လွိုင်ကော်၊ ကုန်းသာကျေးရွာ ဗုံးကြဲခံရပြီး ကလေးငယ်အပါအဝင် ဒေသခံပြည်သူ ၆ ဦး ပွဲချင်းပြီးသေဆုံး

0
30

ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာကို ဧပြီ ၂၀ ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီက လေယာဉ်နှင့်ဗုံးကြဲခဲ့တာကြောင့် ၅ နှစ်အောက် ကလေးငယ်အပါအဝင် ဒေသခံပြည်သူ ၆ ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

“ဗုံးကြဲတာက နေအိမ်တည့်တည့်ပေါ့ သူတို့နေတဲ့ နေအိမ်တည့်တည့်ကျလို့။ ဒီ ဗုံးကျတာကတော့ ၂ လုံးကြဲတာ ၂ ကြိမ် ကြဲတာမျိုးမဟုတ်ဘူး။ တခါတည်းကို ၂ လုံးကြဲတာ အဲ့လိုမျိုး” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

ဗုံးကြဲခံရတာကြောင့် သေဆုံးသွားသူများတွင် အသက် ၈၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၄၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၆ နှစ်အရွယ် ယောကျာ်းလေးတစ်ဦးနှင့် အသက် ၂ နှစ်ရွယ် မိန်းကလေးတစ်ဦးတို့ ဖြစ်ကြသည်။

သေဆုံးသူများသည် နေအိမ်တစ်လုံးထဲတွင် နေထိုင်ကြသည့် မိသားစုဝင်များ ဖြစ်ကြကြောင်းနှင့် ယင်းသို့ ဗုံးကြဲခံရတာကြောင့် အခြားဒေသခံပြည်သူ ၁၀ ဦးလည်း ထိခိုက်ဒဏ်ရာရှိခဲ့ပြီး၊ ရွာရှိနေအိမ် ၂၀ ဝန်းကျင်လည်း ပျက်စီးသွားခဲ့ရသည်ဟု ၎င်းက ဆက်ပြောဆိုသည်။

မိုးဗြဲအခြေစိုက် ခမရ (၄၂၂) တပ်ဘက်၌သာ တိုက်ပွဲဖြစ်ပွားတာရှိပြီး ကုန်းသာကျေးရွာ အနီးအနားတွင် တိုက်ပွဲ ဖြစ်ပွားတာ မရှိကြောင်း အခြားဒေသခံတစ်ဦးက ပြောဆိုသည်။

“သူတို့ ပြန်နေတာတော့ ကြာပြီ။ တိုက်ပွဲဖြစ်တာနဲ့တော့ နီးလားဆိုတာကတော့ တိုက်ပွဲက ၄၂၂ မှာဖြစ်တာ။ ဒါပေမယ့် ကုန်းသာမှာကြတော့ ဒီတိုင်းပဲ ပြည်သူတွေ ပြန်နေကြတာ။ တခြားတိုက်ပွဲ အသေးအမွှားတွေတော့ မရှိဘူးပေါ့နော ဒီ ၄၂၂ ကလွဲရင်ပေါ့” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့ ညကလည်း ဖယ်ခုံမြို့နယ်၊ အနောက်ဖက်ခြမ်းတနေရာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက လေယာဉ်နှင့်ဗုံးကြဲခဲ့သည့်အတွက် ၃ နှစ်အရွယ် ကလေးငယ်အပါအဝင် ၃ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here