နွေဦးတော်လှန်ရေးကာလအတွင်း မြိတ်ခရိုင်တပ်ရင်း- ၁ က ရဲဘော် ၂၈ ဦး ကျဆုံး

0
27
Photo - Palaw PDF

နွေဦးတော်လှန်ရေးကာလအတွင်း တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အခြေစိုက် မြိတ်ခရိုင်တပ်ရင်း- ၁ က ရဲဘော် ၂၈ ဦး ကျဆုံးခဲ့သည်ဟု အဆိုပါတပ်ရင်းက ဧပြီ ၂၁ ရက်နေ့တွင် အသိပေးထုတ်ပြန်သည်။

မြိတ်ခရိုင်တပ်ရင်း – ၁ သည် တပ်ရင်းစတင်တည်ထောင်ခဲ့သည့် ၂၀၂၁ ခုနှစ် ဇူလိုင်လ ကနေ ၂၀၂၄ ခုနှစ် ဧပြီလ အထိ တိုက်ပွဲပေါင်းအကြိမ် ၁၀၀ ကျော် ဆင်နွှဲခဲ့သည်ဟု ယင်းထုတ်ပြန်ချက်အရ သိရသည်။

တိုက်ပွဲများအတွင်း ရဲဘော် ၂၄ ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၄ ဦး သည် မိုင်းမတော်တဆမှုကြောင့် ကျဆုံး ခဲ့ရခြင်း ဖြစ်သည်ဟု မြိတ်ခရိုင်တပ်ရင်း- ၁ ပြောဆိုသည်။

တိုက်ပွဲကာလအတွင်း ကိုယ်လက်အင်္ဂါစွန့်လွှတ်ထားရသည့် ရဲဘော် ၄ ဦး ရှိပြီး ဒဏ်ရာရရှိသည့် ရဲဘော် ၄၀ ကျော် ရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

မြိတ်ခရိုင်တပ်ရင်း- ၁ နှင့်တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တို့သည် လက်ရှိ၌ ပုလောမြို့နယ်ရှိ ကျေးလက်ဒေသအားလုံးကို ထိန်းချုပ်ထားပြီး စစ်ကောင်စီဘက်က မြို့ပေါ်ရပ်ကွက်များကိုသာ စိုးမိုးထားနိုင်သည်ဟု မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

တော်လှန်ရေးအင်အားစုတပ်ဖွဲ့ဘက်က နယ်မြေစိုးမိုးမှုအားသာသည့် ပုလောမြို့နယ်ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့က စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here