မွန်နှင့်ကရင်အစပ် ဂျိုင်းမြစ်ဒေသတွင် စစ်ဘေးရှောင်ပြည်သူ သောင်းချီတိုးလာနေ

0
27
ပုံစာ - မွန်နဲ့ကရင်အစပ်က စစ်ဘေးရှောင်များ (ပုံဟောင်းဖြစ်သည်/ Photo -CJ)

ဂျိုင်းမြစ်ဒေသ၌ ဖြစ်ပေါ်နေတဲ့ စစ်ရေးတင်းမာမှုကြောင့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ကို ဆက်သွယ်ထားသည့် ရမ္မာဝတီကားလမ်းတလျှောက်ရှိ ကျေးရွာများတွင် စစ်ဘေးရှောင်ပြည်သူ သောင်းနှင့်ချီ တိုးလာနေသည်ဟု စစ်ရှောင်အရေး ကူပေးနေသူများဆီက သိရသည်။

စစ်ဘေးရှောင်နေရသည့် ကျေးရွာများမှာ ကော့ဘိန်း၊ ကော့ပေါက်၊ ဓမ္မသ၊ သံကလောင်၊ တရနာ၊ ကော့စွယ်၊ ကော့သပ်စသည့် ကျေးရွာနေ အရပ်သားပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတာ တစ်လနီးပါး ရှိလာနေပြီ ဖြစ်သည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ – MSFC လူသားချင်းစာနာမှုနှင့်ကယ်ဆယ်ရေးဌာန ဌာနမှူးမိသုတဂျော်က မြို့ဘက်ကို တိမ်းရှောင်သွားကြသည့် ဒေသခံပြည်သူ ငါးသောင်းဝန်းကျင်ရှိပြီး ရက်ကြာလာသည်နှင့်အမျှ နေထိုင်စားသောက်ရေး ခက်ခဲလာနေပြီဟု ပြောပါသည်။

“ပြည်သူကနေ ပြည်သူကိုပဲ ပေးကမ်းနေရတယ်။ ပေးကမ်းရတဲ့သူကိုလည်း ဖမ်းဆီးချုပ်နှောင်မှု၊ စစ်ဆေးမှုတွေ လုပ်နေတဲ့အတွက်ကြောင့် လှူတဲ့သူတောင်မှ မလှူရဲတော့တဲ့ အနေအထားရှိတဲ့အတွက် ထွက်ပြေးတိမ်းရှောင် ရတဲ့သူက ရက်လည်းကြာလာတဲ့အခါကျတော့ စားဝတ်နေရေးတို့ နေထိုင်ရေးအခက်အခဲတို့ စပြီး ခက်ခဲလာနေပြီ” လို့ ၎င်းက ဆိုသည်။

ပြီးခဲ့သည့် မတ် ၂၅ ရက်နေ့က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းနယ်မြေရဲစခန်းကျပြီးနောက်ပိုင်း ဂျိုင်းမြစ်ဒေသတွင် မွန်၊ ကရင်နှင့် PDF တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ လှုပ်ရှားမှုရှိနေသလို စစ်ကောင်စီတပ်က လည်း စစ်ကြောင်းထိုးလာသည့်အတွက် နှစ်ဘက်စစ်ရေးတင်းမာမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ စစ်ကြောင်းများ အသုံးပြုပြီး ဗုံးများ အမြောက်များ လက်နက်ကြီးများနှင့် ပစ်ခတ်မှုကို ဆက်တိုက်ပြုလုပ်ခဲ့ရာမှာ ဓမ္မသကျေးရွာက နေအိမ် ၃၀၀ ကျော်နှင့် ကျွန်းကုန်းက နေအိမ်ဆယ်ချီ မီးလောင်ပျက်စီးခဲ့ရသလို အရပ်သားတချို့ ထိခိုက်သေဆုံးမှုလည်း ရှိခဲ့သည်။

ထိုအခြေအနေကြောင့် ဂျိုင်းမြစ်ဒေသက ကျေးရွာနေ အရပ်သားပြည်သူများ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များသည် နေရပ်စွန့်ခွာပြီး မော်လမြိုင်မြို့အပါအဝင် ချောင်းဆုံမြို့နှင့် အခြားဒေသရှိ ဘုန်းကြီးကျောင်းများနှင့် အသိဆွေမျိုးအိမ်များ၌ ဘေးလွတ်ရာ တိမ်းရှောင်နေကြရသည်။

