ဆယ်ဇင်း စစ်ကောင်စီတပ်စခန်းကို KIA က အပြီးသတ် သိမ်းပိုက်နိုင်ပြီ

0
21
ပုံစာ - ရှေ့တန်းတစ်နေရာတွင်မြင်တွေ့ရသည့် ကချင်လွတ်လပ်ရေးတပ်မတော်/KIA တပ်ဖွဲ့ဝင်များ (ပုံဟောင်းဖြစ်သည်)

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်တွင်ရှိသည့် ဆယ်ဇင်းကျေးရွာက စစ်ကောင်စီတပ် ခမရ ၁၁၆ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က တိုက်ပွဲဖြစ်ပွားပြီး ၄ ရက်နေ့မြောက်အကြာတွင် အပြီးသတ် သိမ်းပိုက်လိုက်ပြီ ဖြစ်သည်။

KIA ပူးပေါင်းတပ်က ဧပြီလ ၂၀ ရက်နေ့က စတင်ပြီး ဆယ်ဇင်းကျေးရွာ၏ ရွာထိပ်ပိုင်း၌ တပ်ချထားသည့် ခမရ ၁၁၆ တပ်စခန်းကို ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဧပြီလ ၂၃ ရက်နေ့ ည ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်များက တပ်စခန်းထဲကနေ တပ်ဆုတ်သွားကြသည်ဟု ဆယ်ဇင်း KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

“ည ၁၁ နာရီလောက်မှာ သိမ်းလိုက်ပြီ။ စစ်တပ်ဘက်ကနေ တပ်တွင်းထဲကနေ ဖယိုဖရဲ ထွက်ပြေးသွားကြတယ်။ အဲဒီတပ်စခန်းမှာက စစ်အင်အား ၈၀ ဝန်းကျင်လောက် ရှိတယ်။ သူတို့ရဲ့ တပ်စခန်းနေရာထဲဝင်ပြီး အကုန် ရှင်းလင်းလိုက်ပြီ” လို့ ၎င်းက ဆိုသည်။

ဆယ်ဇင်းတပ်စခန်း သိမ်းပိုက်မှုသည် စစ်ကောင်စီတပ်ဘက်က တပ်တွင်းကနေ တပ်ဆုတ်ထွက်ပြေး သွားတာကြောင့် KIA ပူးပေါင်းတပ်များက တပ်စခန်းကို သိမ်းပိုက်လိုက်တာ ဖြစ်သည်ဟု ဆိုသည်။

KIA ပူးပေါင်းတပ်က ထပ်မံသိမ်းပိုက်လိုက်သည့် ဆယ်ဇင်းတပ်စခန်းသည် ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ စစ်ကောင်စီတပ်သား စစ်အင်အား ၈၀ ဝန်းကျင် ရှိပြီး စစ်သားတချို့က စစ်ကိုင်းဘက်ကို ထွက်ပြေးလွတ်မြောက် သွားကြကြောင်း ရှေ့တန်းသတင်းအရင်းအမြစ်ထံက သိရသည်။

လက်ရှိတွင် KIA ပူးပေါင်းတပ်က တပ်စခန်းကို သိမ်းပိုက်ပြီးနောက် ဆယ်ဇင်းကျေးရွာထဲ ညတွင်းချင်း ထွက်ပြေး လွတ်မြောက်နေသည့် စစ်ကောင်စီတပ်သားတချို့ကို လိုက်လံရှာဖွေပြီး ရှင်းလင်းရေး ဆောင်ရွက်နေသည်ဟု သိရသည်။

ဆင်ဇင်းကျေးရွာတိုက်ပွဲ၌ ၂ ဖက်တပ် ထိခိုက်သေဆုံးမှု အတိအကျ မသိရသေးကြောင်းနှင့် စစ်ကောင်စီ တပ်သားများကို KIA ပူးပေါင်းတပ်က ပြီးခဲ့သည့် မတ်လအတွင်းက လက်နက်ချအညံ့ခံကြရန် သတိပေး ပြောဆိုထားတာ ရှိပေမယ့် တပ်ဆုတ်သွားတာ မရှိတာကြောင့် ဧပြီလ ၉ ရက်နေ့၌ တပ်စခန်းကို စတင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဆယ်ဇင်း စစ်ကောင်စီတပ်စခန်းသည် စစ်ကိုင်းနှင့် ကချင်အစပ်မှာရှိသည့် တပ်စခန်းတစ်ခုဖြစ်သလို စစ်ကိုင်း ဘက်ကနေ ဖားကန့်ကို သွားသည့်လမ်းကြောင်း၌ တည်ရှိနေတာကြောင့် စစ်ရေးအရ အလွန်အရေးပါသော တပ်စခန်းတစ်ခု ဖြစ်သည်ဟု ဖားကန့်ဒေသခံတစ်ဦးက အခုလိုပြောပါသည်။

“တာမခံ၊ ကသိုဏ်းတောင်တွေ မရှိတော့ဘူးဆိုတော့ သူတစ်ခုထဲ ကျန်နေတာဖြစ်တယ်။ အဲဒီတစ်စခန်းကိုလည်း KIA တပ်တွေက ပြန်ပြီး သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။ စစ်တပ် ကင်းစင်သွားပြီဖြစ်တယ်။ ကျနော်တို့ KIA ဘက်က လွတ်လွတ်လပ်လပ် လုပ်ငန်းဝင်လို့ ရသွားပြီ” လို့ ၎င်းက ပြောဆိုသည်။

အဆိုပါ ဆယ်ဇင်းတပ်စခန်းသည် ပြီးခဲ့သည့် မတ်လအတွင်းက KIA က သိမ်းပိုက်ထားခဲ့ပြီးဖြစ်သည့် တာမခံနှင့် ကသိုဏ်းတောင် စစ်တပ်စခန်းများ တကြောမှာရှိသော တပ်စခန်းဖြစ်ပြီး ထိုတပ်စခန်းများသည် ဖားကန့်မြို့၏ လုံခြုံရေး တပ်စခန်းများ ဖြစ်သည်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဆယ်ဇင်းဒေသခံပြည်သူများမှာ လက်ရှိအချိန်အထိ ဟိုပင်၊ မိုးညှင်း၊ တာမခံနှင့် ဖားကန့်မြို့ပေါ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြဆဲ ဖြစ်သည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here