“လူထုက တော်လှန်ရေးအပေါ်သစ္စာရှိစွာနဲ့ ပါဝင်နေတာကို NUG အနေနဲ့ မသိကျိုးကျွံပြုမယ်ဆိုရင်တော့ လူထုနဲ့ ဆန့်ကျင်ဘက်မှာ ဘယ်သူနေရဲသလဲဆိုပြီး ကျနော်တို့တွေ အကြမ်းဖက်စစ်အုပ်စုကို မြို့ပေါ်ဆန္ဒပြပွဲတွေတုန်းက မေးခွန်းထုတ် ကြွေးကြော်ခဲ့သလိုပဲ NUG ကို လူထုက ထပ်ပြီးမေးခွန်းထုတ်ပါလိမ့်မယ်” ကိုမျိုးသူရ (GSC)

0
136
ပုံစာ - ကိုမျိုးသူရ (စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ - GSC)

အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) မှ လူမျိုးပေါင်းစုံပြည်သူလူထံသို့ တင်ပြသည့် အစီရင်ခံစာနှင့်ပတ်သက်ပြီး GSC မှ ကိုမျိုးသူရနှင့် ဆက်သွယ်မေးမြန်းချက်။

ယခုဧပြီလအတွင်း၌ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က ကြီးမှုးကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံအပြီး NUCC အတွင်း ဖြစ်ပေါ်တိုးတက်မှုများကို အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေ သပိတ်ကော်မတီ (GSC) မှ လူမျိုးပေါင်းစုံပြည်သူလူထံသို့ တင်ပြသည့်အစီရင်ခံစာ ထုတ်ပြန်လာပါသည်။

အဆိုပါ အစီရင်ခံစာတွင် GSC အနေဖြင့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံတွင် အတည်ပြု ဆုံးဖြတ်ပေးနိုင်ရန် တင်သွင်းခဲ့သည့် အဆိုပြုချက်များ၊ ထောက်ခံဆွေးနွေးခဲ့သည့် အဆိုများ၊ ပထမအကြိမ် ပြည်သူ့ညီလာခံတွင် တင်ပြဆွေးနွေးခဲ့သည့် အဆိုပြုချက်များ၊ NUCC ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ ပျက်ကွက်မှုများ၊ ရင်ဆိုင်နေရသည့် အခက်အခဲများ၊ အကြံပြုချက်များ ပါဝင်ပါသည်။

အဆိုပါအစီရင်ခံစာနှင့် ပတ်သက်ပြီး စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ General Strike Committee – GSC) က ကိုမျိုးသူရကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ဒုတိယအကြိမ် ပြည်သူ့ညီလာခံအပြီးမှာ NUCC အတွင်း ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ပတ်သက်ပြီး အစီရင်ခံစာ ထုတ်ပြန်လာတာ တွေ့ရပါတယ်။ ဘာကြောင့် ဒီအစီရင်ခံစာ ထုတ်ပြန်ရလဲဆိုတာ အရင်ဆုံး ရှင်းပြပေးပါဦး။

ဖြေ။ ။ အစီအရင်ခံစာထုတ်ပြန်ရတဲ့ အဓိကအကြောင်းအရင်း (၂) ချက် ရှိပါတယ်။ တစ်ကတော့ တော်လှန်ရေးကို အဓိကထောက်ပံ့ပေးထားပြီးတော့ တကယ့်နေ့စဉ်ဘဝတွေမှာ ရင်ဆိုင်တိုက်ပွဲဝင်နေရတဲ့ လူထုအနေနဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ညီလာခံအတွင်းမှာ ဘာတွေ ဆွေးနွေး ခဲ့ကြတယ်၊ ဘာတွေ တိုက်တွန်းခဲ့ကြတယ် ဆိုတာကို သိပိုင်ခွင့်ရှိတယ်လို့ ကျနော်တို့ ယူဆလို့ဖြစ်တယ်။

