စစ်ကောင်စီ၏ထောင်ချောက်အတွင်း မကျရောက်စေရေး မြဝတီမှ ရှောင်ထွက်သွားခြင်းဟု KNU ပြောဆို

0
20
ပုံစာ - KNU အဖွဲ့ပြောခွင့်ရပဒိုစောတောနီး

ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့စောင့်တပ် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ-၂၇၅ ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ရာမှ ပြန်လည်လက်လွှတ်ခဲ့ရသည့် အခြေအနေအပေါ် KNU အနေဖြင့် စစ်ကောင်စီ၏ထောင်ချောက်အတွင်း မကျရောက်စေရေး ရှောင်ထွက်သွားခြင်းဖြစ်သည်ဟု KNU အဖွဲ့ပြောခွင့်ရ ပဒိုစောတောနီးက ပြောဆိုသည်။

စစ်ကောင်စီတပ်သားများသည် နယ်ခြားစောင့်တပ် (BGF) တဖြစ်လည်း ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သည့် ကရင်အမျိုးသားတပ်မတော် (KNA) ၏ အကူအညီဖြင့် ၎င်းတို့လက်လွှတ်ခဲ့ရသော ခမရ -၂၇၅ တွင် ပြန်လည်ဝင်ရောက်ပြီး အထိုင်ချထားသည့်အပေါ် လူထုဝေဖန်မှု မြင့်တက်လျက်ရှိရာ၌ KNU-ကရင်အမျိုးသားအစည်းအရုံး ပြောခွင့်ရ ပဒိုစောတောနီးက ယခုလိုပြောဆိုပါသည်။

ပဒိုစောတောနီးက “အဓိက အချက်ကတော့ စစ်ကောင်စီဖန်တီးနေတဲ့ ထောင်ချောက်ကို မကျဆင်းရေးအတွက် ခုန်မဆင်းရေး အတွက် ကျနော်တို့ ရှောင်ထွက်သွားရတာပဲဖြစ်တယ်။ ဒုတိယအချက်ကတော့ စစ်အာဏာရှင်စနစ်နဲ့ ဘယ်အာဏာရှင် စနစ်ကိုမဆို ကျနော်တို့ အပြီးတိုင်ချုပ်ငြိမ်းအောင် တိုက်ဖျက်ရမယ်။ ဒါပေမဲ့ ဒီအချိန်ကာလမှာ ရှင်းရှင်းလင်းလင်း မြင်နေရတဲ့ စစ်အာဏာရှင်နဲ့ ပူးပေါင်းသွားတာကိုတော့ ကျနော်တို့ဘက်က ဘာမှပြောစရာ မရှိပါဘူး” ဟု ပြောသည်။

မြဝတီမြို့စောင့်တပ် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ-၂၇၅ နှင့် အမှတ် (၂) ချစ်ကြည်ရေးတံတား KNLA စိုးမိုးထားနိုင်သော နေရာအချို့မှ ဧပြီ ၂၁ ရက်နေ့တွင် KNLA ပူးပေါင်းတပ်များက ပြန်ဆုတ်ခွာခဲ့သည့်အပေါ် ကရင်လက်နက်ကိုင် ခေါင်းဆောင်များနှင့် စစ်ဘက်တာဝန်ရှိသူတချို့အား လူထုဝေဖန်ပြောဆိုမှု မြင့်တက်နေချိန်တွင် KNU- ပြောခွင့်ရ ပဒိုစောတောနီးက အထက်ပါကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။

ဧပြီလ ၁၉ ရက်နေ့က စတင်ပြီး မြဝတီမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ-၂၇၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား KNLA ပူးပေါင်းတပ်မှ ဝင်ရောက်တိုက်ခိုက်စဥ် စစ်ကောင်စီဘက်က လေကြောင်းနှင့်ပစ်ခတ်မှု အကြိမ်ရေ ၁၅၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူလူထု သေဆုံး၊ဒဏ်ရာရထိခိုက်မှုများ ရှိလာနေသည်။

ခလရ – ၂၇၅ မှ ကျန်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNLA ပူးပေါင်းတပ်က ဆက်လက်တိုက်ခိုက်ခဲ့သော်လည်း မြဝတီမြို့ အတွင်းအပြင်ကို စစ်ကောင်စီက လေကြောင်းပစ်ခတ်မှု ၂ ရက်ကြာ လုပ်ဆောင်လာရာတွင် လူထု ထိခိုက်နစ်နာမှုရှိမည်ကို စိုးရိမ်ပြီး KNLA ပူးပေါင်းတပ်များက မြဝတီမှ ဆုတ်ခွာပေးလိုက်ခြင်းဖြစ်သည်ဟု KNU ပြောခွင့်ရသူက ပြောဆိုထားသည်။

ထို့အတူ ဒေါနတောင်ခြေ ကော့ကရိတ်ဒေသကို ကျော်လွန်၍ မြဝတီသို့ ရောက်ရှိရန် ကြိုးပမ်းနေသည့် စစ်ကောင်စီ၏ စစ်ကူတပ်များကို KNLA ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်လျက်ရှိသည်တွင် စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီးနှင့် အပြင်းအထန်ပစ်ခတ်တာကြောင့် ပူးပေါင်းတပ်က ကော့ကရိတ်မြို့ အချို့နေရာများမှ ယာယီဆုတ်ခွာထားရသလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်လည်း ထိခိုက်သေဆုံးကြောင်း KNU နှင့် စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here