မောင်တောတွင် မွတ်ဆလင် ၅ ဦး သတ်ဖြတ်ခံရမှု AA နှင့် လုံးဝမသက်ဆိုင်ဟုဆို

0
19

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ သရက်အုပ်ကျေးရွာအုပ်စု၊ အဘူဂျာ (မွတ်ဆလင်) ကျေးရွာမှ ရွာသား ၅ ဦး သတ်ဖြတ်ခံရသည့်ဖြစ်စဉ်မှာ အာရက္ခတပ်တော်နှင့် လုံးဝမသက်ဆိုင်ကြောင်း AA ပြောခွင့်ရသူဦးခိုင်သုခက ပြောသည်။

အဆိုပါကျေးရွာအနီးတွင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့နှင့် မူးယစ်ဆေးဝါးဂိုဏ်းများ လှုပ်ရှားမှုများရှိနေပြီး မကျေနပ်၍ လုပ်ကြံခြင်းသာဖြစ်နိုင်ကြောင်း ဦးခိုင်သုခက ပြောဆိုသည်။

“ကျနော်တို့အဖွဲ့နဲ့ လုံးဝပတ်သက်မှု မရှိပါဘူး။ အဲဒီနေရာမှာ မွတ်ဆလင် အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ ARSA, ARA, RSO နဲ့ တခြားမွတ်ဆလင်မူးယစ်ဂိုဏ်းတွေ လှုပ်ရှားပြီးတော့ ရှုပ်ထွေးတဲ့နေရာ ဖြစ်ပါတယ်။ ရာဇဝတ်ဂိုဏ်းတွေကြားမှာ တဖက်နဲ့တဖက် မကျေနပ်လို့ လုပ်ကြံသတ်ဖြတ်တာပဲ ဖြစ်ပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

သတ်ဖြတ်ခံရသူ ၅ ဦးအား ဧပြီလ ၁၇ ရက်နေ့တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားပြီးနောက် ဧပြီလ ၂၂ ရက်နေ့တွင် ၎င်း ၅ ဦး၏ ရုပ်အလောင်းများအား ကျေးရွာအနီးတွင် တွေ့ရကြောင်း ဒေသခံများက ပြောသည်။

ယင်းကိစ္စကို AA က လုပ်ဆောင်သည်ဟု လူမှုကွန်ရက်ပေါ်တွင် စွပ်စွဲမှုများရှိနေပြီး “အာရက္ခတပ်တော်ကို မကျေနပ်တဲ့ အကြမ်းဖက်အဖွဲ့တွေက ဒေသခံတွေ အထင်အမြင်လွဲမှားအောင် ဖန်တီးလုပ်ကြံတာမျိုးလည်း ဖြစ်နိုင်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) အနေဖြင့် စစ်မြေပြင်မှ ဖမ်းဆီးရမိသည့် သုံ့ပန်းများကိုပင် ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး ယခုကဲ့သို့ ဥပဒေမဲ့ မတရားသတ်ဖြတ်ခြင်းကို လုံးဝလုပ်မည်မဟုတ်ကြောင်း ဦးခိုင်သုခက ဆက်ပြောသည်။

သေဆုံးသွားသူများ၏ မိသားစုဝင်များနှင့် အဆက်အသွယ်ရရှိရန် ကြိုးစားခဲ့သော်လည်း မောင်တောဒေသတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ အဆင်မပြေ ဖြစ်နေသဖြင့် အဆက်အသွယ် မရရှိသေးပေ။

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲနေ့စဉ်ရှိနေပြီး ဘူးသီးတောင်၊ မောင်တောရှိ စစ်ကောင်စီ တပ်စခန်းအားလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ရေး AA က ထိုးစစ်အရှိန်မြှင့်တင် တိုက်ခိုက်နေသည်။

စစ်ကောင်စီကလည်း မောင်တောခရိုင်၌ မွတ်ဆလင်များအား အတင်းအဓမ္မခေါ်ယူ၍ စစ်သင်တန်းပေးပြီးနောက် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဖောက်ထွင်းခြင်းများကို ဆက်တိုက်လုပ်ဆောင်နေသည်။

ရခိုင်ဒေသတွင် စစ်ရှုံးနေသော စစ်ကောင်စီသည် ရခိုင်နှင့် မွတ်ဆလင် အသိုင်းအဝိုင်းကြား လူမျိုးရေးပဋိပက္ခဖြစ်အောင် ကြိုးပမ်းနေကြောင်း AA အပါအဝင် နှစ်ဖက်အသိုင်းအဝိုင်းက ပြောဆိုထားကြသည်။

အောင်ထိန် (DMG) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here