“အခုချိန်မှာ ချင်းပြည်သူတွေက သူတို့အလိုချင်ဆုံးက စကစကိုမောင်းထုတ်ပြီးမှ သူတို့လိုအပ်နေတဲ့အရာတွေကို စနစ်တကျ ဖော်ဆောင်ပေးဖို့ ဖြစ်တယ်။ ပြည်သူတွေရဲ့လိုလားချက်ကိုပဲ အာရုံစိုက်မယ်ဆိုရင် ချင်းမှာ အခုအင်အားနဲ့ ပြည်သူ့ဆန္ဒကို အပြည့်အဝဖြည့်ဆည်းပေးလို့ရပြီလို့ ပြောချင်ပါတယ်။ မြို့သိမ်းဖို့လား၊ တစုတစည်းထဲ သိမ်းမယ်ဆိုရင် အင်အားလုံလုံလောက်လောက်ရှိတယ်။ ခုက နှစ်ခြမ်းဖြစ်သွားတော့ လက်နက်ကလည်းမရှိသလိုဖြစ်တယ်” ဆလိုင်းဒိုခါရ်/ India for Myanmar တည်ထောင်သူ

0
101
ပုံစာ - India for Myanmar တည်ထောင်သူဆလိုင်းဒိုခါရ်

ချင်းတော်လှန်ရေးအင်အားစုများအတွင်း နိုင်ငံရေးပိုင်းသဘောထားမတူညီမှု အကွဲအပြဲအပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးလည်းဖြစ် India for Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်နှင့် ဆက်သွယ်မေးမြန်းချက်။

မြန်မာ့နွေဦးတော်လှန်ရေး ၃ နှစ် ကျော်ကာလ ရှိလာချိန်တွင် ချင်းတော်လှန်ရေးအင်အားစုများအတွင်း စစ်ရေး အောင်မြင်မှုများ အတိုင်းအတာတခုအထိ ရရှိလာသော်လည်း နိုင်ငံရေးပိုင်းတွင် သဘောထားမတူညီမှု၊ အကွဲအပြဲမှာ ပိုမိုကြီးမားလာပြီး စစ်ရေးအရ ထိတွေ့မှုများ သတိပေးထုတ်ပြန်မှုများ အထိ ရှိလာနေပါသည်။

ယခုအခြေအနေအတိုင်း ရှေ့ဆက်သွားကြမည်ဆိုပါက ချင်းပြည်သူများ မျှော်လင့်နေကြသော အနာဂတ် ချင်းပြည်ထောင် တည်ဆောက်ရေးက မည်ကဲ့သို့ ရှိလာနိုင်ပါလဲ၊ လက်ရှိချင်းတော်လှန်ရေး တပ်ဖွဲ့များအကြား အကွဲအပြဲအက်ကြောင်းများ ပိုမိုကြီးထွားမလာစေရန် မည်ကဲ့သို့ဆောင်ရွက်သင့်ပါလဲ၊ ထိုအခြေအနေများနှင့် ပတ်သက်ပြီး ချင်းလူငယ် နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးလည်းဖြစ် India for Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ လက်ရှိကာလဟာ ပြည်မအပါအဝင် ချင်းပြည်နယ်မှာ စစ်အာဏာရှင်ကို တော်လှန်မှု ၃ နှစ်ကျော်လာပါပြီ။ ၃ နှစ်တာကာလမှာ ချင်းတော်လှန်ရေးအင်အားစုတွေ ဘယ်လောက်အတိုင်းအတာအထိ ခရီးပေါက်လာတာကို တွေ့ရပါလဲ။

ဖြေ။ ။ ချင်းပြည်နိုင်ငံရေးကို ကြည့်မယ်ဆိုရင် ၃ နှစ်တာအတွင်း စစ်ရေးအောင်မြင်မှု အတိုင်းအတာတခုထိ ရောက်တယ်။ ဒါပေမဲ့ နောက်ဆုံး နိုင်ငံရေးမှာ သဘောထားကွဲလွဲမှုတွေ ရှိတဲ့အခါ၊ စစ်ရေးရလဒ်ကို စီမံခန့်ခွဲဖို့ လုပ်တဲ့အခါမှာ အုပ်ချုပ်ရေးကဏ္ဍ သဘောထားကွဲလွဲမှုတွေ၊ နယ်မြေလုမှုတွေကြောင့် အချင်းချင်းသဘောထားကွဲလွဲမှု ရှိသလို အခုဆိုရင် တစုတစည်းထဲ ချင်းတော်လှန်ရေးရလဒ်ကို အတူတကွလုပ်နိုင်တဲ့အဆင့် မဟုတ်တော့ဘဲနဲ့ အကွဲအပြဲနဲ့ ဖြစ်သွားတယ်။ ဒီတော်လှန်ရေးရလဒ်ကို ခြုံကြည့်မယ်ဆိုရင် စစ်ရေးရလဒ်က ရှေ့ရောက်နေပြီးမှ တကယ်သွားချင်တဲ့ နိုင်ငံရေးရလဒ်က အဝေးကြီးမှာကျန်ခဲ့တယ်။

