တတ်သိလူငယ်များ လိုအပ်နေသည်ဟု KIC ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်ကြီးဂွန်မော် ပြောဆိုလိုက်သည့်အပေါ် ကချင်လူထု၏ စကားသံများ။

0
190

ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ရရှိထားသည့် နေရာများတွင် ပြန်လည်ထူထောင်ရေးနှင့် အုပ်ချုပ်ရေးပိုင်း ခိုင်မာစေရန် တတ်သိလူငယ်အများအပြား လိုအပ်နေသည်ဟု ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ဧပြီလ ၁၃ ရက်နေ့က ကျင်းပခဲ့သော ကချင်လူထုစည်းဝေးပွဲတစ်ခုတွင် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်ဂွန်မော်က ပြောဆိုခဲ့ပါသည်။

ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က စတင်လာခဲ့သည့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပူးပေါင်းတပ်ဖွဲ့၏ စစ်ဆင်ရေးသည် တဖြည်းဖြည်း အရှိန်မြင့်လာခဲ့ရာ ယခုဆို တစ်လကျော်ရှိလာပြီဖြစ်သည်။ စစ်ဆင်ရေး ကာလတလျှောက် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးမြို့အပါအဝင် ဆယ်စုနှစ်တစ်စုကြာ စစ်ကောင်စီတပ်က တပ်စွဲခဲ့သည့် ဗျူဟာမြောက်တပ်စခန်းကြီး အများအပြားအပါအဝင် စစ်တပ်စခန်းပေါင်း ၇၀ ဝန်းကျင်ကို KIA က သိမ်းပိုက်ခဲ့ပါသည်။

ထိုအခြေအနေတွေကြောင့် KIC ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်ဂွန်မော်က သိမ်းပိုက်ရရှိထားသည့် နေရာဒေသများတွင် ပြန်လည်ထူထောင်ရေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဆောင်ရွက်ရန် ဦးဆောင်နိုင်သော လူငယ်များ လိုအပ်နေသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ကချင်လူငယ်ထုအနေနှင့် ဗိုလ်ချုပ်ဂွန်မော်၏ ဖိတ်ခေါ်ချက်အပေါ် ဘယ်လိုရှု့မြင်ကြပါလဲ။ ဒါ့အပြင် ကချင်လူငယ်များအနေနှင့် တော်လှန်ရေးတွင် ဘယ်လိုအားဖြည့် ကူညီသင့်လဲဆိုတာနှင့် ပက်သက်ပြီး ကချင်လူငယ်တချို့နှင့် နိုင်ငံရေးလေ့လာ သုံးသပ်သူတချို့၏ အမြင်ကို စုစည်းမေးမြန်းဖော်ပြထားပါသည်။

မြစ်ကြီးနားမြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူကချင်လူငယ်တစ်ဦး

“လူငယ်တွေရဲ့ ပါဝင်မှုလျှော့နည်းလာမယ်ဆိုရင် အခုကျွန်တော်တို့ရထားတဲ့ ရလဒ်ကပြောင်းပြန်ဖြစ်သွား နိုင်တယ်လို့ ကျွန်တော်ကတော့ လိုရင်းတိုရှင်းတိုက်ရိုက်ပြောချင်တယ်။ အခုရဲ့နိုင်ငံရေး အခြေအနေက အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ဘူး။ ဒါပေမယ့် အခုမြန်မာနိုင်ငံရေးက ပြောင်းလဲနေပြီဆိုတော့ အားလုံးပါဝင်ဖို့ပေါ့။ နိုင်ငံခြားကိုရှောင်ပြေးမယ်ဆိုရင်လည်း ဘယ်လောက်ထိ ရှောင်ပြေးနိုင်မှာလဲဆိုတာကို သိစေချင်တယ်။ နိုင်ငံခြားသွားမယ့်ဘက်ကိုပဲ အားထုတ်နေတာမျိုးမလုပ်ဘဲ အားလုံးစည်းစည်းလုံးလုံးနဲ့ ပါဝင် အားဖြည့်လာရင်တော့ စစ်တိုက်စရာတောင်မလိုဘဲ အနိုင်ရနိုင်တဲ့အခြေအနေ ဖြစ်လာနိုင်တယ်ဆိုတာ လူငယ်တွေကို သိစေချင်တယ်။ ပြီးတော့ အသက် ၃၀ ကျော် လာရင်တော့ လူငယ်တုန်းကလို စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ဘူး။ အဲဒါကြောင့်မို့လို့ ကိုယ်မှာအင်အားရှိနေတဲ့အချိန် အားလုံးပါဝင်အားဖြည့်ပေးဖို့ တောင်းဆိုချင်ပါတယ်”

