“ကိုယ်ကအခုမှ တစ်ရွာနှစ်ရွာလောက်ပဲတွေ့တာ၊ ဒီပျက်စီးဆုံးရှုံးမှုတွေထဲမှာလည်း ကိုယ်ကဆုံးရှုံး ခံထားရပြီးရင် အောင်မြင်အောင် တိုက်ရမယ်။ ရအောင် တိုက်ရမယ်။ ဒီပျက်စီးဆုံးရှုံးကလည်း မွန်တော်လှန်ရေးတပ်တွေ မွန်လူငယ်တွေအတွက် စိန်ခေါ်မှုတရပ် ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်ပိုင်ဆိုင်မှုတွေ၊ ကိုယ့်ဥစ္စာတွေ ဆုံးရှုံးဖူးမှ စိတ်နာတတ်မယ်။ နာကျင်တတ်မယ်။ စိတ်နာတတ်လာမှ အင်အားတွေများလာမယ်…” မွန်လူငယ်တစ်ဦး

0
32
ပုံစာ - မွန်ပြည်သစ်ပါတီ၏ မွန်ဘာသာထုတ်ပြန်ချက်နှင့် ဓမ္မသကျေးရွာ မီးလောင်မှုမြင်ကွင်း။

မွန်ဒေသမှာစစ်မျက်နှာဖွင့်ဖို့ အချိန်အခါမသင့်သေးဘူးဆိုသည့် မွန်ပြည်သစ်ပါတီ၏ထုတ်ပြန်ချက်အပေါ် မွန်နိုင်ငံရေးအသိုင်းအဝိုင်းကြား လှုပ်ရှားဆောင်ရွက်နေသည့် မွန်လူငယ်တစ်ဦးအား ဆက်သွယ်မေးမြန်းချက်။

မွန်ပြည်နယ်ဒေသအများစုတွင် ကရင်အမျိုးသားအစည်းအရုံး- KNU ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော်- MLA နှင့် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD တို့က နယ်မြေသိမ်း၊ စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲနေသည့်အပေါ် လက်ရှိအခြေအနေနှင့် ကိုက်ညီသည် ဆိုသော်လည်း မွန်ဒေသအတွင်း နေရာယူစစ်ရေးဆင်နွှဲရန် အချိန်မတန်သေးကြောင်း မွန်ပြည်သစ်ပါတီက ဆိုပါသည်။

ပြီးခဲ့သည့် မတ်လကုန်ပိုင်းက စတင်ခဲ့သော ဂျိုင်းမြစ်ဒေသတိုက်ပွဲ၊ ဓမ္မသကျေးရွာ မီးလောင်မှုနှင့် ပတ်သတ်ပြီး မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီက ဧပြီလ ၁၀ ရက်နေ့တွင် မွန်ဘာသာဖြင့် မွန်ဒေသမှာ စစ်မျက်နှာဖွင့်ဖို့ အချိန်အခါမသင့်သေးဘူးဆိုပြီး ထုတ်ပြန်ပြောဆိုခြင်း ဖြစ်သည်။

အဆိုပါထုတ်ပြန်စာတွင် ပြည်သူများ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရပြီး ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုများ ရင်ဆိုင်နေရသည့်အပေါ် အထူးဂရုပြုရန်စသည့် အချက်များ အပါအဝင်ဖြစ်သည်။

မွန်ပြည်သစ်ပါတီက ထိုသို့ပြောဆိုလာသည့်အပေါ် မွန်ဒေသအတွင်းက ပြည်သူတွေနဲ့ လူငယ်တွေကရော ဘယ်လိုသုံးသပ် ထင်မြင်ကြပါလဲ။ ဒီအခြေအနေနှင့် ပတ်သက်ပြီး မွန်နိုင်ငံရေး အသိုင်းအဝိုင်းကြား လှုပ်ရှားဆောင်ရွက်နေသည့် မွန်လူငယ်တစ်ဦးကို ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါသည်။