ဒါကိုအလေးထားပြီး အခုချိန်ကတည်းက နိုင်ငံရေး သဘောထားကွဲလွဲမှုတွေ အနည်းဆုံးဖြစ်အောင် ဘုံရည်မှန်းချက်တွေ ရှာထားဖို့လိုပြီ။ အနည်းဆုံး ပဋိပက္ခ မဖြစ်ပွားအောင်၊ နိုင်ငံရေးပွတ်တိုက်မှု အပြင်းအထန် မဖြစ်ပွားအောင် ဘုံနိုင်ငံရေးရည်မှန်းချက်ကို စနစ်တကျ ပြင်ဆင်ထားဖို့ လိုနေပြီးလို့ ယူဆတယ်။ ဒီဟာကို ကြိုတင်မလုပ်ဘဲနဲ့ စစ်ရေးကိုပဲ ရှေ့တိုးနေရင် အချင်းချင်း ပွတ်တိုက်မှုကနေ ယုံကြည်မှုပျက်သွားရင် စကစနဲ့ ကျနော်တို့ကြား နှစ်ပေါင်း ၇၀ ကျော်ကြာ ပျက်ပြားသလို တော်လှန်ရေး အင်အားစုတွေကြားမှာ ယုံကြည်မှုပျက်ပြားရင် တိုင်းပြည်ပြန်လည်တည်ဆောက်ရေးမှာ များစွာထိခိုက်လိမ့်မယ်။

မေး။ ။ ဒီ ၃ နှစ်တာ ကာလအတွင်းမှာ တော်လှန်ရေးအပေါ် ချင်းပြည်သူတွေရဲ့ အားဖြည့်ပါဝင်မှုအပေါ် အားရကျေနပ်မှု ရှိပါသလား။ ဘယ်လိုသုံးသပ်ပါလဲ။

ဖြေ။ ။ ချင်းပြည်နယ်က ပြည်သူတွေအပါအဝင် မြန်မာတစ်နိုင်လုံးက ပြည်သူတွေက လက်ရှိတော်လှန်ရေးမှာ ရာနှုန်းပြည့်နီးပါး ပူးပေါင်းပါဝင်ကြတယ်။ CDM လုပ်ပြီး စကစ အုပ်ချုပ်ရေးယန္တရား မလည်ပတ်အောင်လုပ်တဲ့ အပိုင်းမှာလည်း အင်မတန်မှအားကောင်းတယ်။ အရင်တုန်းက ချင်းအခြေအနေဆိုရင် အခွန်ကိုစနစ်တကျပေးတာ မရှိဘူး။ တစ်နိုင်လုံးမှာလည်း အခွန်ကို စနစ်တကျပေးတဲ့ဟာလည်း ရှားနေသေးတယ်။ လက်ရှိ တော်လှန်ရေးမှာ နေရာပေါင်းစုံမှာ အခွန်ခေါင်းစဉ်နဲ့ဖြစ်ဖြစ်၊ အလှူငွေခေါင်းစဉ်နဲ့ဖြစ်ဖြစ် လုပ်ကြတယ်။ ပြည်သူတွေက ပူးပေါင်းပေး တယ်။ အခုက ပြည်သူတွေကို ပူးပေါင်းပေးပါဆိုတာထက် အောင်မြင်တဲ့အတိုင်းအတာတစ်ခုမှာ ဒါက တော်လှန်ရေး ရလဒ်ပါလို့ ပြည်သူတွေကို ချပြရမယ့်အနေအထားရောက်ပြီ။

ဒါကို ခေါင်းဆောင်တွေ စဉ်းစားဖို့လိုတယ်။ အခုချိန်မှာ တော်လှန်ရေးခေါင်းဆောင်တွေက ပိုပြီးတော့အားစိုက်ဖို့ လိုတယ်။ ပြည်သူတွေက ခုချိန်မှာ စိုးရိမ်စိတ်တွေနဲ့ပြည့်နေပြီ။ စကစကိုလည်း လုံးဝမပူးပေါင်းနိုင်ဘူး။ တော်လှန်ရေး အင်အားစုတွေဘက်ကို ကြည့်ရင်လည်း သူတို့စိုးရိမ်တယ်။ အချင်းချင်းပွတ်တိုက်မှုတွေလည်း များလာတဲ့အခါကြတော့ ဒီစိုးရိမ်မှုတွေကို မစိုးရိမ်ကြပါနဲ့၊ ကျနော်တို့ တော်လှန်ရေး လုပ်ခြင်းအားဖြင့် ထိန်းသိမ်းထားတဲ့နယ်မြေမှာ စည်းစည်းလုံးလုံးနဲ့ အကောင်းဆုံးတော်လှန်ရေးရလဒ်ကို ထုတ်နိုင်ပါပြီဆိုတဲ့ လက်ဆုပ်လက်ကိုင်ပြစရာ ရှိဖို့လိုတယ်။ ကျနော်ကတော့ ပြည်သူတွေက ရာနှုန်းပြည့်တာဝန်ကျေတယ်လို့ ပြောချင်ပါတယ်။

