“နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီကို အပြုတ်တိုက်ဖို့၊ ကျနော်တို့လိုချင်တဲ့ နိုင်ငံရေးစနစ် တည်ဆောက်ဖို့ လုပ်နေတာမှာ ပေါ်လစီတွေ ချထားပြီးသားဖြစ်တဲ့အတွက် လုပ်စရာတွေကို ကျနော်တို့နဲ့ ရည်မှန်းချက်၊ ဦးတည်ချက် တူညီတဲ့ အဖွဲ့အစည်းတွေနဲ့ ရှေ့ဆက်သွားဖို့ပဲရှိပါတယ်။ ဘာမှ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့မှာ တွေဝေစရာ၊ ပြည်သူတွေအနေနဲ့ တွေဝေစရာ ဘာမှမရှိဘူး” ဆလိုင်းထက်နီ – ချင်းအမျိုးသားတပ်ဦး/CNF ပြောရေးဆိုခွင့်ရှိသူ

0
61
ပုံစာ - ချင်းအမျိုးသားတပ်ဦး/CNF ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီ

လက်ရှိကာလ ချင်းပြည်နယ်၏ စစ်ရေးအခြေအနေ၊ စစ်ကောင်စီတပ်ဖွဲ့အနေအထား၊ ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့်ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး-CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနှင့် ဆက်သွယ် မေးမြန်းချက်။

မြန်မာ့နွေဦးတော်လှန်ရေး ၃ နှစ်ကျော်လာချိန်တွင် ချင်းတော်လှန်ရေးအင်အားစုများသည် ချင်းပြည်နယ်၏ နယ်မြေ အများစုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြပြီး စစ်ရေးအရအောင်မြင်မှု အတိုင်းအတာတစ်ခုအထိ ရှိလာပြီဟု သိရသည်။

နွေဦးတော်လှန်ရေး အစကနဦးပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့၏ အကြီးအကျယ်ထိုးစစ်တိုက်ခိုက်မှုကို ခံခဲ့ရသော ချင်းတောင်ဒေသတွင် ယခုအခါ စစ်ကောင်စီတပ်ဖွဲ့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ သိသိသာသာလျှော့နည်းလာပြီး တိုက်ပွဲဖြစ်ပွားမှုလည်း ယခင်ကထက် နည်းပါးလာသည်ကို တွေ့ရသည်။

လက်ရှိကာလ ချင်းပြည်နယ်၏ စစ်ရေးအခြေအနေ၊ စစ်ကောင်စီတပ်ဖွဲ့၏ အနေအထားများ၊ လတ်တလော ရင်ဆိုင်နေရသော စိန်ခေါ်မှုများ နှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီကို ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ အခုဆိုရင် တူမီးနဲ့စတင်ခဲ့တဲ့ တော်လှန်ရေးဟာ ၃ နှစ်ကျော်လာပါပြီ။ ချင်းပြည်တော်လှန်ရေး ရည်မှန်းချက်အနေနဲ့ ဘယ်လောက်အတိုင်းအတာထိ ရောက်နေပြီလို့ ပြောလို့ရပါလဲ။

ဖြေ။ ။ ၃ နှစ်တာ တော်လှန်ရေးတိုက်ပွဲမှာက ကျနော်တို့အောင်မြင်မှုနဲ့ပတ်သက်ရင် ချင်းပြည်နယ် ၉ မြို့နယ်က မြို့ပေါ်မှာပဲ စစ်ကောင်စီက တပ်ထိုင်နိုင်တဲ့အနေအထားပဲ ရှိတော့တယ်။ တခြားဒေသတွေ အားလုံးကတော့ ပြည်သူကနေ စိုးမိုးထားနိုင်ပြီ၊၊ ရာခိုင်နှုန်းနဲ့တွက်ကြတော့ ၁၀၀ မှာ ၇၅ ရာခိုင်နှုန်းတော့ ကျနော်တို့ရဲ့ထိန်းချုပ်စိုးမိုးမှု အောက်မှာရှိနေတယ်။ အဲဒီထဲမှာ ဒေသအုပ်ချုပ်ရေးတွေကို သူ့ဟာနဲ့သူ အဲသလိုမျိုး ဖော်ဆောင်နိုင်တဲ့အဆင့်ပေါ့။ ဒါပေမယ့် ကျနော်တို့လိုချင်တာက စစ်အာဏာရှင် အပြုတ်တိုက်ရေးဆိုတော့ အားလုံးတစ်စုံလုံးကို ထိန်းချုပ်နိုင်ဖို့က ကျနော်တို့မှာ တာဝန်အများကြီးရှိနေသေးတယ်။ အဲဒီအတွက်ပြင်ဆင်မှုတွေကို အရင်ထက်တိုးမြှင့်ပြီးတော့ လုပ်ဆောင်နေတဲ့အဆင့်အထိ ရောက်နေပြီဖြစ်တယ်။

