ရေး – ထားဝယ် ကားလမ်းမပေါ်ရှိ တံတားကြီးစစ်ဆေးရေးဂိတ်တွင် အရပ်သားပြည်သူ ၁၂ ဦးထက်မနည်း ဖမ်းဆီးခံရ

0
26
ပုံစာ - ရေး - ထားဝယ် ကားလမ်းမပေါ်ရှိ တံတားကြီးစစ်ဆေးရေးဂိတ်

မွန်ပြည်နယ်၊ ရေး – ထားဝယ်ကားလမ်းမကြီးပေါ်ရှိ ရေးမြို့ အဝင်/အထွက် တံတားကြီးစစ်ဆေးရေးဂိတ်တွင် ဧပြီလ ၁ ရက်နေ့ကနေ ဧပြီလ ၂၂ ရက်အထိ အရပ်သားပြည်သူ ၁၂ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။

ယခုဧပြီလအတွင်း စစ်ဆေးရေးတင်းကြပ်ထားသည့် ရေးမြို့ တံတားကြီးစစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ် ဆင်းမတွန်းဘဲ ဖြတ်သန်းသွားလာသည့် ခရီးသွားပြည်သူများကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး အချုပ်ခန်းထည့် ထိန်းသိမ်းခဲ့သည်ဟု ၎င်းတို့က ဆိုသည်။

ရေးမြို့ခံ စစ်ကောင်စီအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက “ဖမ်းပြီးတော့ အဲဒီတံတားကြီးဂိတ်မှာ မဲမှောင်နေတဲ့ အချုပ်ခန်းတစ်ခုရှိတယ်။ ဘာမှ မမြင်ဘူး။ အကုန်လုံး အဲဒီထဲမှာထည့်တယ်။ အသိရှိရင် လာထုတ်လို့ရတယ်။ အသိမရှိတဲ့လူတွေက ထွက်လို့မရဘူးပေါ့” ဟု ပြောသည်။

ဧပြီလ ပထမအပတ်အတွင်းကလည်း တံတားကြီးဂိတ်ရှေ့က ဖြတ်မောင်းစဥ် ဆိုင်ကယ်ဆင်းမတွန်းသည့် အမျိုးသား ၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့တို့က ဖမ်းဆီးပြီး စစ်မှုထမ်းဆောင်ရန် စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်ခဲ့ကြောင်းလည်း ၎င်းက ဆက်ပြောပါသည်။

သကြႅန်ကာလမတိုင်ခင် ဧပြီလ ၁၁ ရက်နေ့ကလည်း အသက် ၃၀ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးနှင့် ဇနီးဖြစ်သူတို့မှာ ဆိုင်ကယ်ဖြင့် တံတားကြီးဂိတ်ရှေ့ ဖြတ်မောင်းစဥ် စစ်ကောင်စီတပ်၏ ဖမ်းဆီးမှုခံလိုက်ရပြီးနောက် ဒေသခံဆရာတော်တပါး၏ အကူအညီဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု ဆိုသည်။

“သူများဆိုင်ကယ်ဆင်းတွန်းနေတာ မင်းမမြင်ဘူးလားလို့ ပြောပြီးတော့ ဖုန်းတွေ၊ ပါလာတဲ့ပစ္စည်းတွေ အကုန်သိမ်းပြီး မဲမှောင်နေတဲ့ အချုပ်ခန်းထဲ ပို့လိုက်တယ်။ ဘာမှ မမြင်ဘူး။ ကျွန်တော့်မိန်းမကိုတော့ မဖမ်းဘူး။ နောက် မိန်းမက ဖုန်းဆက်ပြီး အကူအညီတွေလိုက်တောင်းတော့ ကျွန်တော့်ကို ပြန်လွှတ်ပေးလိုက်တယ်” ဟု လွတ်မြောက်လာသည့် အဆိုပါအမျိုးသားက ပြန်ပြောသည်။

လွတ်မြောက်လာချိန်တွင် ယင်းအချုပ်ခန်းအတွင်း၌ မည်သူမှန်းမသိသည့် အခြားအမျိုးသား ၆ ဦး လည်း ကျန်ရှိနေသေးကြောင်း ၎င်းက ဆက်ပြောပြသည်။

ရေးမြို့ တံတားကြီးစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသူ အမျိုးသားများသည် မြို့ပေါ်တွင် နေထိုင်သူများ အပါအဝင် အာယုတောင်၊ အစင်စံပြ၊ ဇီးဖြူတောင်နှင့် ဖလံကျေးရွာများက နေထိုင်သူများ ဖြစ်ကြသည်ဟု သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here