နှစ်ကတော့ ၃ နှစ်တာ ကာလအတွင်းမှာ လူထုဟာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နဲ့ ပတ်သက်လို့ သေသေချာချာ သိခွင့်မရရှိခဲ့ဘူး။ NUCC အလုပ်မဖြစ်ဘူး ဆိုတာကိုပဲ သိနေခဲ့ကြပြီး ဘာကြောင့် ဘယ်လိုကြောင့် အလုပ်မဖြစ်ဘူး ဆိုတာကို လူထုက သိရှိမနေတဲ့အတွက် ကျနော်တို့ GSC အနေနဲ့ လူထုကို အစီအရင်ခံ တင်ပြရခြင်း ဖြစ်ပါတယ်။ လူထုအနေနဲ့ လူထုကို ကိုယ်စားပြုထားတယ်လို့ဆိုတဲ့ အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ သိပိုင်ခွင့်ရှိတယ် ဆိုတာကြောင့် ဖြစ်ပါတယ်။

မေး။ ။ ဒီအစီရင်ခံစာမှာ ဘယ်လိုအကြောင်းအရာတွေ အဓိကပါဝင်ပါလဲ။

ဖြေ။ ။ လူထုသိဖို့ လိုအပ်နေတဲ့အချက်အလက်တွေ ပါပါတယ်။ အစီအရင်ခံစာကို ၅ ပိုင်း ခွဲရေးထားပါတယ်။ တပိုင်းက GSC ရဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အပေါ် သဘောာထားဖြစ်ပါတယ်။ နောက်တပိုင်းကတော့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ညီလာခံ ၂ ကြိမ်အတွင်း GSC က တိုက်တွန်းဆွေးနွေးခဲ့တဲ့ ဆွေးနွေးချက်တွေ ဖြစ်ပါတယ်။ နောက်တပိုင်းကတော့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ ၃ နှစ်တာအတွင်း ဖြစ်ပေါ်တိုးတက်မှုတွေ ဖြစ်ပါတယ်။

ပြီးရင် အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အတွင်း ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဖြစ်ပြီးတော့ နောက်ဆုံးအပိုင်း ကတော့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အနေနဲ့ လက်ရှိဖြစ်နေတဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်ဖို့အတွက် GSC ရဲ့ အကြံပြုချက်အပိုင်း ဖြစ်ပါတယ်။ ဘယ်လိုအကြောင်းအရာတွေ အဓိကပါဝင်သလဲဆိုတာထက် အကြောင်းအရာအကုန်လုံးက လူထုနဲ့ တော်လှန်ရေးအင်အားစုတွေအတွက် အရေးကြီးတဲ့ သတင်းစကားတွေ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

မေး။ ။ အစီရင်ခံစာအရ GSC အနေနဲ့ ဒုတိယအကြိမ်ညီလာခံမှာ အတည်ပြုဆုံးဖြတ်နိုင်ဖို့ အဆိုပြုချက် (၄) ချက် တင်သွင်းထားတာ တွေ့ရတယ်။ ဒီအဆိုပြုချက် ၄ ခုကရော အောင်မြင်ခဲ့ပါလား။

ဖြေ။ ။ ကျနော်တို့ GSC က တင်သွင်းတဲ့ အဆို (၄) ခုမှာ နောက်ဆုံးတချက်ဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို တော်လှန်ရေးအင်အားစုတွေအနေနဲ့ ပူးပေါင်းပြီး မဟာဗျူဟာမြောက်စွာ အလျင် အမြန် ကိုင်တွယ်ဖြေရှင်းသင့်တယ်ဆိုတာက ညီလာခံ ဆုံးဖြတ်ချက် (၃) ခုမှာ တခုအပါအဝင် ဖြစ်ပါတယ်။ ပြီးရင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို ၆ လ တကြိမ် ပြည်သူ့ညီလာခံ ကျင်းပရန်ဆိုတဲ့ ဆွေးနွေးချက်ကိုလည်း အဆိုပြုချက်နှင့် အကြံပြုချက်များအား မှတ်တမ်းတင်ခြင်းမှာ ပါဝင်အောင် ဆွေးနွေးနိုင်ခဲ့ ကြပါတယ်။ အဆိုပြုချက်အကုန်လုံးက အောင်မြင်ခဲ့တာမဟုတ်ပေမဲ့လည်း အတိုင်းအတာတခု ကြီးကြီးမားမားအထိ ညီလာခံအတွင်း ထိရောက်စွာဆွေးနွေးနိုင်ခဲ့ပါတယ်။