မိသုတဂျော်က “အိမ်တောင် ပြန်စရာမရှိတဲ့ လူတွေကြတော့လည်း နေရာအတည်တကျ ချဖို့အတွက်က ခက်ခဲလာပြီ။ ပြန်ဖို့စောင့်နေတဲ့သူတွေကလည်း အခုဆိုရင် တစ်လနီးပါးလောက် ရှိလာပြီ။ အဲဒါတွေကလည်း အခက်အခဲတွေ ရှိပါတယ်။ နောက်ပြီးတော့ ရွာမှာကျန်နေတဲ့သူတွေကလည်း ထွက်ပြေးဖို့ အနေအထားရော နေ့တဓူဝ ကျနေတဲ့ လက်နက်သံတွေကို အကြိတ်အနယ်ခံစားနေရတာ ရှိပါတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီး၊ လေကြောင်းဗုံးကြဲမှုကြောင့် နေအိမ်အဆောက်အအုံများ မီးလောင်ခဲ့ပါက ဝိုင်းဝန်းငြှိမ်းသတ်နိုင်ရန် အိမ်စောင့်သဘောမျိုးနှင့် အမျိုးသားတချို့ ကျေးရွာတွင် ကျန်ရစ်နေကြခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်က ကော့ဘိန်းရဲစခန်း လက်လွှတ်ခဲ့ရချိန်ကတည်းက ရမ္မာဝတီကားလမ်းပေါ်ရှိ ခရုံဂူလမ်းဝကနေ ကော့သပ်၊ ကော့စွယ်နှင့် တရနာကျေးရွာအထိ စစ်အင်အားတိုးချဲ့ ဖြန့်ကျက်ထားသလို မြစ်ကြောင်းအတွင်း စစ်သင်္ဘော နှစ်စင်းထက်မနည်း တပ်ချထားသည်ဟု ဒေသခံများက ဆိုသည်။

လက်ရှိတွင်လည်း အဆိုပါကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းများ အများပြည်သူနှင့် သက်ဆိုင်သော အဆောက်အအုံများ၌ တပ်စခန်းချထားသလို အဆောက်အဦးအမြင့်ရှိသည့် အရပ်သားနေအိမ်များတွင်လည်း နေရာယူထားကြသည်ဟု ဆိုသည်။

ကျေးရွာအတွင်း ပိတ်မိနေသည့် ဒေသခံပြည်သူတစ်ဦးက ရွာမှာရှိသောစစ်သားများက လမ်းအတော်များများကို ပိတ်ဆို့ထားပြီး လူမရှိသည့် နေအိမ်များကို ပစ္စည်းခိုးယူရန် လိုက်ဖောက်နေသည်ဟု ပြောပြပါသည်။

“ရွာမှာရှိတဲ့ စစ်သားတွေ အိမ်တိုင်း သူတို့လိုက်ဖောက်တယ်။ အခုကျွန်တော်တို့ တရနာမှာပဲ၊ တရနာမှာ လူတွေ မရှိတော့ဘူး၊ ပြေးရှောင်သွားကုန်ပြီ။ (တရနာ) ရဲစခန်းက ရှိတယ်။ လမ်းမကြီး၊ လမ်းအလယ် အထက်တန်း ကျောင်းမှာ အဲဒီအပိုင်းတွေ မပေးသွားပဲ အကုန်လုံး ချိတ်ပိတ်ထားတယ်။ သူတို့ (ရဲနဲ့ စစ်သားပေါင်းပြီး) အိမ်တွေကို ဖောက်နေတာလေ။ မနက်က (ဧပြီ ၂၀ ရက်) ကားတစ်စီး နှစ်စီး ခိုးထုတ်သွားတယ်။ ရှိတဲ့ဆိုင်ကယ် လည်း အကုန်လုံးယူသွားတယ်” ဟု ၎င်းက ပြောဆိုသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ လူသားချင်းစာနာမှုနှင့် ကယ်ဆယ်ရေးဌာန၏ တွက်ချက်မှုအရ တစ်လနီးပါးကြာလာ သည့် ဂျိုင်းမြစ်ဒေသတိုက်ပွဲကြောင့် ကော့ဘိန်းကနေ ဓမ္မသ၊ သံကလောင်၊ တရနာ၊ ကော့စွယ်၊ ကော့သပ် စသည့် ကျေးရွာအုပ်စုအထိ အရပ်သားပြည်သူ တစ်သိန်းဝန်းကျင် စစ်ဘေးဒဏ်ခံစားနေကြရသည်ဟု သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here