မေး။ ။ လက်ရှိ ချင်းတော်လှန်ရေးအခင်းအကျင်းကို ကြည့်မယ်ဆိုရင် စစ်ရေးမှာတော့ အောင်မြင်မှုအတိုင်းအတာ တခုအထိရှိတယ်လို့ ပြောလို့ရပေမယ့် နိုင်ငံရေးပိုင်မှာ ဘာကြောင့်အကွဲအပြဲတွေ ဖြစ်နေတာပါလဲ။

ဖြေ။ ။ ပထမအဆင့်တော်လှန်ရေးအဓိပ္ပါယ်ကို နားလည်မှုမတူကြဘူး။ ပဋိပက္ခဖြစ်နေတဲ့ အကြောင်းအရာကို ကြည့်မယ်ဆိုရင် စစ်ရေးအောင်နိုင်ခြင်းကို တော်လှန်ရေးလို့ အဓိပ္ပါယ်ဖွင့်တဲ့စစ်ရေးကိုသာ အာရုံစိုက်တဲ့အုပ်စုက သပ်သပ်ရှိတယ်။ နောက်တခုက ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်တွေနဲ့တွဲပြီးမှ တော်လှန်ရေးကို အဓိပ္ပါယ်ဖွင့်ဆိုသူရှိတယ်။ တော်လှန်ရေးဆိုတဲ့အခင်းအကျင်းကို ဘယ်လိုမြင်ကြသလဲဆိုတာက ပထမပြသနာလို့မြင်တယ်။ ဒီဟာကို ညှိဖို့လိုတယ်။ တော်လှန်ရေးလို့ဆိုတဲ့ဟာက စနစ်ကောင်းမွန်ရေးအတွက် တော်လှန်တာဖြစ်လို့ စနစ်ရေးရာနဲ့ ပတ်သက်ရင် အချင်းချင်းအတိုင်းအတာနဲ့ အပေးအယူလုပ်ဖို့လိုတယ်။ အလျော့အတင်း လုပ်ဖို့လိုတယ်။

ဒုတိယက တော်လှန်ရေးကို ပြည်သူ့တော်လှန်ရေးအသွင်နဲ့ သွေဖယ်တဲ့လုပ်ဆောင်ချက်တွေက ချင်းအသိုင်းအဝိုင်းမှာ တော်တော်လေး ပြသနာဖြစ်တယ်လို့ယူဆတယ်။ ပြည်သူ့တော်လှန်ရေးလို့ ပြောပြီဆိုကတည်းက ဘယ်အဖွဲ့အစည်း၊ ဘယ်လူပုဂ္ဂိုလ်ကမှ တော်လှန်ရေးအကျိုးရလဒ်ကို ရရှိရမှာမဟုတ်ဘူး။ ပြည်သူတရပ်လုံးကသာ ရရှိရမှာဖြစ်တယ်။ ဒီဟာကိုတော့ အားလုံးကလက်ခံသလိုလိုတော့ ဖြစ်ကြတယ်။ ဒါပေမဲ့ လက်တွေ့ချဉ်းကပ်ချိန်မှာ ပြည်သူ့တော်လှန်ရေး ဆိုတဲ့အဓိပ္ပါယ်ကို ပြည့်ပြည့်ဝဝထင်ဟပ်တဲ့ ချဉ်းကပ်မှုက တော်တော်အားနည်းတယ်။ ဒါက ချင်းမှ မဟုတ်ဘူး၊ တစ်နိုင်လုံးအနေနဲ့ အားနည်းတယ်လို့ဆိုရမှာပါ။

တတိယအချက်က လိုချင်တဲ့ပန်းတိုင်ကို မညှိနှိုင်းကြဘူး။ တချို့က ကွန့်ဖက်ဒရိတ်သွားချင်တယ်။ တချို့က ဖက်ဒရယ်ကိုသွားချင်တယ်။ တချို့က ခုချိန်မှာ ဆုံးဖြတ်ရခက်နေကြတယ်။ ကျနော်တို့က သွားချင်တဲ့ပန်းတိုင်က မတူဘူး။ အားလုံးတူအောင် ညှိဖို့တော့မလွယ်ဘူး။ ဘုံအားဖြင့် အတိုင်းအတာ တစ်ခုထိ လက်တွဲလို့ရတယ်ဆိုတာမျိုး ဘုံတော်လှန်ရေးပန်းတိုင်ကို မရှာဖွေထားတာက ကျနော်တို့ကြားက ပြသနာ ဖြစ်စေတဲ့ဟာလို့ ယူဆတယ်။ နိုင်ငံရေးဘုံရည်မှန်းချက်ရဲ့ နောက်ဆက်တွဲက မဟာမိတ်ပိုင်းဆိုင်ရာမှာ ပြသနာ ရှိလာတယ်။ ပူးပေါင်းဆောင်ရွက်ရေး မှာ ပြသနာရှိလာတယ်။

