ဆီဆိုင်တွင် PNLO ခေါင်းဆောင် မိသားစုနေအိမ်အပါအဝင် နေအိမ် ၇ လုံးကို PNO ဖျက်ဆီးမီးရှို့

0
24

သျှမ်းပြည်၊ ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဒုတိယဥက္ကဌ (၂) စစ်ဦးစီးချုပ်၏ မိသားစုပိုင်နေအိမ်အပါအဝင် ဒေသခံနေအိမ် ၇ လုံးကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်း ပြည်သူ့စစ် PNO ဖြိုချဖျက်စီး မီးရှို့ခဲ့ကြောင်း သိရသည်။

တော်လှန်ရေးကို ဦးဆောင်နေသည့်သူ၏ နေအိမ်များဟုဆိုကာ ဧပြီလ ၂၀ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ပအိုဝ်းပြည်သူ့စစ် PNO မှ ဖြိုချဖျက်ဆီးပြီး တချို့နေအိမ်အား မီးရှို့ခဲ့ကြောင်း၊ နေအိမ်အတွင်းရှိ တန်းဖိုးရှိ ပစ္စည်းများ၊ အိမ်တွင်းပရိဘောဂ ပစ္စည်းများကိုလည်း သယ်ယူသွားခဲ့ကြောင်း PNLO ၏ ပြန်ကြားရေး ခွန်ရိန်းယံက ပြောသည်။

“ သူတို့ဖြိုချဖျက်ဆီးတဲ့အကြောင်းအရင်း အဓိကကတော့ ကျနော်တို့ဒုဥက္ကဌက တော်လှန်ရေးကို ဦးဆောင်တဲ့ သူတွေ၊ နေအိမ်တွေ ဆိုပြီးတော့မှ ဖြိုချဖျက်စီးတာပေါ့လေ။ အိမ်ထဲမှာရှိတဲ့ ပရိဘောဂတွေ၊ အိမ်တွင်း ပစ္စည်းတွေ အကုန်လုံးယူသွားပေါ့။ ပြီးတော့အိမ်ကလည်း နှစ်ထပ်အိမ်၊ ခေတ်ကာလတန်းဖိုးက သိန်းထောင်ဂဏန်းလောက်တန်တယ်” ဟု ၎င်းက ပြောသည်။

မီးရှို့ခံရသည့်နေအိမ် စုစုပေါင်း ၇ လုံးရှိသည့်အနက် နေအိမ် ၆ လုံးသည် ကျေးရွာအတွင်းက ဒေသခံ နေအိမ်များဖြစ်ပြီး၊ ထိုအထဲတွင် ကုန်စုံဆိုင်ဖွင့်လှစ်ထားသော ဒေသခံနေအိမ် ၂ လုံးလည်း ဖြိုချဖျက်ဆီး ခံလိုက်ရကြောင်း သိရသည်။

ယင်းနေအိမ်များကို မီးရှို့သွားသည့် ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့ဝင် ထွန်းနောင်ဆိုသူက ဦးဆောင်ပြီး အဖွဲ့ဝင်များနှင့် PNO ပြည်သူ့စစ် အထူးကွန်မန်ဒိုတပ်ရင်းမှ တပ်ဖွဲ့ဝင်များဖြစ်ကြောင်း PNLO က ဧပြီလ ၂၁ ရက်နေ့၌ ထုတ်ပြန်ထားသည်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA အနေဖြင့် စစ်အာဏာရှင်စနစ်ကို စတင်ဆန့်ကျင် တိုက်ခိုက်သည့် အချိန်ကတည်းကပင် ပအိုဝ်းအချင်းချင်း တိုက်ခိုက်မည်မဟုတ်ကြောင်း ထုတ်ပြန်အသိပေးခဲ့ပြီး ကျင့်သုံးခဲ့သော်လည်း စစ်ကောင်စီက လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ကတော့ စစ်ကြောင်းထိုးတိုက်ခိုက်ခြင်း၊ ချုံခိုတိုက်ခိုက်ခြင်းအပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင်နေသည်ဟု PNLO ဘက်က ပြောဆိုထားသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here