မေး။ ။ အခုလက်ရှိမှာ ချင်းတောင်မှာ မြေပြင်တိုက်ပွဲတွေ အရင်ထက် ငြိမ်နေတာတွေ့ရပါတယ်။ ဘယ်လိုကြောင့်ပါလဲ ခင်ဗျာ။

ဖြေ။ ။ စစ်ရေးဆိုတာ ကျနော်တို့မှာအဲသလိုမျိုး လုပ်ချင်သလိုလုပ်လို့ ရတာမျိုးမဟုတ်ပါဘူး။ ဒီထက် စစ်ရေးအားကောင်းဖို့ ပြင်ဆင်မှုတွေလုပ်ရတယ်။ ပြီးတော့ စစ်ကောင်စီရဲ့အနေအထားကိုလည်း ကြည့်ရတာပေါ့။ အဲဒါကြောင့် ငြိမ်တဲ့အချိန်ရှိသလို ထိုးစစ်ဆင်တဲ့အချိန်လည်း ရှိမှာပေါ့။ အဓိကက ချင်းတောင်တိုက်ပွဲတွေက ပြည်မကနေ အင်အားအလုံးအရင်းနဲ့ တက်လာချိန်မှာ တိုက်ပွဲကဖြစ်တာများတယ်။ အခုက အဲလိုပြည်မကနေ အင်အား အလုံးအရင်းနဲ့တက်လာတာ မရှိတော့ဘူး။ မြို့ပေါ်မှာပဲ အထိုင်အနေနဲ့ သူတို့နေတော့တယ်။ အဲဒါကြောင့် တိုက်ပွဲက ကျနော်တို့က မြို့သိမ်းတိုက်ပွဲအနေနဲ့ ထိုးစစ်လုပ်မှ စစ်ရေးက ပြန်ပြီးတော့ပြင်းထန်လာမယ့် အနေအထားပေါ့။ အဲဒါကြောင့် တိုက်ပွဲကိုငြိမ်နေတယ်လို့ အတတ်ပြောလို့မရဘူး။ အဲဒီအတွက် ကျနော်တို့ ပြင်ဆင်မှုတွေလုပ်နေတယ်။

မေး။ ။ ချင်းပြည်နယ်က စစ်ကောင်စီရဲ့အနေအထားက ဘယ်လိုရှိလဲပါခင်ဗျာ။ သူတို့ရဲ့ ထိန်းချုပ်ဧရိယာက ဘယ်လောက်ထိရှိသေးလဲ၊၊

ဖြေ။ ။ သူတို့မှာ ထိန်းချုပ်ဧရိယာက မြို့ပေါ်မှာပဲရှိတယ်လို့ ကျနော် ပြောထားတယ်နော်။ မြို့ပြင်ကို သူတို့မထွက်နိုင်တော့ဘူး။ ပြီးတော့ တစ်မြို့နဲ့တစ်မြို့၊ အချင်းချင်း အဲဒီလိုချိတ်ဆက်မှု၊ ဆက်သွယ်မှုက လုံးဝ မလုပ်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ မြို့ပေါ် သူတို့အထိုင်စခန်းမှာပဲ သူတို့ကရှိနေတော့တဲ အနေအထားပေါ့။