ပြည်ပတွင်ပညာသင်ကြားနေသည့် ကချင်လူငယ်အမျိုးသမီးတစ်ဦး

“အခုအချိန်အခါမှာက စစ်ကောင်စီရဲ့ တပ်စခန်းတော်တော်များများကို သိမ်းပိုက်ရရှိလာတာကိုလည်း မြင်ရတယ်။ ဒါအပြင် လူငယ်တွေရဲ့ပါဝင်အားဖြည့်မှုလည်း အရမ်းအရေးကြီးတယ်လို့ မြင်တယ်။ နောက်မျိုးဆက်ကို လက်ဆင့်ကမ်းဖို့ လူငယ်တွေပဲ လုပ်ရမှာဆိုတော့ လူငယ်တွေ မပါဝင်လို့ရှိရင် ဒီတော်လှန်ရေးလည်း ရှေ့ဆက်တိုးဖို့ ခက်လာမယ်လို့မြင်တယ်။ ဘယ်လိုပါဝင်ရမလဲဆိုတော့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ဖို့လိုတယ်။ ကိုယ်ကစစ်တိုက်တဲ့နေရာ အားဖြည့်ပေးမလား၊ ဒါမှမဟုတ် ဆေးကုတဲ့နေရာမှာ ကူညီမလား ပညာရေးလား အားလုံးပါဝင်အားဖြည့်လို့ရတယ်။ လူငယ်တွေအနေနဲ့ ကြိုက်တဲ့နေရာကဏ္ဍကနေ ပါဝင်လို့ရတယ်။ နိုင်ငံခြားကလူတွေအနေနဲ့လည်း စိတ်မလျှော့ဘဲနဲ့ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်အားဖြည့်ပေးဖို့ တောင်းဆိုချင်ပါတယ်”

မြစ်ကြီးနားမြို့က တက်ကြွလှုပ်ရှားသူကချင်လူငယ်အမျိုးသမီးတစ်ဦး

“လက်ရှိအချိန်အခါက လူငယ်တွေအတွက် အရမ်းကို အရေးကြီးတဲ့အချိန် ဖြစ်တယ်လို့ မြင်တယ်။ ရှေ့တန်းကို သွားရမယ့်သူတွေလည်းရှိသလို မြို့ပေါ်မှာရှိတဲ့သူတွေလည်း ကိုယ်လုပ်ရမယ့်အလုပ်တွေကို သေချာလုပ်ဖို့ လိုတယ်။ တိုင်းပြည် ပြန်တည်ဆောက်တဲ့အချိန်လည်း အဆင်သင့်ဖြစ်ဖို့ လိုတယ် ။ ပြီးတော့ လူငယ်တွေက စစ်တိုက်မယ့်လူတွေ ကျောင်းဆရာတွေ ဆေးဝါးကျွမ်းကျင်တွေ အင်ဂျင်နီယာတွေ အကုန်ရှိတယ်။ အားလုံးအားဖြည့်ဖို့လိုတယ်။ တကယ်လို့ ပါဝင်အားဖြည့်တာတွေ လျှော့နည်းလာရင်တော့ ပန်းတိုင်ကိုလည်း ရောက်သင့်သလောက် သေချာမရောက်ဘဲ ခက်ခဲလာမယ်လို့ မြင်မိတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့လည်း တက်နိုင်တဲ့ဘက်က ပါဝင်ကြပါလို့ ပြောချင်ပါတယ်”

