့ရတယ်။

အရင်ကဆို လမ်းပြင်တာတို့ ရေမြောင်းဖော်တာတို့ စည်ပင်သာယာရေးကော်မတီ လမ်းပန်ဆက်သွယ်ရေး ဌာနကလည်း အရင်က အလုပ်လုပ်တယ်။ အခုက ဟန်ပြလောက်ပဲ ဖြစ်ကုန်ပြီ၊ လမ်းပျက်ရင်လည်း ပျက်တဲ့ အတိုင်းပေါ့နော်။ စည်ပင်ဆိုလည်း သိပ်မလှုပ်ရှားနိုင်တော့ဘူး။ အစစအရာရာ ယိုးယွင်းပျက်စီးသွားတယ်။ လက်ရှိ မွန်ပြည်နယ်တောင်းပိုင်းမှာ ဖြစ်နေတဲ့ အုပ်ချုပ်ရေးမှုးတောင်မှ ဖြေရှင်းပေးလို့ တချို့ကိစ္စတွေရဲ့အနောက်မှာ လုံခြုံရေးလိုက်မယ့် လူမရှိရင် အုပ်ချုပ်ရေးမှုးတွေလည်း မသွားရဲဘူး။ ညရေးညတာ ပြဿနာ ဖြစ်မယ်ဆိုရင် အုပ်ချုပ်ရေးမှုး ကိုယ်တိုင်ကလည်း လုံခြုံရေးမပေးနိုင်တဲ့အတွက် သူလည်းမသွားရဲမလာရဲဘူး။ တချို့ကိစ္စတွေက မာမာထန်ထန် ဖြေရှင်းပေးရတဲ့ အခါလည်းရှိတယ်။

ဒီကာလမှာက ကိုယ်က အမှန်တရားဘက်လိုက်ပြီး ဖြေရှင်းလည်း ရူံးသွားတဲ့ဘက်က တော်လှန်ရေးအဖွဲ့တွေကို မဟုတ်တာတွေ သတင်းပို့မယ်။ အဲဒီလိုလုပ်မယ်ဆို သူတို့ရဲ့ အသက်အိုးအိမစည်စိမ် စိုးရိမ်ရတာပေါ့။ တချို့ကိစ္စတွေက ဒီအတိုင်းပဲ လက်ပိုက်ကြည့်လိုက်တဲ့အခါလည်း ရှိတာပေါ့။ အဲဒီလိုမျိုးတွေ တော်တော်များများ ရှိတယ်။ မူးယစ်ဆေးဝါးလည်း များလာတယ်။ ပိုက်ဆံရှိတဲ့ အသိုင်းအဝိုင်းကဆို အကြောင်းမဟုတ်ဘူး။ တချို့ တနေ့လုပ်တနေ့စားတွေက မူးယစ်ဆေးစွဲသူတွေကခိုးတယ်၊ လမ်းမီးကလည်း ၁၁ နာရီလောက် ပျက်တယ် ဆိုတော့ လမ်းမီးကြိုးတွေ ခိုးတယ်။ နေအိမ်နဲ့ မီတာပုံးနဲ့ ဆက်သွယ်ထားတဲ့ ဆာဗစ်ကြိုးတွေ ခိုးတယ်။ အဲဒါတွေကိုရောင်းတယ်၊ သူခိုးလက်ခံလုပ်နေတဲ့ အဖွဲ့လည်း ရှိတယ်။ အဓိက တရားဥပဒေ ပျက်ယွင်းတာပေါ့။ ဒီအာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ – ၂၀၂၄ ခုနှစ်တွေမှာ အဆိုးဆုံး ပျက်ယွင်းမှုကာလလို့ ပြောလို့ရတယ်။

