“၂၀၂၄ က ဥပဒေမဲ့သတ်ဖြတ်မှုကို အဓိက တွေ့ရတဲ့နှစ် ဖြစ်တယ်။ ဥပဒေမဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးသူ အရေအတွက်တိုးလာတဲ့ နှစ်တစ်နှစ် ဖြစ်တယ်လို့ ပြောချင်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုဟာ အကျဉ်း ထောင်တွေထဲမှာ အမြဲချိုးဖောက်ခံနေရတာ ဖြစ်တယ်” ကိုသိုက်ထွန်းဦး – ပြောရေးဆိုခွင့်ရှိသူ (နိုင်ငံရေးအကျဉ်းသားများကွန်ရက်/ PPNM)

0
32
ပုံစာ - ကိုသိုက်ထွန်းဦး - ပြောရေးဆိုခွင့်ရှိသူ (နိုင်ငံရေးအကျဉ်းသားများကွန်ရက်/ PPNM)

ကချင်ပြည်နယ်၊ မြစ်ကြီးနားအကျဉ်းထောင်တွင် ပြီးခဲ့သည့် ဧပြီ ၁၈ ရက်နေ့က စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်ပေးမှုနှင့်ပတ်သက်ပြီး တရားမျှတမှုမရှိဘူးဆိုပြီး အကျဉ်းသားများက အကျဉ်းထောင်တွင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ပါသည်။

ထိုဖြစ်စဉ်တွင် စစ်ကောင်စီက အကျဉ်းသားများသည် ထောင်တွင်းဆူပူသောင်းကျန်းမှု ကျူးလွန်သည်ဟုဆိုပြီး အကြမ်းဖက် ဖြိုခွင်းခဲ့သည့်အတွက် အကျဉ်းသား ၄ ဦး ထက်မနည်း သေဆုံးပြီး ဆယ်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။

အဆိုပါဖြစ်စဉ်ကြောင့် မြစ်ကြီးနားအကျဉ်းထောင်ထဲက အကျဉ်းသားများ အင်အားသုံး ဖြိုခွင်းခံရသည့် အခြေအနေ၊ စစ်ကောင်စီ၏ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများ လူ့အခွင့်အရေး ချိုးဖောက် ခံနေရမှု ဘယ်လောက်ထိ ဆိုးရွားနေပါလဲ။ ထိုအခြေအနေများနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် – PPNM ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးနဲ့ ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အရင်ဦးဆုံးအနေနဲ့ မြစ်ကြီးနားအကျဉ်းထောင်မှာ အကျဉ်းသားတွေ အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးမှု ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

ဖြေ။ ။ မြစ်ကြီးနားအကျဉ်းထောင်မှာ ဧပြီလ ၁၈ ညနေ ၄ နာရီနောက်ပိုင်းမှာ စစ်ကောင်စီက ပေးလိုက်တဲ့ လျော့ရက်ခံစားခွင့် ခြောက်ပုံတစ်ပုံမှာ အကျုံးဝင်နေတယ်လို့ မိမိကိုယ်ကိုယူဆတယ်၊ ဒီလို အကျုံးဝင်တယ်ဆိုရင် လွှတ်ပေးတာမှာပါဆိုတဲ့ ယူဆချက်တွေက အဲဒီကအကျဉ်းသားတွေမှာ ရှိကြတယ်။ အခြားအကျဉ်းသားတွေမှာ တချို့နိုင်ငံရေး အကျဉ်းသားတွေမှာလည်း ဒီလိုမျိုး ခံစားမှုတွေ ရှိကြတယ်။ ဒီလိုအချိန်မျိုးမှာ အဲဒီမှာရှိတဲ့ ဝန်ထမ်းတစ်ဦးဦးနဲ့ သွားပြီး တင်ပြတာကနေ အဆင်မပြေဘူး ဖြစ်တယ်။ အဲဒီအခါမှာ တခြားရာဇဝတ် အကျဉ်းသားနဲ့ ဝန်ထမ်းကြားမှာ ပဋိပက္ခ ဖြစ်တာကနေစတယ်။

