ပြည်သူအသက်အိုးအိမ်စိုးရိမ်ချက်ကြောင့် မြဝတီတိုက်ပွဲမှ အနည်းငယ်ဆုတ်ခွာထားသည်ဟု KNU ပြောဆို

0
26
Photo - Reuters

ပြည်သူလူထု၏အသက်အိုးအိမ် ထိခိုက်ပျက်စီးမည့် စိုးရိမ်ချက်ကြောင့် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်းမှ နောက်သို့ အနည်းငယ်ဆုတ်ခွာထားရသည်ဟု ကရင်အမျိုးသားအစည်းအရုံး-KNU က ပြောဆိုသည်။

KNU ပြောခွင့်ရပဒိုစောကလယ်စေးက “ အမှတ် (၂) တံတားအောက်က စစ်ကောင်စီတပ်တွေကို တိုက်တဲ့ နေရာမှာ လောလောဆယ် ကျနော်တို့အခြေအနေအရ နောက်ကို နည်းနည်းပြန်ဆုတ်လိုက်တဲ့ သဘောရှိတယ်။ ဘာကြောင့်လဲဆိုတော့ စစ်ကောင်စီက လေကြောင်းနဲ့မြောက်မြားစွာ ဗုံးကြဲချတဲ့အပေါ်မှာ ပြည်သူလူထုအတွက် လည်း စိုးရိမ်မှုရှိတယ်။ ဒါကိုကျနော်တို့ ပြန်လည်သုံးသပ်နိုင်ဖို့ အမှတ် (၂) တံတားနောက်ကို နည်းနည်းပြန်ဆုတ် လိုက်တဲ့သဘောပါ” ဟု ပြောသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ထိုင်း-မြန်မာနယ်စပ် အမှတ် (၂) ချစ်ကြည်ရေးတံတားအနီးရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များက ဝင်ရောက် ပစ်ခတ်သည့် တိုက်ပွဲမှ ယာယီဆုတ်ခွာခဲ့သည့်အပေါ် KNU ပြောခွင့်ရက ထိုသို့ပြောဆိုခြင်း ဖြစ်သည်။

ဧပြီလ ၁၉ ရက်နေ့က စတင်ပြီး မြဝတီမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ-၂၇၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် များအား KNLA ပူးပေါင်းတပ်မှ ဝင်ရောက်တိုက်ခိုက်စဥ် စစ်ကောင်စီဘက်က လေကြောင်းနှင့်ပစ်ခတ်မှု အကြိမ်ရေ ၁၅၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူလူထု ထိခိုက်သေဆုံးမှုများ ရှိလာနေသည်။

KNLA ပူးပေါင်းတပ်များဘက်က ထိုသို့ဆုတ်ခွာထားသော်လည်း စစ်ကောင်စီတပ်က လေယာဥ် ၂ စင်းဖြင့် ဧပြီ ၂၂ ရက်နေ့ မနက် ၁၂ နာရီ ဝန်းကျင်တွင် မြဝတီမြို့ပေါ်ရှိ မြေနီကုန်းရပ်ကွက်အနီးတဝိုက်ကို ဗုံးထပ်မံကြဲချသည်ဟု မြေပြင်ရှိ စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

“မနေ့ (ဧပြီ ၂၁ ရက်) ညနေစောင်းလောက်က တော်တော်ငြိမ်သွားပြီ။ မနက်ကြီး (၁၂) နာရီကျော်လောက် ကြတော့ လေယာဥ်နှစ်စီးနဲ့ မြေနီကုန်းတဝိုက်ကို လာကြဲသွားတယ်။ အခုချိန်ထိကတော့ လက်နက်ကြီးလည်း မပစ်ဘူး။ လေယာဥ်လည်း လာမဝဲတော့ဘူး ငြိမ်နေတယ်” ဟု ၎င်းက ဆိုသည်။

ဧပြီ ၂၁ ရက်နေ့ တိုက်ပွဲအတွင်း ဒေသခံထိခိုက်သေဆုံးမှုအပြင် KNLA ပူးပေါင်းတပ်ဘက်မှ တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း မြဝတီမြို့ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါသည်။

မြဝတီမြို့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒဏ်ရာရသူရှိ ဒေသခံပြည်သူ ရာချီရှိကြောင်းနှင့် ဗုံးစထိမှန်တာကြောင့် ဒေသခံအမျိုးသမီး ၄ ဦး သေဆုံးခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံက သိရှိရသည်။

မြဝတီမြို့စောင့်တပ် ခလရ-၂၇၅ အား KNLA ပူးပေါင်းတပ်မှ ဝင်ရောက်တိုက်ခိုက်စဉ် သိမ်းပိုက်ရရှိခဲ့သော်လည်း စစ်ကောင်စီဘက်က စစ်ကူပေးရန်နှင့် မြို့ကိုပြန်လည်သိမ်းယူနိုင်ရန် ကော့ကရိတ်ဘက်မှ စစ်ကြောင်း အကြီးအကျယ် ထိုးစစ်ဆင်လာသလို ပူးပေါင်းတပ်ဘက်ကလည်း စစ်ကူစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်နေသဖြင့် ကော့ကရိတ်ဒေသတခွင်တွင် နှစ်ဖက်တိုက်ပွဲ အကြီးအကျယ်ဖြစ်ပွားလျက်ရှိသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here