နောက်ဆုံးအချက်က တော်လှန်ရေးကိုဦးဆောင်သူအနေနဲ့ နိုင်ငံရေးစိတ်စေတနာ သိပ်မရှိဘူး။ ဒါက တစ်ဦးချင်းစီကို ပွင့်ပွင့်လင်းလင်း ဝေဖန်တာဖြစ်တယ်။ ပြောမယ်ဆိုရင် ကိုယ့်အတွက်၊ ကိုယ့်အဖွဲ့အစည်းအတွက် အဆင်ပြေတယ် ဆိုရင်၊ အဆင်ပြေတယ်လို့ ခံယူချက်ရှိကတည်းက တိုင်းပြည်အပေါ်မှာ စေတနာမရှိဘူးလို့ ပြောနိုင်တာဖြစ်တယ်။ ချင်းလဲန်းကောင်စီနဲ့သွားတဲ့ ပုံစံအတိုင်း အဆင်ပြေတယ်ဆိုတဲ့အုပ်စုဖြစ်ဖြစ် ၊ ICNCC နဲ့ဆိုရင် အဆင်ပြေတယ်ဆိုတဲ့ အုပ်စုရှိနေသ၍ ဒါက တိုင်းပြည်အပေါ်မှာ စေတနာမရှိခြင်းရဲ့ အုတ်မြစ်ဖြစ်တယ်။ ဒီလိုနှစ်ခြမ်းဖြစ်လာတဲ့ဟာက ခေါင်းဆောင်တစ်ဦးချင်းစီရဲ့ နိုင်ငံရေးစေတနာနဲ့ နိုင်ငံရေးအဖြေရှာမှုဆိုင်ရာ လုံးဝအားနည်းချက်လို့ ပွင့်ပွင့်လင်းလင်း ဝေဖန်ချင်တယ်။

မေး။ ။ ချင်းပြည်သူတွေက ဘယ်လိုနိုင်ငံရေးအခင်းအကျင်းမျိုးကို မျှော်လင့်နေကြတာပါလဲ။ ချင်းပြည်ကို ဘယ်လိုမြင်ချင်ကြပါလဲ။

ဖြေ။ ။ ကျနော်အနေနဲ့က ချင်းလဲန်းကောင်စီညီလာခံ မကျင်းပမီ ချင်းပြည်သူတွေ အများအပြားနဲ့ထိတွေ့ခဲ့တယ်။ ခရီးတွေသွားခဲ့တယ်။ အဲဒီမှာ ပြည်သူတွေက စစ်အုပ်ချုပ်ရေးယန္တရားကို အမြန်ဆုံး အစားထိုးနိုင်မယ့် ပြည်သူ့ဒုက္ခကို ဖြေရှင်းပေမယ့် တော်လှန်ရေးကာလအစိုးရပေါ်လာဖို့ သူတို့ရဲ့စိတ်ဆန္ဒဖြစ်တယ်။ သူတို့ ဆန္ဒပြည့်မီဖို့က လက်ရှိ အဖွဲ့အသီးသီးမှာ ဝင်နေတဲ့ဝင်ငွေတွေ၊ အဖွဲ့အသီးသီးကအင်အားတွေ၊ နိုင်ငံတကာအကူအညီတွေ ၊ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုကရတဲ့ဘဏ္ဍာတွေကို တစုတစည်းထဲ စီမံခန့်ခွဲမှုလုပ်ပြီးမှ ဖြေရှင်းပေးတယ်ဆိုရင် တော်လှန်ရေး ကာလမှာ စနစ်တကျစီမံခန့်ခွဲပေးနိုင်တဲ့ အနေအထားဖြစ်တယ်။ အချင်းချင်းညှိညှိနှိုင်းနှိုင်းနဲ့ တချို့ကဏ္ဍတွေမှာ မူဝါဒအရပူးပေါင်းပြီး၊ တချို့ကိုလူအင်အားအရ ပူးပေါင်းပြီးမှ၊ တချို့ကဏ္ဍတွေမှာ ဘဏ္ဍာငွေအင်အားနဲ့လက်တွဲပြီး လုပ်လိုက်ခြင်းအားဖြင့် ၇၀/ ၈၀ ရာခိုင်နှုန်းက ပြသနာပြီးမယ့်ကိစ္စ ဖြစ်တယ်။

အခုချိန်မှာ ချင်းပြည်သူတွေက သူတို့အလိုချင်ဆုံးက စကစကိုမောင်းထုတ်ပြီးမှ သူတို့လိုအပ်နေတဲ့အရာတွေကို စနစ်တကျ ဖော်ဆောင်ပေးဖို့ ဖြစ်တယ်။ ပြည်သူတွေရဲ့လိုလားချက်ကိုပဲ အာရုံစိုက်မယ်ဆိုရင် ချင်းမှာ အခုအင်အားနဲ့ ပြည်သူ့ဆန္ဒကို အပြည့်အဝဖြည့်ဆည်းပေးလို့ရပြီလို့ ပြောချင်ပါတယ်။ မြို့သိမ်းဖို့လား၊ တစုတစည်းထဲ သိမ်းမယ်ဆိုရင် အင်အားလုံလုံလောက်လောက်ရှိတယ်။ ခုက နှစ်ခြမ်းဖြစ်သွားတော့ လက်နက်ကလည်းမရှိသလိုဖြစ်တယ်။ တစ်ယောက်တစ်ပေါက်စီသွားရင်တော့ မအောင်မြင်တဲ့ပုံစံဖြစ်တယ်။