ဒီဘက်က လွတ်ရက်ထဲမှာ မပါတဲ့အတွက် စိတ်ခံစားမှုတွေ မြင့်တက်နေတဲ့အချိန်မှာ နှစ်ဖက်ပဋိပက္ခဖြစ်ပြီးတော့ ကြွေးကြော်သံတွေ၊ မိမိတို့ရဲ့ လွတ်မြောက်မှု မိမိကိုယ်တိုင် တောင်းဆိုရမယ်ဆိုတဲ့ ခံယူချက်၊ ယုံကြည်ချက်တွေနဲ့ အကျဉ်းသားတွေ လွတ်မြောက်ရေးကို သူတို့ကိုယ်တိုင် ထောင်ထဲမှာ ငြိမ်းချမ်းစွာ ဆန္ဒပြတယ်။ ပြတဲ့အခါမှာ အကျဉ်းဦးစီး ဝန်ထမ်းတွေရဲ့ ဖြိုခွဲမှု စနစ်မကျတဲ့အခါမှာ နှစ်ဖက်ကြားမှာ အဓိကရုဏ်းပုံစံတွေ ဖြစ်တယ်။

အဲဒါမှာ စစ်တပ်နဲ့ ရဲကို အကြမ်းဖက် နှိမ်နှင်းရေးဆိုတဲ့ အကြောင်းပြချက်နဲ့ ထောင်ထဲမှာ ပဋိပက္ခဖြစ်တယ်၊ ထောင်ထဲမှာ ဆူပူမှု ဖြစ်တယ်ဆိုပြီး သူတို့ခေါ်တဲ့အခါမှာ ၄ နာရီခွဲဝန်းကျင်မှာ စစ်သားနဲ့ ရဲအင်အားခုနှစ်ဆယ် လောက် ရောက်လာပြီး ပစ်ခတ်မှုတွေ စတင်ကြားရတယ်။ အဲဒီပစ်ခတ်မှုအတွင်းမှာ သူတို့က ခြောက်လှန့် ပစ်တယ် ဆိုသော်ငြားလည်း တကယ်တော့ ရည်ရွယ်ချက်ရှိရှိနဲ့ ဒီအကျဉ်းသားတွေကြားကို သူတို့က သေစေနိုင် လောက်တဲ့ ကျည်ဆန် အစစ်တွေသုံးပြီး ရည်ရွယ်ချက်ရှိရှိနဲ့ လူအုပ်ကြားထဲမှာ အစုလိုက်အပြုံလိုက် သေဆုံးဖို့ ရည်ရွယ်ပြီးမှ ပစ်ခတ်တာ ဖြစ်ပါတယ်။

မေး။ ။ စစ်ကောင်စီကပေးတဲ့ လျော့ရက်ခံစားခွင့် ၆ ပုံ ၁ ပုံမှာ အကျုံးဝင်တဲ့အကျဉ်းသားတွေ ဘာကြောင့် လွတ်မြောက်တဲ့အထဲ မပါလာတာလဲ။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ တကယ်တော့ စကစ ရေးလိုက်တဲ့ ကြေညာချက်ကိုက ရိုးရှင်းမှု၊ ရိုးသားမှု မရှိတာ ပထမဆုံးအနေနဲ့ တွေ့ရမှာပါ။ မူလက သူတို့ကိုဆန့်ကျင်တွန်းလှန်တဲ့ လက်နက်ကိုင်ကို မပေးဖို့အတွက် နံပါတ်တစ်၊ အဲဒီ ကြေညာချက်မှာ စကစကနေ လက်နက်ပုဒ်မတွေ အားလုံးကို တားမြစ်လိုက်တယ်။ အဲဒီပုဒ်မတွေ မပေးဘူးလို့ ပြောတယ်။ ဒါ့အပြင် အဲဒီပုဒ်မတွေ မှအပ ကျန်ပုဒ်မတွေမှာ ကျန်ကာလရဲ့ ဆိုတဲ့အခါမှာ သူတို့အပေါ်ကို ချမှတ်လိုက်တဲ့အခါမှာ တွက်ပြီးပေးတာ မဟုတ်ဘူး။

သူတို့နေဖို့ ကျန်ကာလမှာ ခြောက်ပုံတစ်ပုံပဲ ပေးတာဖြစ်တဲ့အတွက် မလွတ်မြောက်တာ ဖြစ်ပါတယ်။ အဲဒီလိုမျိူး မလွတ်မြောက်တာကို အကျဉ်းဦးစီးကလည်း ပွင့်လင်းမြင်သာမှုရှိအောင် မရှင်းပြနိုင်တာလည်းပါတယ်။ နောက်တခုက ရည်ရွယ်ချက်ရှိရှိနဲ့ စစ်ကောင်စီရေးခဲ့တဲ့ ဒီလိုမျိုး ကြေညာချက်တွေကြောင့် မို့လို့လည်း နောက်ဆက်တွဲ အကျိုးဆက်တွေအနေနဲ့ ထောင်တွင်းမှာ ဆန္ဒပြမှုတွေ ပဋိပက္ခတွေ ဖြစ်လာတယ်လို့ ကျွန်တော်တို့က ပြောချင်ပါတယ်။

