ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် NUG နှင့်အတူ အဆုံးတိုင်တိုက်ပွဲဝင်မည်ဟု CNF ပြော

0
43

အာဏာရှင်စနစ်မှန်သမျှကို အပြတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် NUG အစိုးရနှင့် လက်တွဲ၍ အဆုံးတိုင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အောက်ချင်းငှက်သစ္စာကို တိုင်တည်၍ အဓိဌာန်ပြုကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) က ပြောဆိုသည်။

ဧပြီလ ၁၆ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ၃ နှစ်ပြည့် အခမ်းအနားကို ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာတွင် ချင်းအမျိုးသားတပ်ဦး CNF က ထိုကဲ့သို့ ကတိပြုခဲ့ခြင်း ဖြစ်သည်။

ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်၊ ပင်လုံစိတ်ဓါတ်နှင့်အညီ နိုင်ငံရေးအရ တန်းတူမှုရှိပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးအတွက် NUG အစိုးရနှင့် နိုင်ငံရေး ဘုံရည်မှန်းချက်တူနေသရွေ့ တလှေထဲခရီးဖြင့် ရှေ့ဆက်တော်လှန်တိုက်ပွဲဝင်သွားမည်ဟု CNF က ထုတ်ပြန်ပြောဆိုသည်။

၂၀၂၁ ခုနှစ် မေလ ၂၉ ရက်က CNF နှင့် NUG အစိုးရတို့အကြား အချက် ၈ ချက်ပါ နှစ်ဖက်သဘောတူညီချက်အတိုင်း ဆက်လက်ရပ်တည်သွားမည်ဖြစ်ပြီး စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်မှန်သမျှ အပြတ်ချေမှုန်းမည်ဟု CNF က ပြောသည်။

ယနေ့သည် စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများအပါအဝင် နွေဦးတော်လှန်ရေး အင်အားစုအသီးသီးမှ စစ်ကောင်စီကိုဖြုတ်ချ၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းခဲ့သည်မှာ ၃ နှစ် ပြည့်ပြီးဖြစ်သည်။

၂၀၂၁ ခုနှစ် မေလ ၂၉ ရက်က CNF နှင့် NUG အစိုးရတို့အကြား အချက် ၈ ချက်ပါ သဘောတူညီချက်တွင် အပြန်အလှန်အသိ အမှတ်ပြုမှု၊ အပြန်အလှန်လေးစားမှုဖြင့် အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးအချက်တို့ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် ဖက်ဒရယ် ဒီမိုကရေစီစနစ် ဖော်ဆောင်ကျင့်သုံးရေးအတွက် တန်းတူရေးအခြေခံဖြင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အခြားအရေးကြီးသော ပူးပေါင်းဆောင်ရွက်မှု ကိစ္စများပါဝင်ကြောင်း သိရသည်။

CNF နှင့် NUG အစိုးရတို့ကြား အချက် ၈ ချက်ပါ နှစ်ဖက်သဘောတူညီချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးများနှင့် ချင်းအမျိုးသားတပ်ဦး (CNF) မှ ဥက္ကဌ ပူးဇင်ကျုံး၊ ဒု-ဥက္ကဌများ၊ အထွေထွေအတွင်းရေးမှူးများမှ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here