မေး။ ။ နောက်တော့ မုဒိမ်းမှု၊ လူသတ်မှုတို့ဖြစ်လာရင် ဘယ်လိုဖြေရှင်းပေးနေတာရှိလဲ။

ဖြေ။ ။ တရားစီရင်ရေးက အထိုက်အလျောက်ရှိပါတယ်။ သို့ပေမဲ့လည်း နိုင်ငံရေးမဟုတ်တဲ့ တခြားပုဒ်မနဲ့ ပတ်သက်ပြီး တရားရုံးက လွတ်လွတ်လပ်လပ်ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အနေအထားရှိတာပေါ့။ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ကိစ္စတွေလောက်ပဲ သူတို့အနေနဲ့ ဆုံးဖြတ်ဖို့ခက်ခဲတယ်ပေါ့နော်။ တချို့ကိစ္စတွေမှာလည်း ရဲတိုင်တာမလုပ်ဘဲနဲ့ ဒီအတိုင်းပဲ ကျေအေးလိုက်ကြတယ်။ ရဲစခန်းသွားလည်း အဆင်မပြေကြဘူး။ တရားရုံး သွားလည်း အဆင်မပြေဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသွားလည်း အဆင်မပြေနေတဲ့အတွက် အချို့က နစ်နာသူတွေကလည်း နစ်နာပေမဲ့လည်း ဒီအတိုင်းပဲကြိတ်မှိတ်ပြီး နေလိုက်တယ်၊ တချို့ဖြစ်စဉ်တွေရှိတာပေါ့။

မေး။ ။ အဲဒီလိုမျိုး တရားရုံးမသွားဘဲ ဘယ်လိုပုံစံနဲ့ ဖြေရှင်းလေ့ရှိကြလဲ။

ဖြေ။ ။ တချို့လည်း ကျေးရွာ၊ ရပ်ကွက်ထဲက နည်းနည်းပြောပြီးဆိုပြီး လူရိုသေကြည်ညိုသူပုဂ္ဂိုလ်တွေက ဖြေရှင်းညှိနှိုုင်းပေးတာတော့ ရှိတယ်။ တချို့ EAO (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့) တွေနဲ့ နီးတဲ့နယ်မြေတွေက သူတို့နဲ့ တိုင်ကြားတာရှိတယ်။ မြို့ပေါ်ဆိုရင်လည်း မြို့ပေါ်လောက်ကတော့ ရဲစခန်းမှာဖြေရှင်းတာတွေတော့ ရှိတာပေါ့။ လက်လှမ်းမမှီတဲ့ ရွာတွေမှာ ဖြစ်သလိုကြုံသလို ဖြေရှင်းပေးရတာလည်း ရှိတယ်။ အဲဒီလို ဖြေရှင်းရတဲ့ အခါကြတော့ အသိုင်းအဝိုင်းတောင့်ရင်တောင့်သလို အားသာချက်ရှိတယ်။ နည်းရင်းနည်းသလို အားနည်းချက် ရှိတာပေါ့။ တရားမျှတမှုဆိုတာ မဖြစ်လာဘူး။ အခုလက်တွေ့လည်း ဖြစ်နေတာပဲ။

တရားရုံးက ပုံမှန်ဖြေရှင်းပေး တာရှိတယ်၊ အမှုကြီးကြီးမားမားတို့ ဖြေရှင်းပေးတာပေါ့၊ လူသတ်မှုတို့ အဲဒီလို ဖမ်းဆီးခံရတာလည်း ရှိတာပေါ့နော်။ တုန့်ပြန်မှု နှေးကွေးတာပေါ့၊ သူတို့ရဲ့ လုံခြုံရေးအပိုင်းက အားစိုက်နေ ရတယ်။ ဘေးအိမ်မှာ သူခိုးကပ်နေတာဆိုရင် ဒီဘက်အိမ်က မပြောရဲမဆိုရဲဘူး။ သူခိုးက တခါတလေ လူကိုပြန်ဟစ်သွားတာလည်းရှိတယ်၊ ခင်ဗျာတို့ သတိထား သေသွားမယ်ဆိုပြီးတော့ ပြန်လည်ခြိမ်းခြောက်သွားတဲ့ အခါမျိုးလည်းရှိတယ်။ ဒါက မြို့ပေါ်နော်။ နယ်တွေဘက် မှာတော့ မသိဘူး။ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးက အဲဒီလောက်အထိ ပျက်ယွင်းနေတယ်။ ရဲစခန်းဆို လည်း ရေးမြို့မရဲစခန်းပဲ နည်းနည်းလည်းပတ်တာရှိတယ်၊ ကျန်တဲ့ရဲစခန်းတွေ တချို့ဖြုတ်သိမ်းတာတို့ ရှိတယ်။