မေး။ ။ မွန်ဒေသမှာ စစ်မျက်နှာဖွင့်ဖို့ အချိန်အခါမသင့်သေးဘူးဆိုတဲ့ ထုတ်ပြန်ချက်အပေါ် မွန်လူငယ်တစ်ယောက်အနေနဲ့ ဘယ်လိုမြင်ပါလဲ၊၊

ဖြေ။ ။ ဒီထုတ်ပြန်ချက်အပေါ်မှာက ကျွန်တော်အနေနဲ့တော့ မဖြစ်သင့်ဘူး။ မဖြစ်သင့်ဘူးဆိုတာက စစ်မျက်နှာ စဖွင့်သင့်နေပြီလို့မြင်တယ်။ ဒီစာကိုတွေ့ပြီးလည်း စိတ်မကောင်းဖြစ်မိတယ်။ ပြီးတော့ နောက်တခုက တိုင်းရင်းသားအဖွဲ့တွေကြား ပြောရမယ်ဆို ကရင်တို့ ကချင်တို့ AA တို့ တော်လှန်ရေးတပ်တွေ ဒေသစုံက တပ်တွေပေါ့၊ သူတို့တွေ စစ်ရေးအရှိန်မြှင့်တင်နေတဲ့အချိန်မှာ သူတို့ပုံစံနဲ့ သူတို့အနေနဲ့ အောင်မြင်မှု လည်းရှိမယ်။ ဆုံးရှုံးမှုတွေလည်းရှိမယ်။ တိုက်ပွဲ ဖြစ်တာဆိုတော့လေ။

ကျွန်တော်တို့မွန်တွေမှာလည်း စသင့်နေပြီ၊ သူများတွေ စနေတဲ့အချိန်မှာ ကိုယ်ကမစရင် သူများနားတဲ့ချိန်မှာ ကိုယ်ကစရင် သူများ အင်အားတွေ ကိုယ့်ကိုလာဖိတာများမှာစိုးတယ်။ သူတို့စာထုတ်ပြန်တဲ့အပေါ်မှာလည်း ကျွန်တော်သိသလောက်ကတော့ အမြင်တွေပြောင်းလဲလာတယ်။ အခုချိန် စစ်ရေးအရှိန်တွေ မြှင့်တင်နေတဲ့ အချိန်မှာ မွန်ပြည်တော်လှန်ရေးတပ် MSRF တို့၊ ဒေါနတို့ပေါ့၊ ခုလိုချိန်မှာ အခုလိုစာထုတ်တော့ စိတ်ဓာတ်တွေ ယိမ်းယိုင်လာမှာ စိုးတယ်။ လူငယ်တွေကြား ပြည်သူတွေကြားမှာလည်း မွန်အင်အားတွေ နည်းလာမှာ စိုးတယ်။

မေး။ ။ နောက်တချက်က ပြည်သူတွေပျက်စီးဆုံးရှုံးမှုအပေါ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ အထူးဂရုပြုကြဖို့ကိုလည်း အဲ့ဒီထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားတယ်။ ဒီအပေါ်မှာရော ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ စစ်ရယ်လို့ဖြစ်လာရင် ပျက်စီးဆုံးရှုံးမှုတွေကရှိမှာပဲ။ တစ်ခုကိုလိုချင်ရင် တစ်ခုကိုစွန့်လွှတ်နိုင်မှ ဆုံးရှုံးခံနိုင်မှ တိုးတက်မှုဆိုတာရမယ်။ စစ်ပွဲလို့ ပြောရမယ်ဆိုရင် စစ်မျက်နှာဖွင့်ခဲ့တဲ့ မြောက်ပိုင်းတို့ဆို သူတို့ဆုံးရှုံးခဲ့တာ ကိုယ့်ထက်အဆအများကြီး။ ကိုယ်ကအခုမှ တစ်ရွာနှစ်ရွာလောက်ပဲတွေ့တာ၊ ဒီပျက်စီး ဆုံးရှုံးမှုတွေထဲမှာလည်း ကိုယ်ကဆုံးရှုံးခံထားရပြီးရင် အောင်မြင်အောင်တိုက်ရမယ်။ ရအောင် တိုက်ရမယ်။ ဒီပျက်စီးဆုံးရှုံးကလည်း မွန်တော်လှန်ရေးတပ်တွေ မွန်လူငယ်တွေအတွက် စိန်ခေါ်မှုတရပ်ဖြစ်နေတယ်။