မေး။ ။ CNA ဦးဆောင်တဲ့ ချင်းပူးပေါင်းတပ်တွေအနေနဲ့ တီးတိန်မြို့ပေါ်မှာ တိုက်ပွဲလာမဖော်ဖို့နဲ့ နိုင်ထက်စီးနင်း ကျူးကျော်ဝင်ရောက်ပြီး လာဖော်ရင် ထိတွေ့တိုက်ပွဲတွေဖြစ်နိုင်တယ်လို့ PDF Zoland က သတိပေးထားပါတယ်။ ဒီလို တဖွဲ့နဲ့တဖွဲ့ကြား ပူးပေါင်းဆောင်ရွက်မှုမရှိနိုင်ဘဲ သူ့နယ်ကိုယ့်နယ် မကျူးကျော်ရဆိုတဲ့ပုံစံမျိုးက တော်လှန်ရေး အပေါ် ဘယ်လိုသက်ရောက်နိုင်ပါလဲ။

ဖြေ။ ။ အခုအခင်းအကျင်းက စာထုတ်တဲ့သူကိုလည်း အပြစ်တင်လို့မရတဲ့ အနေအထားဖြစ်သွားပြီ။ ထန်တလန် မီးရှို့ခံရမှုဖြစ်စဉ်နဲ့ ဥပမာတစ်ခုပေးချင်တယ်။ ထန်တလန်မြို့ထဲမှာ စစ်စခန်းမရှိဘူး။ ရဲစခန်းတစ်ခုပဲ ရှိတယ်။ အဲဒီမှာ မြို့ပေါ်မှာရှိတဲ့ ရဲစခန်းတွေကိုသိမ်းမယ်လို့ သတင်းတွေထွက်ပေါ်လာတဲ့အခါမှာ လုံလဲရ်စခန်းသိမ်းတိုက်ပွဲဖြစ်ပြီး နောက်ပိုင်းမှာ စကစက ဟားခါးကနေထန်တလန်ကို စစ်ကြောင်းဝင်လာတယ်။ အဲလိုစစ်ကြောင်း ဝင်မလာအောင် ဘာလို့မလုပ်ကြတာလဲလို့ အတွင်းကလူတွေကို မေးကြည့်တယ်။ ကျနော်တို့နယ်မြေကို စစ်ကူလာစရာမလိုဘူး၊ ကျနော်တို့မခေါ်သ၍ စစ်ကူမလာနဲ့လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြောခဲ့တယ်တဲ့။ အဲဒါ စစ်ကောင်စီကအင်အား ၇၀ နဲ့ စစ်ကြောင်းတစ်ခါထိုးတယ်။ နည်းနည်းတားလို့ရတယ်။ အင်အားထပ်ဖြည့်တဲ့အခါ တားမရဘူး။ ထန်တလန်မြို့ ဝင်တဲ့အခါကြတော့ ထန်တလန်မြို့တွင်းမှာ ပစ်ခတ်မှုဖြစ်တာနဲ့ အဲဒီကနေစပြီးတော့ ထန်တလန်မြို့ဟာ မီးလောင် ပြာကျမှုဖြစ်ခဲ့တယ်။

ထန်တလန်မြို့မီးလောင်ပြာကျမှုဟာ အချင်းချင်းလက်ညှိးထိုးစတမ်းဆိုရင် ကျနော်တို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပေါ့ဆမှုများစွာပါတယ်။ မီးရှို့တာက စကစ၊ ပေါ့ဆတာ ကျနော်တို့ဖြစ်တယ်။ စစ်ရေးဗျူဟာအရဖြစ်ဖြစ် နိုင်ငံရေးအရ ဖြစ်ဖြစ် ကျနော်တို့ဟာလက်တွဲရမယ့်လူတွေဖြစ်တယ်။ ဒါပေမဲ့ ဒီလို အခင်းအကျင်းကြောင့် ထန်တလန်မြို့ကို ဆုံးရှုံးခဲ့တယ်။ ထန်တလန်မြို့ မီးရှို့ခံရတာကို ထန်တလန်ဒေသခံတွေက မဟုတ်ဘဲနဲ့ ကျန်တဲ့လက်နက်ကိုင်တွေနဲ့ စကစနဲ့ကြားက မီးလောင်တယ်ဆိုရင် ထန်တလန်ပြည်သူတွေက ခုထိလုံးဝသည်းခံမှာ မဟုတ်ဘူး။ သူတို့ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့နဲ့ စကစရဲ့တိုက်ပွဲကနေ နောက်ဆက်တွဲ မီးလောင်မှုဖြစ်လို့ စိတ်ထဲမှာ လုံးဝမကျေနပ်ပေမယ့် လက်ခံရတယ်။ အခုက မင်းတပ်တို့၊ တီးတိန်တို့၊ ကန်ပက်လက်တို့၊ ဖလမ်းတို့မှာ စစ်ရေး ဖော်ဆောင်တဲ့အခါမှာ စစ်ရေးရဲ့ နောက်ဆက်တွဲအကျိုးဆက်ကို ပြည်သူတွေခံနိုင်ရည်ရှိဖို့ ထည့်သွင်းစဉ်းစားရမယ်။