ပြည်ပတွင်ပညာသင်ကြားနေသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူကချင်လူငယ်တစ်ဦး

“ကျွန်တော်တို့ သတင်းတွေမှာလည်းသိနေမြင်နေရတယ်ပေါ့နော။ စစ်ကောင်စီရဲ့ တပ်စခန်းတော်တော်များများ ကို တော်လှန်ရေးတပ်တွေဘက်က သိမ်းပိုက်ရရှိထားတွေရှိလာတော့ ကျွန်တော်တို့ရဲ့အောင်နိုင်မှုလည်း မကြာခင် ရရှိတော့မယ်လို့ မြင်မိပါတယ်။ တဖက်မှာလည်း လူငယ်တွေရဲ့ အခန်းကဏ္ဍတွေလည်း အရမ်းအရေးကြီး လာနေပြီ။ လူငယ်တွေကပဲ ဆိုရှယ်မီဒီယာတွေနဲ့ ထိတွေ့မှုပိုရှိတယ်။ ခေတ်ပညာတွေကိုလည်း ပိုပြီးမှသိတယ်။ အဲအတွက်ကြောင့်မို့လို့ စစ်ကောင်စီဘက်က လေယာဉ်နဲ့လာတိုက်ခိုက်တဲ့ အချိန်တွေကြရင် ဘယ်လို ကာကွယ်မလဲဆိုတဲ့ အရာတွေ အသိပညာပေးလို့ရတယ်။ ပြီးတော့ ရွာတွေကို ပြန်လည်ထူထောင်တဲ့ အခါမျိုးတွေမှာလည်း ကျန်းမာရေး ၊ ပညာရေး စတဲ့နေရာတွေကနေလည်း ပါဝင်အားဖြည့်ပေးနိုင်တယ်လို့ ကျွန်တော့်ရဲ့အမြင်ကို ပြောချင်ပါတယ်”

ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦး

“အခုအချိန်မှာ ကျွန်တော်လို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကျွန်တော်တို့ဒေသက နေရာတော်တော် များများကို ရယူနိုင်ပြီ။ ရာခိုင်နှုန်းအနေနဲ့ဆို ၆၀ လောက်လို့ ပြောလို့ရတယ်။ မရယူနိုင်သေးတာက မြို့ကြီးတွေပဲ ကျန်တော့တယ် ဆိုပေမယ့်လည်း စကစဘက်ကလည်း မြို့တွေကို ကာကွယ်နေတဲ့အတွက် အကုန်လုံး ရယူနိုင်ပြီလိုတော့ ပြောလို့မရသေးဘူး။ ဒါကြောင့်မို့ လူငယ်တွေတွေးရမှာက ပါဝင်လို့ရမယ့်နေရာ ပါဝင်နိုင်မယ့် နည်းလမ်းကို စဉ်းစားတတ်ရမယ်။ စစ်ရေးစိတ်ဝင်စားတဲ့သူ စစ်တိုက်တဲ့နေရာကိုပါဝင် ဆေးဝါး၊ပညာရေးစတဲ့ ကဏ္ဍအသီးသီးမှာ ပါဝင်ကြဖို့ပေါ့။ လူငယ်တွေ မပါဝင်လို့ရှိရင် အားနည်းလာမယ့် ကိုယ်သမိုင်းကိုယ်ရေးတဲ့အချိန် နေရာမရတာတွေ ဖြစ်လာနိုင်တယ်။ လူကြီးအုပ်ချုပ်တဲ့သူတွေအနေနဲ့လည်း လူငယ်တွေပါဝင်လာနိုင်အောင် လမ်းဖွင့်ပေးဖို့ ဆွဲခေါ်ပေးဖို့ လိုတယ်။ လျှော့သွားတဲ့ဘက်မဟုတ်ဘဲ ပိုများလာတဲ့ဘက် ဖြစ်လာရင်တော့ အလုပ်လုပ်တဲ့အချိန်တွေမှာလည်း ပိုတွင်ကျယ်လာမယ်လို့ မြင်မိပါတယ်”

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here