ဘာဖြစ်လို့လဲဆိုရင် ကိုယ့်ပိုင်ဆိုင်မှုတွေ၊ ကိုယ့်ဥစ္စာတွေ ဆုံးရှုံးဖူးမှ စိတ်နာတတ်မယ်။ နာကျင်တတ်မယ်။ စိတ်နာတတ်လာမှ အင်အားတွေများလာမယ်လို့ ကျွန်တော်မြင်တယ်။ ဒါပေမဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဆုံးရှုံး မခံနိုင်ဘူးဆိုရင် တဖက်ကို မျှော်မှန်းလို့မရဘူး။ လူငယ်တွေရဲ့အင်အားလည်း မျှော်မှန်းလို့မရဘူး။ ပြည်သူတွေရဲ့အင်အားလည်း ယူလို့မရဘူး။ ဒီအချိန်မှာက သူများတွေစစ်မျက်နှာဖွင့်နေတဲ့ အချိန်ဆိုတော့ ကိုယ်လည်း ဖွင့်သင့်တယ်။

မေး။ ။ အဲဒီတော့ လက်ရှိအချိန်ဟာ မွန်ပြည်အတွင်းလှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် စစ်ရေးအရလှုပ်ရှားဖို့ အကောင်းဆုံးအချိန်ဖြစ်မယ်လို့ ထင်ပါလား။

ဖြေ။ ။ လူငယ်တစ်ယောက်အနေနဲ့တော့ အချိန်ကောင်းလို့ပဲမြင်တယ်။ အပေါ်က ကျွန်တော်ပြောသလိုပဲ သူများစစ်မျက်နှာဖွင့်လို့ ကိုယ်ကလိုက်ဖွင့်ရတယ်ဆိုတာ မဟုတ်ဘူး။ သူများလုပ်လို့ ကိုယ်ကနေမရလို့ လုပ်လိုက်ရတယ်ဆိုတာလည်း မဟုတ်ဘူး။ ဒါပေမဲ့ သူတို့တွေအင်အားနည်းလို့ သူများစစ်မျက်နှာဖွင့်နေတဲ့ အချိန် ကိုယ်ကမဖွင့်ရင် သူများအင်အားတွေ ကိုယ့်အပေါ်လာဖိမယ်။ သူတို့အင်အားနည်းတဲ့အချိန် သူတို့အလံဖြူထောင်နေတဲ့အချိန် ကိုယ်လည်းဖွင့်မယ်ဆိုရင် တနည်းမဟုတ်တနည်း ဆုံးရှုံးမှုတွေရှိပေမယ့် အောင်မြင်မှုတွေ ပိုရမယ်ထင်တယ်။ ဒီအချိန်က အကောင်းဆုံးပဲ။

မေး။ ။ မွန်ဒေသအတွင်း လက်နက်ကိုင်တော်လှန်နေတဲ့အပေါ် မွန်လူငယ်တွေအနေနဲ့ ဘယ်လိုအားဖြည့် ပါဝင်နေတာရှိပါလဲ။