Photo – GSC (ပုံဟောင်းဖြစ်သည်)

မေး။ ။ လာမယ့် အောက်တိုဘာ ၁၆ ရက်ထက် နောက်မကျဘဲ NUG ကို Reform လုပ်ဖို့၊ တာဝန်က ပြန်လည်ရုတ်သိမ်းပိုင်ခွင့်နဲ့ ပတ်သက်ပြီး အဆိုပြုထားတာက ဘယ်လောက်ဖြစ်နိုင်ချေရှိပါလဲ။

ဖြေ။ ။ ဘယ်လောက်ဖြစ်နိုင်ချေ ရှိသလဲဆိုတာထက် ဖြစ်ကိုဖြစ်သင့်တဲ့ အဆိုပြုချက်ပါ။ ဒီ့အပြင် NUG အနေနဲ့ ဒါကိုငြင်းဆန်နိုင်တဲ့ အခွင့်အာဏာ ရှိမနေပါဘူး။ ဒီအဆိုပြုချက်က ဒုတိယအကြိမ် ပြည်သူ့ညီလာခံအတွင်း ညီလာခံကိုယ်စားလှယ်တွေ အတော်များများ အဆိုပြုတဲ့ဆွေးနွေးချက် ဖြစ်ပါတယ်။ ဒါက ဘာကိုပြသနေတာလဲ ဆိုရင်တော့ လူထုအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပေါ် ဘယ်လောက်ထိ အလေးထားသလဲဆိုတာ ပြသနေတာပါ။

လူထုက တော်လှန်ရေးအပေါ် သစ္စာရှိစွာနဲ့ ပါဝင်နေတာကို NUG အနေနဲ့ မသိကျိုးကျွံ ပြုမယ်ဆိုရင်တော့ လူထုနဲ့ဆန့်ကျင်ဘက်မှာ ဘယ်သူနေရဲသလဲဆိုပြီး ကျနော်တို့တွေ အကြမ်းဖက်စစ်အုပ်စုကို မြို့ပေါ်ဆန္ဒပြပွဲ တွေတုန်းက မေးခွန်းထုတ် ကြွေးကြော်ခဲ့သလိုပဲ NUG ကို လူထုက ထပ်ပြီး မေးခွန်းထုတ်ပါလိမ့်မယ်။ ဒါ့အပြင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) သာမကဘဲ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC) ကိုလည်း ပြန်လည်သုံးသပ်ပြင်ဆင်သင့်တယ် ဆိုတာကို ကျနော်တို့ GSC က ညီလာခံ တက်ရောက်တဲ့ ကိုယ်စားလှယ်များ က ပြည်သူများကိုယ်စား ဆွေးနွေးခဲ့ပါတယ်။

မေး။ ။ NUCC ရဲ့ အစည်းအဝေးဆုံးချက်တွေ ချမှတ်ရာမှာ Full Consensus ကနေ Sufficient Consensus ကို ပြောင်းလဲနိုင်ဖို့အတွက် အဆိုပြုထားတာတွေ့ရတယ်။ ဘယ်လိုမျိုး Sufficient Consensus ကို ဆိုလိုချင်တာလဲ။ ရာခိုင်နှုန်း သတ်မှတ်ထားတာမျိုး ရှိလား။ ပြောင်းလဲနိုင်ဖို့အတွက်ရော ဘာတွေလိုအပ်မလဲ။