မေး။ ။ ဒီဖြစ်စဉ်မှာ အကျဉ်းသားတွေက အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေကို ရန်မူတိုက်ခိုက်တာလာကြောင့် နှိမ်နင်းရတာလို့ စစ်ကောင်စီထုတ်ပြန်တဲ့အပေါ် ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ တကယ်တော့ အကျဉ်းသားတွေမှာ ဘာလက်နက်မှ မရှိပါဘူး။ လက်နက်မရှိတဲ့ အကျဉ်းသားတွေ ဒီလိုမျိုးဖြစ်စေတဲ့ အကြောင်းရင်းတွေကလည်း ခုနကပြောသလို ကြေညာချက်မှာကတည်းက ရိုးရိုးရှင်းရှင်းနဲ့ လူတွေကို နားလည်အောင် မရေးတာနဲ့ စစ်ကောင်စီမှာ လိုအပ်ချက်တွေ အများကြီးကို ကျွန်တော်တို့ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုမျိုးအကျဉ်းသားတွေ စိတ်အဆင်မပြေဘူးသိတဲ့ အကျဉ်းဦးစီးတာဝန်ခံတွေကလည်း ဒါကတော့ ဒီလိုရှိတယ်ဆိုတဲ့ ရှင်းလင်းချက်တွေ ထုတ်ပေးနိုင်ရင် ပဋိပက္ခဖြစ်စရာ အဆင့်ထိ မရောက်နိုင်ဘူး။ နောက်တခုက လာရောက်တင်ပြတဲ့ အကျဉ်းသားတွေအပေါ်မှာ ဝန်ထမ်းတွေကောင်းစွာ မဖြေရှင်းဘဲနဲ့ နှစ်ဖက်ကြားမှာ အချင်းများတာကနေ ဒီလိုကိစ္စမျိုးတွေ ဖြစ်စေတယ်။

သို့သော်လည်း ပြည်သူတွေကို ပြောချင်တာက အကျဉ်းသားတွေ တောင်းဆိုကြွေးကြော်ဆန္ဒပြတာ ဖြစ်ပါတယ်။ ရန်မှုတိုက်ခိုက်ပြီး ထောင်က ထွက်ပြေးဖို့ ထောင်ဖောက်ဖို့ ကြံစည်တာမဟုတ်ဘူး။ မိမိတို့ အခွင့်အရေးအရ အကျဉ်းထောင်ထဲမှာ တောင်းဆို ကြတာသာ ဖြစ်ပါတယ်။ ဒီလိုတောင်းဆိုမှုတွေ၊ ကြွေးကြော်မှုတွေကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ လူအုပ်ထဲကို ပစ်ခတ်တာ ဖြစ်တဲ့အတွက် အစုလိုက်အပြုံလိုက် သေဆုံးမှုတွေ၊ အစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ ဒဏ်ရာရမှုတွေ ဖြစ်စေတာပါ။

တကယ်တော့ အကျဉ်းထောင်သံတိုင်တွေကြားထဲမှာ ချောင်ပိတ်မိနေပြီး ရိုက်ခံနေရတဲ့ အကျဉ်းသားတွေမှာ ဘာမှပြန်လုပ်စရာ မရှိပါဘူး။ အကျဉ်းထောင်ထဲမှာ သူတို့ပြောသလို လက်နက်ကိုင်ဆောင်ခွင့် မရှိပါဘူး။ သွားကြားထိုးတံတောင်မှ သွင်းလို့မရတဲ့ အကျဉ်းထောင်ဖြစ်တယ်။ သွားတိုက်တံကိုတောင် တဝက်ချိုးပြီးပေးတဲ့ အကျဉ်းထောင် ဖြစ်ပါတယ်။ အန္တရာယ်ပေးနိုင်တဲ့ ပစ္စည်းတွေမရှိဘူး။ အကျဉ်းသားတွေ ကိုင်ဆောင်ခွင့်မရဘူး။ ပြီးတော့ သူတို့ကို အန္တရာယ်ဖြစ်စေလောက်တဲ့ ပစ္စည်းရှိမရှိကို အကျဉ်းထောင်ထဲမှာ အမြဲတစေရှာဖွေနေတာ ဖြစ်ပါတယ်။ တုတ်၊ ဓား၊ လက်နက်တွေ သူတို့ကို အန္တရာယ် ပေးနိုင်တဲ့ ပစ္စည်းတွေဆိုတာ သူတို့အကြောင်းပြချက် သက်သက်သာ ဖြစ်ပါတယ်။