ဒီလိုမစဉ်းစားဘဲနဲ့ လုပ်မယ်ဆိုရင် နောက်ဆက်တွဲပေါ်လာတဲ့ပြသနာတွေကို ကိုင်တွယ်တဲ့အခါမှာ ချင်းတွေကြားမှာ ရိုက်ခတ်မှု များလာနိုင်တယ်။ သူတို့စာကိုကြည့်ခြင်းအားဖြင့် CJDC ပျက်စီးမှုရဲ့နောက်ဆက်တွဲက ပထမရလဒ်၊ ဒုတိယက ICNCC နဲ့ CC ဆိုပြီး နိုင်ငံရေးအရ လုံးဝနှစ်ခြမ်းဖြစ်သွားခြင်းရဲ့နောက်ဆက်တွဲ၊ တတိယက နောက်ဆက်တွဲ ကိစ္စမှာ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းမှာ ထန်တလန်ဥပမာကို ပြောခဲ့သလိုပဲ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေမပါဘဲနဲ့ လုပ်လိုက်လို့ နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးထွက်သွားရင် တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းမှာ ထိခိုက်မှု ရှိနိုင်တယ်။ ကိုင်တွယ်ပုံ မှန်ကန်ဖို့လိုတယ်။ စစ်ရေးကိုပဲသွားနေတယ်ဆိုပြီး နိုင်ငံရေးအရ သက်ရောက်မယ့်ဆိုးကျိုးကို မစဉ်းစားဘူးဆိုရင် ကျနော်တို့အချင်းချင်းကြား ယုံကြည်မှုပျက်ပြားမှုကနေ ချင်းအနာဂါတ်နိုင်ငံရေးကို အများအပြား ထိခိုက်နိုင်တယ်။

မေး။ ။ ချင်းတော်လှန်ရေးမှာ CC နဲ့ ICNCC တို့ နှစ်ခြမ်းကွဲမှုကနေ ဆုံမှတ်ရှာဖို့၊ ပြန်လည်ပေါင်းစည်းရေး အဖြေက ဘယ်လိုလုပ်ရင်ဖြစ်မလဲ၊ ဘယ်လိုစတင်ကြရင် ကောင်းမလဲ။

ဖြေ။ ။ လုံးဝ ယုံကြည်မှုပျက်ပြားစေတဲ့ လုပ်ဆောင်မှုမှန်သမျှကို အခုချိန်မှာစရှောင်သင့်ပြီ။ ယုံကြည်မှုရှိစေမယ့် အခင်းအကျင်းမျိုးကို စတင်လုပ်ဆောင်သင့်ပြီ။ CJDC ပျက်ကတည်းက ချင်းနိုင်ငံရေးနှစ်ခြမ်းဖြစ်ကတည်းက ချင်းအခြေအနေက စိတ်အေးအေးနဲ့ထားလို့ မရတော့တဲ့အခင်းအကျင်း ရောက်နေပြီလို့ပြောချင်ပါတယ်။ ခုချိန်မှာ နိုင်ငံရေးက အရမ်းကြီး ရှေ့တန်းတင်လို့မရဘူးလို့ပြောရင် တော်လှန်ရေးရလဒ်က ကျနော်တို့မျှော်လင့်ထားသလို ကောင်းမှာမဟုတ်ဘူး။ ကျနော်တို့စစ်ရေးနဲ့နိုင်ငံရေး ဟန်ချက်ညီနိုင်ဖို့လိုတယ်။ တချို့မှာက စစ်ရေးကပါတီတစ်ခု၊ နိုင်ငံရေးကပါတီတစ်ခု၊ ဥပမာ ရခိုင်ပေါ့နော်။ ချင်းအခင်းအကျင်းကတော့ ရခိုင်နဲ့ ကရင်နဲ့ သွားနှိုင်းလို့မရဘူး။

