စစ်မှုထမ်းကိစ္စနှင့်ပတ်သက်ပြီး ထိုင်းတက္ကသိုလ်အသီးသီးမှ ပညာရှင်များ ထိုင်းအစိုးရထံသို့ အိတ်ဖွင့်စာပေးပို့

0
33
Photo - EPA

၂၀၂၄ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်၍ စစ်ကောင်စီက အသက်သွင်းလိုက်သော စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ထိုင်းနိုင်ငံရှိတက္ကသိုလ်အသီးသီးမှ ပါမောက္ခဆရာ၊ ဆရာမများအပါအဝင် ပညာရှင် ၆၉ ဦးက ထိုင်းအစိုးရသို့ အချက် ၅ ချက်ပါ အိတ်ဖွင့်စာ ပေးပို့ထားကြောင်း သိရသည်။

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ပဋိပက္ခများ၊ စစ်မှုထမ်း ဥပဒေနောက်ကွယ် စစ်ကောင်စီ၏ လုပ်ဆောင်ချက်များကြောင့် မြန်မာနိုင်ငံအတွင်းရှိ လူငယ်များ၊ အထူးသဖြင့် ထိုင်းရောက်မြန်မာကျောင်းသားများ ထိုင်းနိုင်ငံအတွင်း တရားဝင် ဆက်လက်နေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့် စိုးရိမ်ရင်ဆိုင်နေရသည့် အရေးနှင့်စပ်လျဥ်း၍ ထိုင်းနိုင်ငံအစိုးရအပါအဝင် ထိုင်းဝန်ကြီးဌာနများအား အိတ်ဖွင့်စာ ပေးပို့တောင်းဆိုထားခြင်းဖြစ်သည်။

နိုင်ငံတဝှမ်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ကုလသမဂ္ဂစာရင်းများအရ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၂ သန်းကျော်ရှိနေသည်တွင် စစ်အင်အားယိုယွင်းလာသော စစ်ကောင်စီ၏စစ်မှုထမ်းဥပဒေဖြင့် လူသစ်စုဆောင်းမှုကြောင့် မြန်မာလူငယ်အများအပြား အိမ်နီးချင်းထိုင်းနိုင်ငံသို့ ရရာနည်းလမ်းဖြင့် စွန့်ခွာနေကြသည်။

ထို့အခြေအနေကြောင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်၊ ပညာသင်ယူနေသော မြန်မာကျောင်းသားများ ၎င်းတို့ဗီဇာ သက်တမ်းကုန်ဆုံးပါက အထောက်အထားမဲ့ နေထိုင်သူများ ဖြစ်လာမည့်အပြင် ၎င်းတို့လုံခြုံရေးကြောင့် ထိုင်းအစိုးရ အနေဖြင့် non-refoulement (ဘဝလုံခြုံရေးခြိမ်းခြောက်မှု ခံနေရသော မည်သည့်ခိုလှုံသူကိုမဆို ပြည်မနှင်ရ) စည်းမျဥ်းအတိုင်း စစ်မှုထမ်းရန် အကျုံးဝင်နေသည့် ထိုင်းရောက်မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံ အတွင်း ယာယီခိုလှုံခွင့်ပေးသင့်သည်ဟု ပညာရှင်များက တောင်းဆိုထားကြသည်။

ဆက်လက်ပြီး အိတ်ဖွင့်ပေးစာတွင် မြန်မာကျောင်းသားများ ထိုင်းနိုင်ငံအတွင်း လုံခြုံစွာနေနိုင်ရန် ဗီဇာသက်တမ်း တိုးပေးခြင်းအပြင် မြန်မာနိုင်ငံ ပြန်စရာမလိုဘဲ အလုပ်ဗီဇာမှ ကျောင်းသားဗီဇာသို့ ပြောင်းခွင့်ရရေးနှင့် ငွေကြေးပိုင်း သက်သာဖူလုံစေရန် ကျောင်းတက်နေသည့် ကာလတလျှောက် အလုပ်လုပ်ခွင့်ရရေး ထိုင်းအစိုးရအနေဖြင့် ခွင့်ပြုပေးသင့်ကြောင်းလည်း ပညာရှင်များက တောင်းဆိုထားသည်။

ယင်းအပြင် ပညာရေးအတွက် ထိုင်းနိုင်ငံသို့ အလည်ပတ်သွားလာလိုသူများ ဗီဇာလျှောက်ထားရာတွင် ပိုမိုအဆင်ပြေစေရန်နှင့် ပဋိပက္ခ ဖြစ်ပွားသည့်ဒေသရှိ လူကိုယ်တိုင် ဗီဇာ မလျှောက်ထားနိုင်သူများအတွက် စနစ်ကျလုံခြုံ၍ ပိုမိုမြန်ဆန်သော အွန်လိုင်းဗီဇာ လျှောက်ထားမှုကိုလည်း စဥ်းစားပေးသင့်သည်ဟု ထိုအိတ်ဖွင့်စာတွင် ဖော်ပြထားသည်။

မြန်မာကျောင်းသားများကို လက်ခံသည့် အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အသက်မွေးမှု သင်တန်းကျောင်းများအနေဖြင့်လည်း credit transfer စနစ်ဖြင့် ကျောင်းသားများလက်ခံရာတွင် ပိုမိုလွယ်ကူစေရန်နှင့် အဆင့်မြင့် ကျောင်းများမှ ဘွဲ့ရသည်အထိ အကူအညီ ဆက်လက်ပေးရန် လုပ်ဆောင်ရာတွင် အထူးသဖြင့် ဘွဲ့မရသေးသည့် CDM မြန်မာကျောင်းသားများအတွက် ထည့်သွင်းစဥ်းစားပေးသင့်ကြောင်း အိတ်ဖွင့်စာမှတဆင့် ပညာရှင်များက ထောက်ပြတောင်းဆိုထားသည်။

အလားတူ ထိုင်းအစိုးရအနေဖြင့် မြန်မာဘက်မှ ငြင်းဆိုလာသည့် ပတ်စပို့နှင့် ဗီဇာသက်တမ်းတိုးရန် အခက်အခဲရှိသူများအတွက် တရားဝင်ဆုံးဖြတ်ချက် ချမှတ်အကာအကွယ်ပေးသင့်ပြီး ကျောင်းသားများ၏ အသိပညာ၊ အတတ်ပညာအပေါ် မူတည်၍ ထိုင်းနိုင်ငံအတွင်း ၂ နှစ်ခန့် ယာယီနေထိုင်ခွင့်ပြုသည်ဖြစ်စေ၊ ပဋိပက္ခပြီးဆုံးချိန်အထိဖြစ်စေ၊ လုံခြုံစွာ နေရပ်ပြန်နိုင်သည်အထိဖြစ်စေ ကျောင်းသားဗီဇာနှင့် အလုပ်ဗီဇာများရရှိရန် ခွင့်ပြုပေးသင့်သည်ဟုလည်း ဖြည့်စွက်ဖော်ပြထားသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကြေညာအပြီး ထိုင်းနိုင်ငံသို့ ဗီဇာလျှောက်ထားသူ ထောင်ချီရှိခဲ့ပြီး ရက်ပိုင်းအတွင်းမှာပင် စစ်ကောင်စီ အုပ်ချုပ်မှုကင်းလွတ်သည့် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများ အထူးသဖြင့် အိမ်နီးချင်းထိုင်းနိုင်ငံနှင့် အခြားနိုင်ငံများသို့ မြန်မာလူငယ်များ အလုံးအရင်းဖြင့် ထွက်ခွာနေကြသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here