မေး။ ။ ပညာရေးနှင့် ကျန်းမာရေးအခန်းကဏ္ဍက အရင်လိုလည်ပတ်နေဆဲပဲလား။

ဖြေ။ ။ ပညာရေးနှင့် ကျန်းမာရေးက ကောင်းကောင်းလည်ပတ်နိုင်တဲ့သဘောရှိတယ်။ သို့ပေမဲ့လည်း အရင်လို ပညာရေး၊ ကျန်းမာရေးမှာဆိုရင်လည်း ဆေးဝါးကို အခမဲ့ ၁၀၀ ရာခိုင်နှုန်းပေးတာတို့ လျှော့နည်းလာတယ်။ ဝန်ထမ်းအင်အားနည်းလာတဲ့အတွက် ဆရာ/ ဆရာမတွေ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့လူက ဒီတာဝန်တွေ ပိတယ်။ သူတို့မှာလည်း စားဝတ်နေရေးကိစ္စ အဘက်ဘက်က ဖြစ်လာတာပေါ့နော်၊ လုပ်သာလုပ်နေရတယ် အရင်လို စိတ်လုံခြုံမှုမရှိလည်း လုပ်နေရတာပေါ့။ ဝါသနာရော ဝမ်းစာအတွက်ရော ရုန်းကန်နေရတဲ့ သဘောရှိတယ်။ ဒါက ကျန်းမာရေးကဏ္ဍပေါ့။

ပညာရေးဆိုလည်း တချို့ဆို စေတနာအနစ်နာလုပ်တဲ့ ဆရာမတွေရှိသလို ဒီဟာမျိုးကို အခွင့်ကောင်းယူတယ်၊ အချို့ဆရာမတွေလည်း ရှိတယ်။ ဒီကာလမှာ ကျူရှင်လုတာတို့ ကလေးလုတာတို့ အဲဒီလိုပေါ့နော်၊ အာဏာပါဝါပြ တာ ဒီလိုမျိုးခေတ်မှာ နောက်ဆက်တွဲပါလာကြတယ်။ အရင်က ကျောင်းဆိုလည်း ကျောင်းအကျိုးတော်ဆောင်နဲ့ လုပ်လို့ရတယ်။ နောက်ပိုင်း အဲဒီလိုမျိုးမရှိတော့ဘူး၊ ကျောင်းကလည်း သူဟာနဲ့သူ ရုန်းကန်နေရ၊ နိုင်ငံတော်က ချပေးတဲ့ အတိုင်းအတာကလည်း သူတို့အတိုင်းအတာနဲ့ သူတို့ မချပေးနိုင်တာတွေရှိတာပေါ့နော် အဆင်မပြေ တော့ဘူး။

မေး။ ။ လက်ရှိ ရေးမြို့နယ်ရဲ့ စီးပွားရေးအခြေအနေကရော ဘယ်လိုရိုက်ခတ်မှုတွေရှိနေပါလဲ။

ဖြေ။ ။ ပြည်တွင်းစီပွားရေးဆိုရင် ရေးမြို့မှာ ခရီးသွားလုပ်ငန်း လုံးဝရပ်ဆိုင်းသွားတယ်။ ရေးဒေသ ထုတ်ကုန်တွေ ပို့ကုန်၊ သွင်းကုန်တွေလည်း အထိုက်လျောက် တော်တော်လေးကျဆင်းသွား တယ်။ နောက်ပြီး လူငယ်အင်းအား မရှိတော့ဘူး။ အကုန်လုံး နိုင်ငံခြားတိုင်းပြည်သွားတာနဲ့ အခြားတနေရာကို ရောက်သွားကြတာနဲ့ အချို့ကုမ္ပဏီကြီးတွေမှာဆိုရင် ရပ်ပစ်ရမယ့် အနေအထားရှိတယ်။ အခြေခံလုပ်သား မရှိဘူး။ လူငယ်အပိုင်း ပေါ့နော်။ အလုပ်လုပ်နိုင်တဲ့လူငယ်တွေ အသက် ၁၈ နှစ် ကနေ ၃၅ နှစ်ကြား ယောက်ကျားလေးဆို ပိုဆိုးတာပေါ့။ ဒီစစ်မှုထမ်းဥပဒေနဲ့ဆိုတော့ ကြောက်လန့်ပြီးသွားကြတယ်။ ၁၀၀ ရာခိုင်းနှုန်းမှာဆို ၃၀ ရာခိုင်းနှုန်းလောက်ပဲ (ကိုယ့်ရပ်ကိုယ့်ရွာမှာ) လူငယ်တွေ ကျန်ခဲ့တာပေါ့။ ထုတ်ကုန်၊ သွင်းကုန်တွေ စီးပွားရေးကဏ္ဍတွေ မောင်းနှင်းဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီ ၂၀၂၄ မှာ ပိုပြီး ရိုက်ခတ်လာတယ်။

