မကွေးတွင် လူငယ်များကို အဓမ္မဖမ်းဆီးပြီး စစ်မှုထမ်းရန်ပို့ဆောင်နေ

0
23
Photo – Social Media

မကွေးတိုင်းအတွင်း၌ စစ်မှုထမ်းရန်အတွက် မဲနှိုက်ရွေးချယ်ခြင်းမျိုး မလုပ်ဆောင်တော့ဘဲ စစ်ကောင်စီက လူငယ်များကို အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်တာ ရှိလာနေသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများက ပွင့်ဖြူနှင့် မြို့သစ်မြို့က လူငယ်များကို PDF ထောက်ပို့ဆိုပြီး အကြောင်းပြဖမ်းဆီးကာ အတင်းအကြပ်စစ်မှုထမ်းခိုင်းနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ပွင့်ဖြူမြို့အရှေ့ပိုင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက လူငယ်များကို စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခိုင်းနေတာ ဖြစ်ပြီး ၅ ဦး ထက်မနည်းကို ဖမ်းဆီးခံထားရသည်ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

“လူငယ်တွေကို PDF ထောက်ပို့ဆိုပြီး ဖမ်းတယ်။ ငွေတတ်နိုင်တဲ့သူတွေ မဟုတ်လို့ရင် အကုန်လုံးက စစ်မှုထမ်းဖို့ ပါသွားရတယ်။ တော်တော်ဆိုးနေပြီ” ဟု ၎င်းက ပြောသည်။

ယင်းအပြင် မြို့သစ်မြို့နယ် အင်းရွာကြီးအုပ်စုတွင်လည်း လူငယ် ၁၇ ဦးနှင့် မကြီးကုန်းကြီးကျေးရွာက လူငယ် ၂ ဦးကို စစ်မှုထမ်းရန် အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်ခံထားရသည်ဟု သိရသည်။

မကွေးတိုင်းအတွင်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး လှုံ့ဆော်သူများကို တော်လှန်ရေးတပ်က အပြစ်ပေးအရေးယူတာ ရှိကြောင်းလည်း ဒေသခံများပြောဆိုမှုအရ သိရသည်။

မင်းဘူးခရိုင်အတွင်း တော်လှန်ရေးအဖွဲ့အစည်းများက စစ်မှုထမ်းရန် ဆော်ဩသူများကို စစ်ကောင်စီ ထောက်တိုင်အဖြစ် သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း အသိပေးထားသည်။

လက်ရှိတွင်လည်း စစ်မှုထမ်းရန် ပြောဆိုသူများနှင့် အုပ်ချုပ်ရေးမှူး ၂၀ ကျော်သည် မတ်နှင့် ဧပြီလအတွင်း ရှင်းလင်းခံခဲ့ရသည့်အတွက် စလင်းမြို့နယ်ထဲရှိ အုပ်ချုပ်ရေးမှူးများ နုတ်ထွက်တာတွေရှိကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here