မာန်အောင်မြို့နယ်၊ သစ်ပုံအုပ်စုမှ ကျေးရွာနှစ်ရွာအား တစ်ပတ်အတွင်းပြောင်းရွှေ့ရန် စစ်ကောင်စီနှင်ထုတ်

0
35
photo - Rathedaung Khitthit

ရခိုင်ပြည်၊ မာန်အောင်မြို့နယ်၊ သစ်ပုံအုပ်စုရှိ ကျေးရွာနှစ်ရွာသို့ ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီစစ်ကြာင်း ရောက်ရှိလာကြပြီး ရွာသားများအား တစ်ပတ်အတွင်း ရွာမှထွက်သွားကြရန် ဖိအားပေးနှင်ထုတ်ခဲ့သည်ဟု သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းတွင် ကမောင်တောင်စခန်းမှ အရာရှိတစ်ဦးနှင့် စစ်အင်အား ၅၀ ခန့် ပါဝင်ပြီး သစ်ပုံအုပ်စုထဲမှ ငှက်ပျောတောရပ်ကွက်နှင့် အနောက်ပါးရပ်ကွက်မှ ကျေးရွာသားများကို ရွာမှထွက်သွား ကြရန် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း မာန်အောင်ဒေသခံတစ်ဦးက ပြောပါသည်။

“ကမောင်တောင်က ဗိုလ်တစ်ယောက်နဲ့ စစ်သား အယောက် ၅၀ လောက်က ကားသုံးစီးနဲ့ ရွာထဲဝင်ပြီး ရွာသားတွေကို ဒီ ၇ ရက်အတွင်းမှာ ပြောင်းရမယ်ပြောတယ်။ အခုကျနော်တို့ ရွာသားတွေ ဆောက်တည်ရာမရ ဖြစ်နေကြရပါပြီ” ဟု ၎င်းက ပြောသည်။

ထိုသို့ရွာသားများကို စစ်ကောင်စီက နှင်ထုတ်ရခြင်းမှာ သစ်ပုံကျေးရွာမှ ရွာသားများသည် အာရက္ခတပ်တော် (AA) ကို ထောက်ပံ့ပေးခြင်းကြောင့်ဖြစ်သည်ဟု အခြားကျေးရွာသားတစ်ဦးက ပြောသည်။

“သူတို့က အာရက္ခတပ်တော်ကို ဒီရပ်ကွက်တွေက ထောက်ပံ့တယ် ဆက်စပ်တယ်ဆိုပြီး နှင်ထုတ်တာ နောက်လူတွေ မလုပ်ရဲအောင်ဆိုပြီး” ဟု အဆိုပါကျေးရွာသားများက ပြောသည်။

ဧပြီ ၁၈ ရက်နေ့ ညနေပိုင်း အချိန်အထိ အိမ်ထောင်စု ၁၀ စု ခန့်ကို ရွာပြင်သို့ ထွက်သွားခိုင်းခဲ့ပြီး ကျန်နေသည့် ရွာသားများကို တစ်ပတ်အတွင်း မထွက်ပေးပါက ရွာကိုမီးရှို့မည်ဟု ခြိမ်းခြောက်ခဲ့သဖြင့် ရွာသားများမှာ ကြောက်ရွံစိုးရိမ်နေကြသည်ဟု မာန်အောင်မြို့ လူမှုရေးလုပ်ကိုင်နေသူများက ပြောသည်။

ရွာမှထွက်ခွာသွားသူများကို သစ်ပုံကျေးရွာနှင့် ၇ မိုင်ကွာဝေးသည့် ဖက်ယားကျေးရွာနှင့် ပန်းခြံကျေးရွာသို့ ပြောင်းရွေ့စေပြီး တာလပတ်များ မိုး၍နေခိုင်းထားသည်ဟု သိရသည်။ သစ်ပုံကျေးရွာအုပ်စုတစ်ခုလုံးတွင် အိမ်ခြေ ၆၃၉ အိမ် ရှိပြီး လူဦးရေ ၂ ထောင်ကျော် နေထိုင်ကြကြောင်း သိရသည်။

မာန်အောင်မြို့နယ် ကျေးရွာတချို့မှ လူမှုရေးလှုပ်ရှားသူများနှင့် ဒေသခံပြည်သူများကို စစ်ကောင်စီ လက်အောက် မာန်အောင်မြို့မရဲစခန်းတွင် အာရက္ခတပ်တော် (AA) ၏ တပ်ဖွဲ့ဝင်များဟု စွပ်စွဲပြီး စာရင်းပြုစုထားသဖြင့် စိုးရိမ်မှုဖြင့် နေနေကြရသည်ဟု မာန်အောင်ဒေသခံများက ပြောဆိုသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here