NMSP-AD နှင့် MSFC တို့အကြား စစ်ရေး၊ နိုင်ငံရေးအပါအဝင် ကဏ္ဍအသီးသီးတွင် ပူးပေါင်းရန်သဘောတူ

0
23
ပုံစာ - NMSP-AD နှင့် MSFC တို့၏ ထုတ်ပြန်ကြေညာချက်။

မွန်ပြည်သစ်ပါတီ/ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့ ပထမ အကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူခဲ့ကြသည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီထံမှ သိရသည်။

NMSP-AD မှ နိုင်ငံရေးစစ်ရေး ဦးဆောင်အဖွဲ့ဝင် ၆ ဦးနှင့် MSFC မှ ကောင်စီဝင် ၉ ဦး တို့သည် ဧပြီလ ၂၂ ရက်နေ့ က ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ထိုတွေ့ဆုံပွဲတွင် စစ်ရေး၊ နိုင်ငံရေး၊ လူမှုကယ်ဆယ်ရေးအပါအဝင် အခြားသော ကဏ္ဍအသီးသီးတွင် ပူးပေါင်း အကောင်အထည်ဖော်ရမည့် လုပ်ငန်းများကို ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူခဲ့သည့်အပြင် အခြားသော သဘောတူညီချက်များလည်း ရရှိခဲ့သည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီမှ အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနိုင်မွန်စိုင်းက ပြောသည်။

“အဓိကကတော့ အကြောင်းနှစ်ခုကို ကျနော်တို့ ဆွေးနွေးသွားတာပေါ့။ စစ်ရေးနဲ့ နိုင်ငံရေး အကြောင်းတွေပေါ့။ နိုင်ငံရေး အကြောင်းအရာနဲ့ ပတ်သက်ပြီး ကျနော်တို့ အမြင်ဖလှယ်ကြတာရှိတယ်။ ဒါပေမဲ့ နိုင်ငံရေး အကြောင်းအရာက နည်းနည်းရှုပ်ထွေးနေတော့ ကျနော်တို့ ဆက်လက်ဆွေးနွေးသွားရအုံးမယ်။ ပြီးတော့ စစ်ရေးနဲ့ ပတ်သက်ပြီး ဒီပထမအကြိမ် ကျနော်တို့ဆွေးနွေးသွားတဲ့ဟာကလည်း ပြည့်စုံတဲ့အဖြေတစ်ခုတော့ ထွက်မလာ သေးဘူး။ ဒါပေမဲ့ အနာဂတ်မှာ စစ်ရေးနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးပူးပေါင်းသွားမလဲ၊ အဲဒီလို ဆွေးနွေးထားတာ ရှိတယ်။ နှစ်ဖက်စလုံးကတော့ ဆုံးဖြတ်ချက် မချရသေးဘူး” ဟု နိုင်မွန်စိုင်းက ပြောသည်။

NMSP-AD နှင့် MSFC တို့ အကြား ပူးပေါင်းအကောင်အထည်ဖော်ရမည့် လုပ်ငန်းများကို နှစ်ဦးနှစ်ဖက် ဆက်လက် ဆွေးနွေးသွားရန် ‘လုပ်ငန်းညှိနှိုင်းရေးအဖွဲ့’ ဖွဲ့စည်းသွားမည်ဟု MSFC က ထုတ်ပြန်ထားသည်။

လုပ်ငန်းညှိနှိုင်းရေးအဖွဲ့မှ ညှိနှိုင်းသဘောတူညီမှု ရရှိလာသောလုပ်ငန်းများကို မွန်ပြည်သူများနှင့် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားပြည်သူများကို ပုံမှန်တင်ပြသွားမည်ဟု MSFC က ထုတ်ပြန်သည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC အနေနှင့် မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF တို့နှင့်လည်း ပြီးခဲ့သည့် ဧပြီလ ၇ ရက်န့က မဟာမိတ်အဖြစ် ပူးပေါင်းပြီး မွန်ပြည်ထူထောင်နိုင်သည့်အထိ တိုက်ပွဲဝင်သွားရန် သဘောတူထားခဲ့ကြသည်။

ယင်းအပြင် အခြားသော မွန်လက်နက်ကိုင်အဖွဲ့အစည်းတို့နှင့်လည်း တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်သွားကြရန်လည်းရှိသည်ဟု နိုင်မွန်စိုင်းက ဆက်ပြောသည်။

“လောလောဆယ်မှာတော့ မွန်တပ်လို့ခေါ်တဲ့ မွန်လက်နက်ကိုင်တစ်ဖွဲ့နဲ့လည်း နှစ်ကြိမ် ကျနော်တို့ ဆွေးနွေး ထားကြပြီးပြီ။ ပူးပေါင်းသွားဖို့လည်း နီးစပ်လာပါပြီ။ အခု ရဲဘော်တွေနဲ့ ပတ်သက်တဲ့ လိုက်နာရမယ့် စည်းကမ်း၊ ကျင့်ဝတ်တွေကို နှစ်ဖက်ဆွေးနွေးနေကြတယ်” ဟု ၎င်းက ဆိုသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC အနေနှင့် မွန်ပြည်နယ်အတွင်း စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေသည့် မည့်သည့်အဖွဲ့နှင့်မဆို ပူးပေါင်းသွားမည်ဖြစ်သလို စစ်အာဏာရှင်နှင့် အာဏာရှင်စနစ် မှန်သမျှ အမြစ်ပြတ်သည် အထိ တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။

အလားတူ မွန်ပြည်သစ်ပါတီ (MNSP) မှ ခွဲထွက်ပြီး စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေသည့် အဖွဲ့အစည်းများ နှင့် ပူးပေါင်းပြီး စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်သွားမည်ဟု NMSP-AD က ဖေဖော်ဝါရီ ၁၄ ရက်နေ့က ထုတ်ပြန် ကြေညာထားသည်။

NMSP-AD က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အွန်းလိုင်းမှ တဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ခိုင်မာသော မဟာမိတ်အဖြစ် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး စသည့် ကဏ္ဍ အားလုံးတွင် ပူးပေါင်းဆောင်ရွက်သွားရန် နှစ်ဖက်သဘောတူထားကြသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here