မေး။ ။ ချင်းပြည်နယ် ရိဒ်ခေါဒါရ်မြို့နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ ဇိုခွာသာရ်ရွာကို ဆက်သွယ်ထားတဲ့ ချစ်ကြည်ရေးတံတား အမှတ် (၂) ကို မေလကစပြီး အကန့်အသတ်မရှိ ပိတ်တော့မယ်လို့ သိရပါတယ်။ ဘယ်လို ရိုက်ခတ်မှုတွေ ရှိလာနိုင်ပါလဲ။

ဖြေ။ ။ အဲဒါက အိန္ဒိယဗဟိုအစိုးရက အဲဒီလိုမျိုးလုပ်လိုက်တယ်ဆိုရင် အင်မတန်မှ စဉ်းစားရမယ့် အနေအထား ဖြစ်ပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ နွေဦးတော်လှန်ရေးမှာ စစ်ဘေးရှောင်ပြည်သူတွေရဲ့ လူမှုရေးအခက်အခဲကို အိန္ဒိယဗဟိုအစိုးရက သော်လည်းကောင်၊ မိဇိုရမ်ပြည်နယ် အစိုးရကသော်လည်းကောင်း ဒါကိုပြန်ပြီးတော့ သုံးသပ်ဖို့တော့လိုပါတယ်။ အဲဒီမှာ နယ်စပ်ဒေသမှာရှိတဲ့ မီဇိုရမ်ပြည်သူတွေအနေနဲ့ အစိုးရက အဲဒီနယ်စပ်ကို ပိတ်တာကိုတော့ သူတို့က လုံးဝသဘောမတူဘူး။ အဲဒီလို အနေအထားမှာရှိတယ်။ နယ်စပ်ပိတ်မှုကိုလည်း တကယ် လုပ်သလား၊ မလုပ်ဘူးလားဆိုတာကိုတော့ ကျနော်တို့ သေချာတော့မသိသေးပေမယ့် အခုက အဲဒီဂိတ်တွေကို စပိတ်လာတဲ့ အနေအထားမှာ ရှိနေတယ်။

ဆိုတော့ အဲဒါကိုရှေ့ဆက်ပြီးတော့ တိုးမြှင်လာတယ်ဆိုရင် ကျနော်တို့ရဲ့ စစ်ဘေးရှောင်တွေ၊ မီဇိုရမ်ပြည်သူနဲ့ ချင်းပြည်သူတွေ အနေအထား၊ နယ်စပ်တလျှောက်မှာရှိနေတဲ့၊ ဂိတ်မှာရှိကြတဲ့၊ ကုန်သွယ်မှုလမ်းကြောင်းမှာ ရှိနေကြတဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေးကိုတော့ ပြန်ပြီး အိန္ဒိယအစိုးရ သော်လည်းကောင်း၊ သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့သော်လည်းကောင်း ပြန်ပြီးတော့ သုံးသပ်ဖို့လိုတယ်လို့ ပြောချင်ပါတယ်။ အဲဒါကို အိန္ဒိယအစိုးရကနေ တရားဝင် တကယ်အသက်သွင်းလာတယ်ဆိုရင် ကျနော်တို့ပြည်သူတွေ စားဝတ်နေရေး အနေအထား ၊ နှစ်ဖက်နိုင်ငံရဲ့ နယ်စပ်လမ်းကြောင်း၊ ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ ပြည်သူတွေရဲ့စားဝတ်နေရေး အနေအထားကတော့ အင်မတန်မှ ခက်ခဲသွားလိမ့်မယ်။ အဲဒီကိစ္စမှာ တကယ့်တကယ် အိန္ဒိယအစိုးရက ကိုင်တွယ်လာပြီးဆိုရင်တော့ သူတို့နဲ့အတတ်နိုင်ဆုံး ချဉ်းကပ်စကားပြောဖို့တော့ ဖြစ်လာပါလိမ့်မယ်။