ဖြေ။ ။ FC (Full Consensus) ကြောင့် ကျနော်တို့အနေနဲ့ လုပ်ရမဲ့အလုပ်တွေ မလုပ်နိုင်ပဲဖြစ်နေတာပါ။​ FC ကို NUCC အတွင်းမှာ ပါဝင်နေတဲ့ နိုင်ငံရေးအင်အားစုများက တော်လှန်ရေးအကျိုးစီးပွား လူထုအကျိုးစီးပွားထက် သူတို့ရဲ့အကျိုးစီးပွားအတွက် အသုံးချနေတာကြောင့် ဒီလိုမျိုး FC ကို အသုံးပြုပြီးတော့ ဆုံးဖြတ်ချက်ရယူဖို့ဆိုတဲ့ နေရာမှာ သူတို့ရဲ့အကျိုးစီးပွားအပေါ်မှာပဲ အခြေခံဆုံးဖြတ်နေကြတဲ့အတွက် ပြင်ဆင်သင့်တယ်လို့ ထောက်ပြထားတာ ဖြစ်ပါတယ်။

အကုန်လုံးသဘောတူမှ အလုပ်ဆက်လုပ်မယ် ဆိုတာထက် သဘောတူညီသည့် အစုအဖွဲ့ အရေအတွက်များလျှင် အလုပ်ဆက်လုပ်နိုင်ပြီး သဘောမတူညီသည့် အစုအဖွဲ့၏ သဘောထားမှတ်ချက်ကိုလည်း မှတ်တမ်းတင်ထားရှိပြီး အများသဘောတူညီစွာဖြင့် လုပ်ကိုင်ဆောင်ရွက်မှသာ ရှေ့ကိုလှမ်းနိုင်မှာပါ။ ကျနော်တို့ ဆိုလိုတဲ့ SC (Sufficient Consensus) က ဘာလဲဆိုတော့ NUCC အတွင်း ဆုံးဖြတ်ချက်ချသည့်အခါမှာ လုံလောက်သည့် သဘောတူညီမှု ရရှိလျှင် အလုပ်ဆက်လုပ်နိုင်သည် ဆိုတဲ့သဘော ဖြစ်ပါတယ်။

မေး။ ။ အခုပြီးခဲ့တဲ့ NUCC ရဲ့ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို GSC အနေနဲ့ ဘယ်လိုရှုမြင်သုံးသပ်ပါလဲ။

ဖြေ။ ။ GSC အနေနဲ့ NUCC ရဲ့ ဒုတိယအကြိမ်ညီလာခံကို အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခဲ့မှုအပေါ်မှာ အားရ ပါတယ်။ ဒါ့အပြင် NUCC အတွင်းက အားပြိုင်မှုတွေကိုလည်း ညီလာခံအပြီးမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ လူထုက မြင်တွေ့လိုက်ရတဲ့အပေါ်မှာ ကောင်းမွန်တယ်လို့ သုံးသပ်ပါတယ်။

မေး။ ။ NUCC ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီးရော ကျေနပ်အားရမှုရှိပါလား။

ဖြေ။ ။ ကျေနပ်အားရမှု မရှိပါဘူးခင်ဗျ။ ဒီ့အတွက်လည်း ကျနော်တို့ဟာ NUCC အဖွဲ့ဝင် အဖွဲ့စည်းတခုအနေနဲ့ NUCC အတွင်းမှာ ထိရောက်တဲ့တိုက်တွန်းမှုတွေ မလုပ်ဆောင်နိုင်ခဲ့တဲ့အပေါ်မှာ GSC အနေနဲ့ တောင်းပန်လို ပါတယ်။ ကျနော်တို့အနေနဲ့ ဒီထက်မက ပိုမိုပြီးတော့ ပြည်သူ့အကျိုးကို သယ်ပိုးပါ့မယ်လို့လည်း တဆက်တည်း ပြောလိုပါတယ်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here