ဖြေ။ ။ ဒီရေးဘက်ခြမ်းမှာတော့ MSRF ၊MSDF တို့က ရေးဘက်ခြမ်းမှာ စစ်မျက်နှာဖွင့်နေကြပြီး။ MNSP- AD တို့လည်း ဟိုဘက်မှာဖွင့်လာကြပြီဆိုတော့ ပူးပေါင်းမှုတွေက အလိုလိုရှိလာတယ်။ လူငယ်တွေလည်း အဓိက NMSP-AD ဘက်ခြမ်း ရောက်သွားတာပိုများတယ်။ အခြားတော်လှန်ရေးအဖွဲ့တွေထဲ ရောက်သွားတာ တွေရှိမယ်။ စစ်တပ်ကထုတ်ပြန်ထားတဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများစုကတော့ စုပေါင်းပြီး လက်နက်ကိုင်တော်လှန်တဲ့ဘက် သွားကြတာများတယ်။ တနည်းမဟုတ်တနည်းတော့ ပြည်သူတွေအနေနဲ့ အင်အားဖြစ်ဖြစ် ပစ္စည်းဥစ္စာဖြစ်ဖြစ် ထောက်ပံ့လာကြတယ်။

မေး။ ။ အခုချိန်မှာက တော်လှန်ရေးတိုက်ပွဲတွေ များလာတဲ့အပေါ် မွန်ပြည်သူတစ်ယောက်အနေနဲ့ ဘယ်လိုမျှော်လင့်ထားတာတွေရှိပါလဲ။

ဖြေ။ ။ မျှော်လင့်ချက်ကတော့ တော်လှန်ရေးအောင်မြင်ဖို့ပဲ။ အဓိကကတော့ AD ထုတ်ပြန်ထားတဲ့ စာ ၇ ချက် အတိုင်းပဲ။ အဲ့အချက်အပေါ်မှာပဲ သူတို့ဆီကခံယူချက်တွေ မွန်ပြည်သူမွန်လူငယ်တွေဆီက ခံယူချက်တွေ ကိုယ့်အတွက်အခွင့်အရေး ကိုယ်တိုင်ဖန်တီးနိုင်အောင် ကိုယ်နယ်မြေမှာ ကိုယ်အုပ်ချုပ် နိုင်အောင် အဲဒါတွေပါပဲ။ ဒီတော်လှန်ရေးတွေကလည်း အောင်မြင်ပြီး ကိုယ့်လူမျိုးအခွင့်အရေးရတဲ့အထိ မျှော်မှန်းထားတယ်။

မေး။ ။ မွန်ပြည်သစ်ပါတီက ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်အပေါ် ဘာတွေ ထပ်မံပြောလိုတာရှိပါလဲ။

ဖြေ။ ။ ပြောချင်တာက ခုကလူငယ်တွေအတွက် တိုက်ပွဲနော်။ ပိုပြီးစိတ်နာရမှာက ၂၀၀၀ – ၂၀၀၆ မွေးဖွားတဲ့သူတွေက သူတို့အခွင့်အရေးတွေ အများကြီးဆုံးရှုံးထားရတယ်။ သူတို့အတွက် အခွင့်အရေးဆိုတာ ဘာမှမရှိတော့ဘူး။ ကျောင်းတက်နေရင်းနဲ့ ကိုဗစ်ဖြစ်ပြီးတော့ စစ်တပ်အာဏာသိမ်းပြီးတော့ စစ်ပွဲ အဲဒါတွေကြောင့် ဘာအခွင့်အရေးမှ မခံစားလိုက်ရဘူး။ ဒါတွေကြောင့် ပွဲကသူတို့ပွဲဖြစ်နေတာ။ သူတို့က အကုန်လုံးကို ဆုံးရှုံးထားရတော့ ပျော်တဲ့ချိန် မပျော်ရဘူး။ သွားချင်တဲ့အချိန် မသွားရဘူး။ အဲ့ကြောင့်မို့ ဒီပွဲမှာ ပါဝင်အားဖြည့်ဖို့ တနည်းမဟုတ်တနည်း လက်နက်ကိုင်ပြီးတော်လှန်မှမဟုတ်ဘူး၊ ကဏ္ဍအသီးသီးမှာ ဥပမာ ထောက်ပံ့တဲ့နေရာလား ထောက်ပို့လား အဲ့လိုနေရာတွေမှာလည်း ပါဝင်အားဖြည့်နိုင်တယ်။ ဒီထုတ်ပြန်ချက်အပေါ်မှာလည်း သိပ်ပြီးစိတ်မယိုင်စေလိုဘူး။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here