စစ်ကောင်စီတပ်က တောင်ကုတ်ဒုအကောက်ခွန်မှူးနေအိမ်ကို ဝင်ရောက်စီးနင်း

0
33

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ် ဒုအကောက်ခွန်မှူးနေအိမ်ကို စစ်ကောင်စီတပ်က အတင်းဝင်ရောက် စီးနင်းရှာဖွေပြီး စာရွက်စာတမ်းများအပြင် ကျပ်ငွေ သိန်း ၆၀ နှင့် ရွှေ ၅ ကျပ်သား အပါအဝင် လက်ကိုင်ဖုန်းများကို သိမ်းဆည်းယူသွားကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။

တောင်ကုတ်မြို့နယ် ဒုတိယအကောက်ခွန်မှူးဦးမြလွင်၏ နတ်မော်ကျေးရွာမှနေအိမ်ကို ဧပြီ ၁၆ ရက် မနက်ပိုင်းက ဗိုလ်မှူးအောင်ကိုဦးဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့အင်အား ၃၀ ကျော်ခန့်က ဝင်ရောက် စီးနင်းရှာဖွေခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“နတ်မော်ရွာထဲမှာရှိတဲ့ တောင်ကုတ်မြို့နယ်အခွန်မှူးအိမ်ကို စစ်တပ်ကဝင်ပြီးမွှေသွားတယ်။ စစ်တပ်လာတဲ့ အချိန် အခွန်မှူးက အိမ်မှာမရှိဘူး။ သူ့အမျိုးသမီးပဲ ရှိတယ်။ အခွန်စာရွက်တွေ၊ အခွန်ငွေတွေ၊ ရွှေတွေ လက်ကိုင်ဖုန်းတွေပါ အကုန်သိမ်းယူသွားတယ်လို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရှာဖွေစဥ်တွင် ဒုအကောက်ခွန်မှူးဦးမြလွင်မှာ နေအိမ်တွင် မရှိကြောင်းနှင့် စစ်ကောင်စီတပ်က ၎င်း၏ဇနီးဖြစ်သူ ဝတ်ဆင်ထားသည့် ရွှေနားကပ်တစ်ရံကိုပါ အတင်းဖြုတ်ယူသွားသည်ဟု ဒေသခံများက ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခြင်းနှင့် ပတ်သက်ပြီး နောက်ကွယ်ကအကြောင်းအရင်းကို မသိရှိကြရကြောင်း ကျေးရွာသားများက ပြောဆိုသည်။

နိရဥ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here