ချင်းအခင်းအကျင်းအရ လက်နက်ကိုင်အဖွဲ့တစ်ခုက သူ့နယ်မြေမှာ လူဦးရေသောင်းချီကိုရှိတယ်။ နယ်မြေလည်း ရှိတယ်။ သူ့နောက်ခံ စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံတမ်းကလည်း ရှိတယ်။ ဒီလိုအခြေအနေမှာ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုကို အတိုင်းအတာတစ်ခုထိ နေရာမပေးဘူး။ အသိအမှတ်မပြုဘူးဆိုရင် သူနဲ့သူ့ပြည်သူတွေကို ဘေးဖယ်ထားရာရောက်တယ်။ ပြောချင်တာက စစ်ရေးအရဒီလိုသွားနေတယ်ဆိုရင် နိုင်ငံရေးအရပြန်လည်စုစည်းတဲ့ အခါမှာ တချို့တွေကမူရင်းပြည်နယ်ကနေ ကျန်ခဲ့တာမျိုးကလွယ်ကူတယ်။ အဲတော့ ချင်းနိုင်ငံရေးမှာ စစ်ရေး၊နိုင်ငံရေး ဟန်ချက်မညီဘူးဆိုရင် မျိုးနွယ်စုတစ်စုကျန်ခဲ့တာနဲ့ အပြောင်းအလဲကများစွာ ဖြစ်သွားနိုင်တယ်။

အဲဒါကြောင့် ချင်းလဲန်းကောင်စီတို့၊ ICNCC တို့က ပထမဆုံး စုစည်းနိုင်ဖို့လိုတယ်။ အဲလိုစုစည်းနိုင်ဖို့ဆိုရင် လောလောဆယ်က နိုင်ငံရေးလမ်းပြမြေပုံ လိုတယ်လို့ပြောချင်ပါတယ်။ ချင်းနိုင်ငံရေးအတွက် နိုင်ငံရေးဘုံရည်မှန်းချက် အဖြေရှာဖို့အတွက် နိုင်ငံရေးလမ်းပြမြေပုံသုံးပြီးတော့မှ အဲအထဲမှာလိုအပ်ရင် ICNCC နဲ့ CC တို့ လတိုင်းတွေ့ဆုံမှုမျိုး ဖန်းတီးမလား၊၊ ကာကွယ်ရေးအင်အားစုတွေဘက်မှာလည်း စစ်ရေးကဏ္ဍနဲ့ပတ်သက်လို့ နှီးနှောဖလှယ်ပွဲကို လတိုင်း လုပ်မလား၊၊ နိုင်ငံရေးလမ်းပြမြေပုံနဲ့ အချင်းချင်းကြားယုံကြည်မှုကို ဖြစ်ပေါ်စေမယ့်လမ်းကြောင်းကို နှစ်ဖက်က မသွေမတိမ်းလျှောက်ပြီးမှ နောက်ဆုံးပြန်စုစည်းပေးနိုင်မယ့် ဖွဲ့စည်းပုံလိုဟာမျိုးပေါ့။ ဒီဟာမျိုးဖြစ်ဖို့ကလည်း တွေ့ဆုံမှုကနေပဲ ရမှာဖြစ်ပါတယ်။

မေး။ ။ ချင်းပြည် ပလက်ဝမှာ AA က အုပ်ချုပ်ရေးတွေဖော်ဆောင်နေတယ်။ ဒေသခံတွေ ပလက်ဝကနေ ဝင်ထွက် သွားလာမယ်ဆိုရင် AA ရဲ့ ထောက်ခံချက်တွေယူရတယ်၊ အဲဒါမပါရင် သွားမရဘူး ဒီလိုဖြစ်လာတဲ့အပေါ်မှာရော ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ ပလက်ဝအရေးအပါအဝင် ဘယ်ကဏ္ဍမဆို ကျနော်တို့အားနည်းချက်များစွာပါတယ်။ ကျနော်တို့ပေါ့ဆမှုတွေ ဖြစ်တယ်။ ဒုတိယက ပလက်ဝကိစ္စမှာ ကျနော်တို့မစုစည်းနိုင်တဲ့ကိစ္စကြောင့် AA နဲ့ တိုက်ရိုက်စကားမပြောနိုင်သေးတဲ့ အခါမှာ AA က ရခိုင်ပြည်နယ်အဖြစ် သွက်သွင်းတဲ့ဟာမျိုး တရားဝင်မပြောသေးဘူး။ ပြောရင် လုံးဝလည်းရမှာ မဟုတ်ဘူး။ မပြောသေးတဲ့ကာလအထိ သူအုပ်ချုပ်ရေးလုပ်နေတယ်ဆိုတာက တနေ့မှာအဖြေရှာဖို့အတွက် ကျန်နေသေးတဲ့ အခင်းအကျင်းလို့ဆိုရမှာပါ။ ပလက်ဝအခင်းအကျင်းက ရခိုင်ကလည်း ပြသနာရှောင်တတ်ဖို့လိုတယ်။ ပလက်ဝမှာ ရခိုင်နဲ့ ချင်းပြသနာဖြစ်ရင် AA ပဲ ပိုနစ်နာမယ်။ ချင်းသာစည်းလုံးရင် အဖြေမှန်ထွက်မယ်လို့ ယုံကြည်တယ်။ တတိယအချက်က ပလက်ဝကိစ္စမှာ နှစ်ဖက်အင်အားစုတွေအနေနဲ့ ချင်း- ရခိုင်ပဋိပက္ခဖြစ်အောင် သွေးထိုးလှုံဆော်မှု အခင်းအကျင်းအဖြစ် မသုံးသင့်ဘူးလို့ယူဆတယ်။ အဲလိုဖြစ်ရင် အိန္ဒိယကလည်း ကြိုက်မှာမဟုတ်ဘူး။ အိန္ဒိယတို့ တရုတ်တို့လို နိုင်ငံကြီးတွေကို ထည့်သွင်းမစဉ်းစားဘူးဆိုရင် ကျနော်တို့ပိုနစ်နာနိုင်တယ်။