မေး။ ။ ချင်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှုတွေ တိုးလာတာနဲ့ အိန္ဒိယဘက်ကို မူးယစ်ဆေးဝါးတွေ ကူးသန်းနေကြတဲ့ ရာဇဝတ်မှုတွေပေါ်မှာရော ဘယ်လိုအရေးယူမှုတွေ၊ ဖြေရှင်းမှုတွေ ဆောင်ရွက်သွားဖို့ရှိမလဲခင်ဗျာ။

ဖြေ။ ။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာတော့ CNF အနေနဲ့လည်း တောက်လျှောက်ကန့်ကွက်ပြီးတော့ လုပ်လာခဲ့တာဖြစ်တယ်။ ပြီးတော့ မီဇိုရမ်မှာအခြေစိုက်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့သော်လည်းကောင်း၊ ချိတ်ဆက်ဆောင်ရွက်မှုတွေ ရှိပါတယ်။ အခုလည်း မူးယစ်ဆေးဝါးဝင်လာမှုက အဲလိုတိုးလာရင် ကျနော်တို့အနေနဲ့ အတတ်နိုင်ဆုံး၊ အဓိကက ပြန်လည်တိုက်ဖျက်ဖို့ ဖြစ်ပါလိမ့်မယ်၊၊ ပိုပြီးတော့ တင်းကြပ်မှုတွေလုပ်ဖို့ ဖြစ်ပါလိမ့်မယ်။ အဲဒီလို လူတစ်ယောက်၊ နှစ်ယောက်ကြောင့် စစ်ဘေးရှောင်ပြည်သူတွေ၊ လူငယ်လူရွယ်တွေရဲ့ အနာဂါတ်အတွက် ကတော့ စိုးရိမ်စရာဖြစ်တယ်။ အဲဒါကြောင့် အဲဒါကတော့ ကျနော်တို့ပဲမဟုတ်ဘဲနဲ့၊ အားလုံးမှာတာဝန်ရှိတယ်။ အတတ်နိုင်ဆုံး ကျနော်တို့ကတော့ တိုက်ဖျက်သွားဖို့ပဲ ရှိပါတယ်။

မေး။ ။ ချင်းလဲန်းကောင်စီနဲ့ ICNCC ၊ ချင်းညီနောင်တို့ မေလထဲမှာ တွေ့ဆုံဖို့ရှိတယ်လို့ သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။ သူတို့နဲ့တွေ့ဆုံဆွေးနွေးမှု အခြေအနေကရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ တွေ့ဆုံဆွေးနွေးဖို့ကတော့ ချင်းလဲန်းကောင်စီဘက်ကနေ အမြဲတမ်းတံခါးဖွင့်ပြီးသား ဖြစ်ပါတယ်။ အဲဒါ သူတို့ဘက်က တွေ့ဆုံမှု အဆင်ပြေ၊မပြေ အဲဒီပေါ်မှာပဲမူတည်ပါလိမ့်မယ်။ ကျနော်တို့အနေနဲ့က တွေ့ဆုံဆွေးနွေးဖို့ အမြဲတမ်း အဆင်သင့်ရှိပါတယ်။

မေး။ ။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ PDF-Zoland က CNF ကို ပေးပို့တဲ့စာ အွန်းလိုင်းပေါ် ပေါက်ကြားလာတာ တွေ့ရပါတယ်။ CNA ဦးဆောင်တဲ့ ချင်းပူးပေါင်းတပ်တွေအနေနဲ့ တီးတိန်မြို့ပေါ်မှာ တိုက်ပွဲလာမဖော်ဖို့နဲ့၊ နိုင်ထက်စီးနင်း ကျူးကျော်ဝင်ရောက်ပြီး လာဖော်ရင် ထိတွေ့တိုက်ပွဲတွေ ဖြစ်နိုင်တယ်လို့ PDF Zoland က သတိပေးထားပါတယ်။ ဒီအပေါ်မှာ ဘာများ မှတ်ချက်ပြုချင်ပါလဲ။

