ကျောက်နီမော်တွင် စစ်ကောင်စီက ကြည်းတပ်၊ ရေတပ် ပူးပေါင်းတိုက်ခိုက်

0
25
ပုံစာ - ကျောက်နီမော်ဒေသ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက ကြည်းတပ် အပြင် ရေတပ်သင်္ဘောပေါ်မှပါ လက်နက်ကြီးများဖြင့် ပူးပေါင်းပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ရွာသားများက ပြောသည်။

ကျောက်နီမော်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့၏ နေရာကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဒေသခံရွာသားတစ်ဦးက “လက်နက်ကြီးရော လက်နက်ငယ်ပါ နှစ်ဘက် အပြန်အလှန် ပစ်နေကြတာ။ ရွာသားတွေကကြောက်ပြီး နီးစပ်ရာကို ထွက်ပြေးပြီး ရှောင်နေကြရတာ။ ဒီနေ့မနက်ပိုင်းအထိ ရွာထဲ ပြန်မဝင်ရဲသေးဘူး” ဟု ပြောသည်။

တိုက်ပွဲစတင်ဖြစ်ပွားပြီး နာရီဝက်ခန့်အကြာတွင် ရေတပ်စစ်သင်္ဘောတစ်စီး ရောက်ရှိလာပြီး ကျောက်နီမော် ကျေးရွာတဝိုက်ကို သင်္ဘောပေါ်မှ ၆၀ မမ၊ ၈၁ မမလက်နက်ကြီးများဖြင့် အချက်ရေ တစ်ဆယ်ကျော် ပစ်ခတ် ခဲ့သည်။

သို့သော် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဘက်မှ ထိခိုက်သေဆုံးမှု မရှိ​ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

လက်နက်ကြီးပစ်ကူပေးခဲ့သည့် စစ်သင်္ဘောမှာ လောင်းလုံးမြို့နယ် အနောက်ဘက်ရှိ ပင်လယ်ပြင်နှင့် ထားဝယ် မြစ်ဝတဝိုက်တွင် အမြဲတမ်း အသင့်အနေအထား ပြင်ဆင်ထားသည့် သင်္ဘောတစ်စီးဖြစ်သည်ဟု ရွာသားများက ဆိုသည်။

နှစ်ဖက်တိုက်ပွဲမှာ နှစ်နာရီခန့်ကြာပြီးနောက် ပစ်ခတ်သံနှင့် ပေါက်ကွဲသံများ ငြိမ်သက်သွားကြောင်း ရွာသားများ က ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ထိခိုက်သေဆုံးမှု အခြေအနေကိုမူ မသိရသေးပေ။

တိုက်ပွဲပြင်းထန်ခဲ့သည့် ကျောက်နီမော်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ပူးပေါင်းတပ်စွဲထား
သည့် နေရာမှာ ၅ နေရာခန့်ရှိနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ မကြာခဏ သွားရောက်တိုက်ခိုက်လေ့ ရှိသည်ဟု ရွာသားများက ပြောသည်။

ဧပြီလ ၉ ရက်နေ့ကလည်း ကျောက်နီမော်ကျေးရွာရှိ ပျူစောထီးစခန်းကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က စနိုက်ပါနှင့် သွားရောက် ပစ်ခတ်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး ပျူစောထီး တစ်ဦးဒဏ်ရာရရှိခဲ့သေးသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here