မေး။ ။ စစ်ကောင်စီရဲ့ အင်အားသုံးဖြိုခွင်မှုကြောင့် အကျဉ်းသားတွေ ဘယ်လောက်ထိ ထိခိုက်ခံစားခဲ့ရလဲ။ PPNM ဘက်ကရော ဘယ်လိုအချက်အလက်တွေ ရရှိထားပါလဲ။

ဖြေ။ ။ အဲဒီဖြစ်ရပ် နောက်ဆက်တွဲအနေနဲ့ အနည်းဆုံး သေဆုံးသူ ၄ ဦးကနေ ကျွန်တော်တို့ရထားတဲ့ အချက်အလက်တွေအရ ၆ ယောက်အထိ သေဆုံးခဲ့ပြီး အပြင်းအထန် အသက်အန္တရာယ် သေဆုံးလုနီးပါး တစ်ယောက် ရှိတယ်။ နောက်စိုးရိမ်ရတဲ့သူ ၅ ဦး ရှိတယ်။ ဆေးဝါးကုသဖို့လိုအပ်သူ ၄ ဦးရှိတယ်။ စုစုပေါင်း ၁၆ ယောက်ကလည်း လုံးဝကို အသက်အန္တရာယ် ရင်ဆိုင်နေရတဲ့ အနေအထားဖြစ်တယ်။ ဒါကတော့ ကျွန်တော်တို့ ၁၈ ရက်နေ့ ကနေ ၁၉ ရက်နေ့အထိ ကြားရတဲ့အခြေအနေ ဖြစ်တယ်။

ပြီးတော့ ဧပြီလ ၁၉ ရက်နေ့ ညနေ ၃ နာရီ လောက်ထိတိုင်အောင် အကျဉ်းထောင်ထဲက အကျဉ်းသားတွေရဲ့ ခန္ဓာကိုယ်တွေကိုသယ်ပြီး မီးသတ်ကားတွေ အသုံးပြုပြီး စစ်တပ်ဝင်းထဲကို ပို့ဆောင်တယ်။ အဲဒီသယ်ထုတ် ခံရတဲ့သူတွေက ဒဏ်ရာရတဲ့သူလား၊ သေဆုံးတဲ့ သူတွေလား ဆိုတာတော့ အနီးကပ်သွားပြီး အတည်ပြုလို့ မရနိုင်တဲ့အတွက် ပြောရခက်ပါတယ်။ ဒါပေမဲ့ အဲဒီမှာရှိတဲ့ အကျဉ်းသားတွေရဲ့ ခန္ဓာကိုယ်တွေကို မီးသတ်ပိုင်ကားနဲ့သယ် ထုတ်နေတာကိုတော့ သိရှိထားပါတယ်။

မေး။ ။ မြစ်ကြီးနားအကျဉ်းထောင်က လွတ်ငြိမ်းနဲ့လွတ်မြောက်လာတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆန်ဆွမ်ကို စစ်ကောင်စီက ဘာကြောင့် ပြန်လည်ဖမ်းဆီးထားတယ်လို့ မြင်ပါလဲ။

ဖြေ။ ။ ဒီတခေါက်လွတ်ငြိမ်းမှာလည်း လူသိတဲ့ပုဂ္ဂိုလ်တွေ အနည်းဆုံး ၅ ဦး ပါတယ်။ အဲဒီ ၅ ဦးမှာ တချို့တွေက နှစ်ကြီးတွေဖြစ်တယ်။ သုံးနှစ်အထက် အမှုရင်ဆိုင်ရသူတွေ၊ အမိန့်ချခံထားရသူတွေ လွတ်မြောက် လာတာဖြစ်တယ်။ ပထမတော့ လွတ်ရက်စေ့လို့ အကျဉ်းဦးစီးဌာနက လွှတ်ပေးတာဖြစ်တယ်။ သို့သော် လွှတ်တဲ့ နေရာမှာ ပြည်သူတွေအပြင် မီဒီယာတွေပါ သိတဲ့အတွက် အဲဒီရက်မှာ သူတို့က High Lights ဖြစ်နေတယ်။ အဲဒီတော့ စစ်ကောင်စီက စိုးရိမ်ပူပန်ပြီး ဒီလိုလူတွေကို လွှတ်ပေးရင် တော်လှန်ရေးအင်အားကောင်းနိုင်တယ် ဆိုပြီး ယူဆချက်တွေကြောင့် သူတို့ကို ခေါ်ယူညှိနိူင်းမှုလုပ်မှာ ဖြစ်ပါတယ်။