ပလက်ဝဟာ ရခိုင်ပြည်လွတ်မြောက်ဖို့ ဖြတ်လေးဖြတ်ခုခံနိုင်ဖို့ လမ်းကြောင်း ယာယီသုံးဖို့လိုအပ်တယ်။ အဲဒါကို ကျနော်တို့ဘဝတူ တော်လှန်ရေးအချင်းချင်း နားလည်ပေးတယ်။ အခုဆိုရင်လည်း အိန္ဒိယဘက်က ချင်းလောင်တလိုင် လူငယ်တွေက အဲဒီလမ်းမကြီးအသုံးပြုခွင့်ကို ပိတ်လိုက်တဲ့အခါမှာ နစ်နာမှာက ရခိုင်ပဲ။ ကျနော်ပြောချင်တာက ပလက်ဝကိစ္စနဲ့ ပတ်သက်ရင် ရခိုင်က ကြိုက်သလို လုပ်လို့မရဘူး။ လုပ်ရင် နစ်နာလေလေပဲဖြစ်မယ်။ ဒီလိုအခင်းအကျင်းမှာ အချင်းချင်း စည်းလုံးပြီး လှလှပပသမိုင်းဝင်အခမ်းအနားနဲ့ ရခိုင်နဲ့ချင်းကြား အာဏာလွှဲပေး တာမျိုး ဦးတည်သင့်တယ်လို့ ပြောချင်တယ်။ ပလက်ဝကိစ္စနဲ့ ပတ်သက်ရင်တော့ ကျနော်မစိုးရိမ်ဘူး။ ကျနော် ပြောချင်တာက ချင်းတွေဟာ ဒီလိုဟာမျိုးက ပလက်ဝမှာပဲကြုံရမှာမဟုတ်ဘူး။ တခြားဒေသတွေမှာလည်း ကြုံရနိုင်တယ်။ ဒါကြောင့် စည်းလုံးဖို့ အဖြေအမြန်ရှာကြဖို့ ပြောချင်တယ်။

မေး။ ။ တခြားဘာများ ဖြည့်စွက်ပြောချင်တာရှိပါလဲခင်ဗျာ။

ဖြေ။ ။ ချင်းတွေ သတိထားရမယ့်ဟာရှိတယ်။ ကျနော်တို့ဟာ အချင်းချင်းခံစားအောင် လုပ်လို့မရဘူး။ ဝမ်းနည်းအောင်လုပ်လို့မရဘူး။ ဘာလို့လည်းဆိုတော့ ကျနော်တို့မှာ ဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံတမ်း မတူမှုတွေ များစွာရှိတယ်။ ကျနော်တို့တော်လှန်ရေး အခင်းအကျင်းမှာ လူမျိုးပေါင်းစုံနဲ့လက်တွဲပြီးမှ အလုပ်လုပ်လာတာရှိတယ်။ ကျနော်တို့အလိုချင်ဆုံးကတော့ သမိုင်းမှာအစဉ်အဆက်ဖြစ်လာခဲ့တဲ့ဟာ ထပ်မံ မဖြစ်ပွားဖို့၊ တန်းတူရည်တူဆိုတာမျိုး ဖြစ်တယ်။ လူသားချင်းအဆင့်အတန်းတူ ဆက်ဆံနိုင်စွမ်းရှိစေချင်တယ်။

ဒါက ချင်းလူမျိုးတွေအတွက် စံနမူနာမှု ဖြစ်တယ်။ အဲဒီလို စံနမူနာအခင်းအကျင်းကို မခင်းနိုင်ဘူးဆိုရင် စောစောက ကျနော်ပြောခဲ့တဲ့ လိုအပ်ရင် ချင်းမြေပုံဟာ အပြောင်းအလဲဖြစ်သွားနိုင်တဲ့ အနေအထားမျိုးရောက်သွားနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးစနစ်သစ်မှာ လူမျိုးတစ်မျိုးက ပြည်နယ်တစ်ခုမှာပဲရှိရမယ်လို့ မဟုတ်တော့ဘူး။ ဆိုတော့ ဒီလိုစိတ်ခံစားချက်ဝင်အောင် အချင်းချင်း တွန်းပို့တဲ့ဟာမျိုး၊ နှိမ်တာမျိုးမလုပ်ကြဖို့ ပြည်တွင်း/ပြည်ပ ပြည်သူတွေရော၊ တော်လှန်ရေးဦးဆောင်သူတွေကို တိုက်တွန်းချင်ပါတယ်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here