မေး။ ။ တခြားဖြည့်စွက်ပြောပြချင်တဲ့အရာတွေရှိရင် ပြောပေးပါ။

ဖြေ။ ။ အဓိကလမ်းပန်ဆက်သွယ်ရေး မကောင်းဘူးပေါ့နော်။ အဖွဲ့ပေါင်းစုံကနေပြီး နည်းပေါင်းစုံနဲ့ စစ်ဆေးတာပေါ့။ စစ်ဆေးတဲ့ လူအားလုံးရဲ့ပြောစကားကတော့ ပြည်သူ့လူထုရဲ့ လုံခြုံရေးအတွက်ပါပဲ။ ပြည်သူတွေက ကြားကနေ ဟိုလူလည် ကြောက်ရ၊ ဒီလူလည်းကြောက်ရ။ အဘက်ဘက်ကနေပြီးတော့ ကြောက်နေရတယ်။ ခရီးသွားတာတောင်မှ မဝံ့မရဲဖြစ်သွားကြတယ်ပေါ့။ လုံခြုံရေး အားနည်းတာပေါ့။ လမ်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်တဲ့ ကြားကနေညှပ်မိနေမလား၊ တော်လှန်ရေးတပ်ဖွဲ့ကလည်း မလိုအပ်ပဲ ခရီးမသွားကြပါနဲ့လို့ လိုအပ်လို့ပဲ ခရီးသွားကြတာပေါ့။ လူဦးရေ ၁၀၀ မှာ ၃၊ ၄ ယောက်ပဲ ရှိတာပါ။

မလိုအပ်ပဲ ခရီးလျောက်သွား အပျော်လုပ်တာတွေ ကျန်တဲ့ဟာတွေ ဝမ်းစာရေး၊ တချို့က ခရီးသွားရင်းနဲ့ ပစ်ခံနေရလည်း ရှိတယ်။ လူနာတင် ယာဉ်လည်း ပစ်ခံရတယ်။ တော်လှန်ရေးပြောတော့ စစ်ကောင်စီ ပစ်တယ်။ စစ်ကောင်စီပြောတော့ တော်လှန်ရေး ပစ်တယ်။ ဘယ်သူက တရားမျှတလည်းတော့ မသိဘူး။ ပြည်သူ့တွေဘဝက ဘယ်သူ့ကို အားကိုးရမှန်းမသိ၊ ဘယ်သူ့ကို ယုံကြည်ရမှန်းမသိဘူး။ လုံးဝ အနာဂတ်ပျောက်နေတယ်။ လူငယ်၊ လူကြီး၊ လူလတ်တွေရော လုပ်ငန်းရှင်တွေရော အကုန်လုံး အနာဂတ်ပျောက်တယ်။ စစ်အာဏာရှင်ကို တော်လှန် ရင်းနဲ့ ပြည်သူ့ရဲ့ အခက်အခဲကို ဘယ်လိုဖြေရှင်းပေးလဲ။ ပြည်သူတွေ လိုချင်တာက အမြန်ဆုံး ငြိမ်းချမ်းရေး၊ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဖို့ လိုချင်တယ်။ ဘယ်သူမှ မလုံခြုံတော့တဲ့ အနေအထား ဖြစ်လာတယ်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here