ဟုမ္မလင်းမြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က စက်သုံးဆီတစ်ပေပါလျှင် ကျပ်တစ်သိန်းနှုန်းကောက်ခံပြီး သယ်ယူခွင့်ပြု

0
21
ပုံစာ - ဟုမ္မလင်းမြို့နယ်အတွင်းကို တင်သွင်လာသည့် စက်သုံးဆီပေပါတင်ယာဉ်များ။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စိုးမိုးနယ်မြေပြင်ပကို စက်သုံးဆီ သယ်ယူခွင့်အတွက် တစ်ပေပါလျှင် ကျပ်တစ်သိန်းနှုန်း ကောက်ခံပြီး သယ်ဆောင်ခွင့်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဧပြီလ ၂၀ ရက်နေ့တွင် ကြေညာသည်။

ယခု ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက စက်သုံးဆီသယ်ယူခွင့်ကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ပိတ်ပင်ထားပြီး ၃ လ နီးပါးအကြာတွင် အခုလိုကောက်ခံမှုဖြင့် ပြန်လည်ခွင့်ပြုခြင်း ဖြစ်သည်။

NUG ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်သည့် စက်သုံးဆီများကို တစ်ပေပါ တစ်သိန်းနှုန်းကောက်ခံပြီး ထိန်းချုပ်နယ်မြေ ကျော်လွန်သွားသည့်အတွက်လည်း နောက်ထပ် ကျပ်တစ်သိန်းကောက်ခံခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် စက်သုံးဆီသယ်ယူနေသူတစ်ဦးက ပြောဆိုသည်။

ဟုမ္မလင်းမြို့နယ်အတွင်း ဝင်ရောက်လာသည့် စက်သုံးဆီများသည် မုံရွာမြို့နယ်၊ ကျွန်းလှမြို့၊ ပင်လည်ဘူးမြို့၊ ဖောင်းပြင်မြို့များက ဝင်ရောက်ခြင်းဖြစ်သည်ဟု ၎င်း၏ပြောဆိုမှုအရ သိရသည်။

ဟုမ္မလင်းဒေသခံတစ်ဦးက “ပင်လည်ဘူးမှာက တစ်လီတာ ၄ ထောင်၊ NUG ရဲ့ နယ်ထဲမှာဆိုရင် တစ်လီတာ ၅ ထောင်၊ အဲ့ဘက်ဆက်ကျော်သွားရင် တစ်လီတာ ၇ ထောင်အထက်ရောက်သွားပြီ” ဟု ပြောသည်။

ဒေသခံတိုင်းရင်းသားတို့၏ အခက်အခဲများကို ထောက်ရှုသောအားဖြင့် စက်သုံးဆီသယ်ယူခွင့်ကို ပြန်လည်ခွင့်ပြုတာဖြစ်ကြောင်းနှင့် နယ်မြေဖြတ်သန်းဝင်ရောက်ခွင့်အတွက် တစ်ပေပါလျှင် တစ်သိန်းနှုန်း ကောက်ခံသွားမည်ဆိုကြောင်းကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က တပါးတည်း ကြေညာခြင်းဖြစ်သည်။

မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က စက်သုံးဆီသယ်ယူခွင့် ပိတ်ပင်ထားသည့် ကာလအတွင်း လုပ်ငန်းရှင်များက ညှိနှိုင်းပြီးဟုမ္မလင်းမြို့နယ်အတွင်း စက်သုံးဆီများကို ဝင်ကြေးအမြောက်အများပေးဆောင်ပြီး ဖြတ်သန်းနေရကြောင်း လုပ်ငန်းရှင်တချို့က ပြောဆိုကြသည်။

ဟုမ္မလင်းမြို့နယ်အတွင်း ရွှေလုပ်ငန်းကို အဓိက လုပ်ကိုင်မှုများကြောင့် စက်သုံးဆီလိုအပ်ချက် မြင့်မားပြီး စက်သုံးဆီဂါလံ ထောင်နှင့်ချီ နေ့စဉ်အသုံးပြုနေသည့် မြို့နယ်တစ်ခုလည်း ဖြစ်သည်။

စက်သုံးဆီ တစ်ပေပါ ၁ သိန်းကျပ်အပြင် သယ်ယူရေးခရီးလမ်းတလျှောက် အခြားသော အမည်မသိ ဒေသကာကွယ်ရေးအဖွဲ့များ၏ အခွန်ကောက်ခံမှု၊ စစ်ကောင်စီနယ်မြေတွင်းက စစ်ဆေးရေးဂိတ်များ၌ ငွေကြေးပေးဆောင်ရမှုများကြောင့် ဟုမ္မလင်းမြို့နယ်တွင်း စက်သုံးဆီဈေးနှုန်းနှင့် ကုန်ဈေးနှုန်းအားလုံးနီးပါးသည် အခြားမြို့များထက် ၂ ဆနီးနီး မြင့်တက်နေသည်ဟု ဒေသခံများက ပြောဆိုကြသည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here