ဒီလိုဆွေးနွေးရာမှာ စစ်ကောင်စီ အလိုမကျဘူးဆိုရင်တော့ ဖမ်းဆီးထိန်းသိမ်းတဲ့ အခြေအနေတရပ်ကို ရောက်သွားမှာ ဖြစ်ပါမယ်။ ကျွန်တော်တို့ ဆက်ပြီး စောင့်ကြည့်ရပါဦးမယ်။ ဒေါက်တာတို့ကလည်း ရပ်တည်ချက် ခိုင်မာနေတာဖြစ်တဲ့အတွက် ပြန်လည် လွတ်မြောက်ဖို့ထက်စာရင် အကျဉ်းထောင်ထဲကို ပြန်လည်ပို့ဆောင်ခံရဖို့ အခြေအနေများတယ်လို့ မြင်ပါတယ်။ အဓိက ကတော့ စစ်ကောင်စီကို အန္တရာယ်ပေးနိုင်တဲ့လူတွေ လွတ်လာတဲ့အပေါ်မှာ မီဒီယာတွေကလည်း တင်ပြ ပေးတဲ့အတွက် စစ်ကောင်စီက စိုးရိမ်ကြောင့်ကြပြီး ခေါ်ယူပြီးဆွေးနွေးတာမျိုး သတိပေးတာမျိုး လုပ်တာ ဖြစ်ပါတယ်။ ဆွေးနွေးမှု အဆင်မပြေသွားခဲ့ရင်တော့ အကျဉ်းထောင်ထဲကို ပြန်လည်ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ စစ်ကောင်စီဘက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဘယ်လောက်ထိ ဆိုးဆိုးရွားရွား ကျူးလွန်နေပါလဲ။

ဖြေ။ ။ လက်ရှိ တစ်နိုင်ငံလုံးကအကျဉ်းထောင်တွေ အခြေအနေကတော့ ရှေ့တန်းစစ်မြေပြင်သဖွယ်ပဲ။ ခက်တာက ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူတွေမှာ ဘာလက်နက်မှ မကိုင်ဆောင်နိုင်တဲ့ အခြေအနေမျိုးမှာ သို့သော်လည်း တဘက်ရန်သူဖြစ်တဲ့ အကျဉ်းဦးစီးဌာနတွေ၊ စစ်ကောင်စီလက်အောက်ခံတွေ ဖြစ်တဲ့ စစ်တပ်နဲ့ ရဲတွေက လက်နက်ကိုင်ပြီး ရည်ရွယ်ချက်ရှိရှိကိုမှ နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူတွေကို ဥပဒေမဲ့ စနစ်တကျ သတ်ဖြတ်မှုတွေ ကျုးလွန်နေတယ်။ ပြီးရင် စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေက ကာဗာပေးတဲ့ အနေနဲ့ သူတို့တွေမှန်ကန်ကြောင်း ဥပဒေမဲ့တွေ မလုပ်ကြောင်း ဖြေရှင်းပေးနေတာ ဖြစ်တဲ့အတွက် မြေပြင်မှာ ရှိတဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေ စစ်တပ်နဲ့ ရဲတွေက လူ့အခွင့်ရေးချိုးဖောက်မှုတွေ ကျူးလွန်လို့ရတဲ့နှစ် ဖြစ်တယ်။ ၂၀၂၄ က ဥပဒေမဲ့ သတ်ဖြတ်မှုကို အဓိက တွေ့ရတဲ့နှစ် ဖြစ်တယ်။ ဥပဒေမဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးသူ အရေအတွက်တိုးလာတဲ့ နှစ်တစ်နှစ် ဖြစ်တယ်လို့ ပြောချင်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုဟာ အကျဉ်း ထောင်တွေထဲမှာ အမြဲချိုးဖောက်ခံနေရတာ ဖြစ်တယ်။ အမြဲတမ်း ဖိနှိပ်မှုတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နေရတာ ဖြစ်တယ်လို့ ကျွန်တော်တို့ပြောချင်ပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here