စစ်ဘေးရှောင်များအား စစ်ဇုန်ဖြစ်နေသည့် ဆီဆိုင်မြို့ထဲသို့ နေရပ်ပြန်ပို့ရန် စစ်ကောင်စီ စီစဉ်နေ

0
26
ပုံစာ - ဆီဆိုင်မြို့တွင်းတနေရာ။

စစ်ပွဲဇုန်းအတွင်းကျရောက်နေသည့် သျှမ်းပြည်၊ ဆီဆိုင်မြို့ထဲသို့ စစ်ဘေးရှောင်များကို နေရပ်ပြန်ပို့ရန် စစ်ကောင်စီက စီစဉ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

တိုက်ပွဲကြောင့် အခြားရပ်ရွာများသို့ စစ်ဘေးရှောင်ရသည့် ဒေသခံများအနေဖြင့် လာမည့် ဧပြီလ ၂၄ ရက်မှ စ၍ မိမိနေအိမ်သို့ ပြန်လည်အခြေချနေထိုင်နိုင်ပြီဟု စစ်ကောင်စီက အထွေထွေအုပ်ချုပ်ရေးမှူးများ၊ အုပ်ချုပ်ရေးမှူး များမှတဆင့် ဒေသခံများကို ပြောဆိုခိုင်းထားကြောင်း ဆီဆိုင်မြို့အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“တစ်အိမ်ထောင်စုကို ဆန်၊ ဆီ၊ ဆား မီးဖိုချောင်သုံး ပစ္စည်းတွေ အရင်ပံ့ပိုးပေးမယ်။ ထိခိုက်သွားတဲ့ လူနေအိမ် တွေကိုတော့ သွပ်၊ သံ၊ တိုင် တန်းဖိုငွေ ထောက်ပံ့ပေးမယ်လို့ ကျနော်လည်း အဲ့လိုပဲကြားမိပါတယ်။ နယ်ခံတပ်ဖွဲ့ တွေကတော့ ပေးမပြန်သေးဘူး။ အထက်က ကြိုးနီတွေက မြေပြင်အခြေအနေ မသိဘဲနဲ့ ဇွတ်ပြန်ခိုင်းနေတာ။ ပြဿာနာ ရှိလာနိုင်တယ်” ဟု ၎င်းက ပြောသည်။

ပြန်လည်ထူထောင်ရေး အစီအစဉ်အသေးစိတ်ကို ဧပြီလ ၂၃ ရက်နေ့၌ အစည်းအဝေးပြုလုပ်ပြီး ဆွေးနွေးသွားမည်
ဖြစ်ကြောင်းနှင့် အကယ်၍ နေရပ်ပြန်သွားမည်ဆိုပါက ရပ်ကွက်ထောက်ခံစာ၊ မှတ်ပုံတင်နှင့်တကွ စာရင်းပေး ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သို့သော် ဆီဆိုင်မြို့တိုက်ပွဲကြောင့် လက်ရှိအချိန်ထိ ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာ ရွာသူကြီးများ သည်လည်း နေရပ်သို့ ပြန်လည်နေထိုင်ခြင်း မရှိသေးကြောင်း သိရသည်။

စစ်ဘေးရှောင်များအနေဖြင့် နေရပ်ပြန်သွားပါက လက်နက်ကြီးများ ထိခိုက်ပေါက်ကွဲခဲ့သည့် နေရာများတွင် စူးစမ်းခြင်း၊ သွားရောက်မွှေနှောက်ခြင်း မပြုရန်၊ ဒေသအာဏာပိုင် အဖွဲ့အစည်းများ၊ တာဝန်ရှိသူများ၏ လမ်းညွှန်မှုအား သေချာလိုက်နာ ဆောင်ရွက်ရန်၊ မပေါက်ကွဲသေးသည့် လက်နက်ကြွင်းကျန်များကို ကလေးသူငယ်များအား ပညာပေး၊ အသိပေးခြင်းဆိုင်ရာ ကော်မတီတရပ် ဖွဲ့စည်းရန် စသည်ဖြင့် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြောသည်။

လက်ရှိ ဆီဆိုင်မြို့တွင် တိုက်ပွဲကြောင့် စစ်လက်နက်အကြွင်းအကျန်များ ကျန်ရှိနေသကဲ့သို့ စားဝတ်နေရေး အတွက်လုပ်ကိုင်ရန် အလုပ်အကိုင်များလည်း မရှိသဖြင့် နေရပ်ပြန်ရန် စိုးရိမ်နေရကြောင်း စစ်ဘေးရှောင် နေသည့် ဒေါ်ဆွေ (အမည်လွဲ) က ပြောသည်။

“ပြန်လို့ရပြီလို့ ပြောနေကြတာပဲ။ ဒါပေမဲ့ လောလောဆယ်တော့ ကျမတို့ မပြန်ရဲသေးပါဘူး။ ဟိုမှာသွားရင်လည်း စားဖို့သောက်ဖို့က လိုသေးတာလေ။ အလုပ်က မရှိ၊ ဘာမရှိနဲ့။ အခုတော့ ပြန်လို့မဖြစ်သေးဘူး။ ကိုယ်အိမ်ကိုတော့ ပြန်ချင်တာပေါ့” ဟု ဒေါ်ဆွေက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်က ဆီဆိုင်မြို့သို့ နေရပ်ပြန်သွားသည့် စစ်ရှောင်များသည် နေရပ်ပြန်နေစဉ် မွေတော်ဘုရားအရှေ့ဘက်ရှိ ဝါးတောရွာမြောက်ဘက်တွင် လက်နက်ကြီးထိမှန်ပြီး ၇ ဦး သေဆုံးသွားခဲ့သည်။

အလားတူ ဆီဆိုင်မြို့နယ် နောင်သိမ်ရွာသို့ ဧပြီလ ၁၀ ရက်နေ့က နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်လင်မယား ၂ ဦး သည်လည်း ပအိုဝ်းပြည်သူ့စစ် PNO စစ်ကြောင်းနှင့်တိုးကာ ဇနီးဖြစ်သူမှာ ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။

ထို့အပြင် ဆီဆိုင်မြို့တိုက်ပွဲကြောင့် တောတွင်းနေရာသို့ ထွက်ပြေးခိုလှုံနေသည့် စစ်ဘေးရှောင် အမျိုးသမီး ၁ ဦးကိုလည်း ဧပြီလ ၁၄ ရက်က ဆီဆိုင်မြို့အခြေစိုက် ခမရ ၄၂၃ တပ်ရင်းမှ စစ်ကောင်စီတပ်သား ညီညီနိုင်ဆိုသူ သေနတ်ဖြင့်ချိန်ပြီး မုဒိမ်းကျင့်ရန် ကြိုးစားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီအနေဖြင့် မတ်လ ၂၅ ရက်မှ စ၍ ဆီဆိုင်မြို့ကို တစိတ်တပိုင်း ပြန်လည်ထိန်းချုပ်ပြီးနောက် အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ချင်သောကြောင့် ယခုကဲ့သို့ နေရပ်ပြန်နိုင်သည်ဟု ဝါဒဖြန့်ခြင်းနေကြောင်း တော်လှန်ရေးအင်အားစုတပ်ဖွဲ့ဝင်များက ပြောဆိုသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here