ပေါက်တွင် ရဲတပ်ဖွဲ့ဝင် ၆ ဦးကို လက်နက်နှင့် အရှင်ဖမ်းမိရမိ

0
25
Photo - မြိုင် (ပကဖ)

မကွေးတိုင်း၊ ပေါက်မြို့နယ်ကိုဝင်လာသည့် စစ်ကောင်စီ ပူးပေါင်းစစ်ကြောင်းကို ၉ ရက်ကြာ တိုက်ခိုက်ပြီးနောက် စစ်လက်နက်ပစ္စည်းများနှင့် စစ်သုံ့ပန်းများ ဖမ်းဆီးရမိခဲ့သည်ဟု မြိုင်ပကဖက သတင်းထုတ်ပြန်ပါသည်။

စစ်ကောင်စီ ပူးပေါင်းစစ်ကြောင်းကို ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့ ကနေ ၂၂ ရက်နေ့ အထိ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီအဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ၆ ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်ဟု မြိုင်ပကဖက ဆိုသည်။

ဧပြီလ ၂၂ ရက်နေ့တွင် စစ်ကောင်စီတပ်သားများ ခိုအောင်းနိုင်မယ့် နေရာများကို တော်လှန်ရေးအဖွဲ့များက စစ်ကြောင်းသုံးကြောင်းခွဲပြီး ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် မသင်္ကာဖွယ် လက်နက်ကိုင် ၆ ဦးကို တွေ့ရှိခဲ့ရကြောင်း မြိုင်ပကဖတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ ဖမ်းဆီးရမိထားတဲ့ ဒဏ်ရာရတဲ့ရဲတွေကို ဆေးတာဝန်ခံနဲ့ ဆေးတပ်ဖွဲ့က ဆေးကုသပေးလျက်ရှိပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လမ်းညွှန်ချက်နဲ့အညီ စစ်သုံ့ပန်းထိန်းသိမ်းရေး ဥပဒေအရ ဆောင်ရွက် သွားမယ်” ဟု ၎င်းက ပြောဆိုသည်။

မြိုင်မြို့တောင်ဘက် ၂ မိုင်အကွာ စက်မှု ၂ က ထွက်လာသည့် စစ်ကြောင်းကို ပေါက်မြို့နယ်အရောက်၌ တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့သည်ဟု မြိုင်ပကဖတာဝန်ရှိသူက ပြောသည်။

တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ရာတွင် ရဲတပ်ဖွဲ့ဝင် ၆ ဦးကိုလည်း လက်နက်နှင့် အရှင်ဖမ်းမိရမိပြီး ဖမ်းဆီးခံခဲ့ရသူထဲတွင် ထိခိုက်ဒဏ်ရာရသူများ ရှိသည်ဟု ၎င်းက ပြောပါသည်။

ဖမ်းဆီးရမိသူများနှင့်အတူ G-3 (၄) လက်၊ ကျည်ဘောက် (၄) ခုနှင့် ကျည် (၃၀၀) တောင့်၊ 79 (၁) လက်၊ ၄၀ မမ ကျည် (၁၀) လုံး၊ AK (၁) လက်၊ ကျည်ဘောက် (၂) ခုနှင့် ကျည် (၇၂) တောင့်၊ MA-11 (၁) လက်၊ ကျည်ဘောက် (၁) ခုနှင့် ကျည် (၄၀၀) တောင့်၊ BA-94 (၁) လက်၊ ကျည်ဘောက် (၂) ခုနှင့် ကျည် (၂၅၂) တောင့်၊ လက်ပစ်ဗုံး (၁) လုံး၊ လက်ကိုင်ဖုန်း (၈) လုံး စသည်တို့ကို သိမ်းဆည်းရမိသည်ဟု မြိုင်ပကဖက ဆိုသည်။

ထိုတိုက်ခိုက်မှုကို မြိုင်ပကဖ၊ မြိုင် ဒရုန်းတပ်ဖွဲ့ ဦးစီးပြီး မြိုင်ပကဖအဖွဲ့ဝင်ဖြစ်သည့် Joker ဒရုန်းတပ်ဖွဲ့၊ ဘာမထီ ပြောက်ကျားတပ်ဖွဲ့၊ ပေါက် ဗိုလ်လရောင်တပ်ဖွဲ့၊ ပေါက် ဗိုလ်ရိုးမတပ်ဖွဲ့၊ ပေါက် ကင်ဒိုတပ်ဖွဲ့၊ ပေါက် ဗိုလ်ဝင်းတပ်ဖွဲ့၊ ပေါက် အရီးရဲဝင်းတပ်ဖွဲ့နှင့် ပေါက် ဦးကြီးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here