ဖြေ။ ။ အဲဒီလိုမျိုး စစ်ရေးနဲ့ပတ်သက်ပြီးတော့ PDF – Zoland က ထုတ်ပြန်လာတာက တကယ့်တကယ်တော့ ဝမ်းနည်းစရာကောင်းပါတယ်။ စစ်ကောင်စီကို သတိအနေအထားနဲ့နေဖို့ သတိပေးသလိုပဲ စစ်ရေးအနေနဲ့က သွားတူပါတယ်။ အဲဒီလိုမျိုးလုပ်ချင်တယ်ဆိုရင် အဖွဲ့အစည်းကို တရားဝင်အနေနဲ့ စာပို့တာမျိုးဆိုရင် ဒါကလုပ်သင့်တဲ့ ဟာဖြစ်ပါတယ်။ အခုက လိုင်းပေါ်မှာ စစ်ကောင်စီသိအောင် လုပ်တာမျိုးနဲ့သွားတူနေတာက ဝမ်းနည်းစရာပေါ့နော်။

မေး။ ။ ဒါက ဆရာတို့ဆီကို တိုက်ရိုက်စာပေးပို့တာမျိုး မဟုတ်ဘူးလား။

ဖြေ။ ။ အဲဒါ မဟုတ်ဘူးခင်ဗျ။ ကျနော်အနေနဲ့က လိုင်းပေါ်မှာပဲတွေ့တယ်။

မေး။ ။ ပြီးတော့ ချင်းလဲန်းကောင်စီအဖွဲ့ဝင်ဖြစ်တဲ့ CDF Siyin ကလည်း နယ်မြေခံကာကွယ်ရေးအဖွဲ့ရဲ့ အကူအညီ တောင်းခံခြင်း၊ သဘောထားတူညီမှု တစုံတရာမရှိဘဲ နယ်မြေဖြတ်ကျော် စစ်ရေးဖော်ဆောင်မှုများ မပြုဖို့ ထုတ်ပြန် ထားပါတယ်။ ဒီအပေါ်မှာရော ဘာများမှတ်ချက်ပြုချင်ပါလဲ။

ဖြေ။ ။ ကျနော်သိရတာက အဲဒီကိစ္စက အောက်ခြေဘက်ကို မသိဘူးလို့ ကျနော်သတင်းအရ သိရတယ်။ ဘယ်ကနေ လုပ်သလဲ၊ အထက်ကနေ တိုက်ရိုက်လုပ်တာမျိုးလားတော့ မသိဘူး။ မြေပြင်ကတော့ အဲဒီကိစ္စကို မသိဘူးလို့ပဲ အဲဒီလောက်ထိပဲ ကျနော်သိထားတယ်။

မေး။ ။ ကျနော် မမေးမိတာ၊ ဖြေကြားဖို့ အရေးကြီးတဲ့အကြောင်းအရာတွေရှိရင် ဖြည့်စွက်ဖြေကြားပေးပါဦး။

ဖြေ။ ။ ကျနော်တို့တွေကတော့ နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီကို အပြုတ်တိုက်ဖို့၊ ကျနော်တို့လိုချင်တဲ့ နိုင်ငံရေးစနစ် တည်ဆောက်ဖို့ လုပ်နေတာမှာ ပေါ်လစီတွေ ချထားပြီးသားဖြစ်တဲ့အတွက် လုပ်စရာတွေကို ကျနော်တို့နဲ့ ရည်မှန်းချက်၊ ဦးတည်ချက်တူညီတဲ့ အဖွဲ့အစည်းတွေနဲ့ ရှေ့ဆက်သွားဖို့ပဲရှိပါတယ်။ ဘာမှ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့မှာ တွေဝေစရာ၊ ပြည်သူတွေအနေနဲ့ တွေဝေစရာ ဘာမှမရှိဘူး။ လုပ်စရာကတော့ တည့်တည့်လုပ်သွားဖို့၊ အဓိက က ကျနော်တို့လိုချင်တဲ့ နိုင်ငံရေး ဖော်ဆောင်နိုင်ဖို့အတွက်က လုပ်သင့်တာတွေကို ဆက်လုပ်သွားမှာပဲ ဖြစ်ပါတယ်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here