မကွေးတွင် အုပ်ချုပ်ရေးမှူးများ ရှင်းလင်းခံနေရသော်လည်း စစ်ကောင်စီတပ်က လုံခြုံရေးမပေးနိုင်

0
34
ပုံစာ - စစ်ကောင်စီအုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံထားရစဉ် (Photo - CJ)

မကွေးတိုင်းအတွင်း စစ်မှုထမ်းရန်မဲဆွယ်သည့် အုပ်ချုပ်ရေးမှူးများ ရှင်းလင်းခံနေရသော်လည်း စစ်ကောင်စီတပ်ဘက်က အင်အားလုံလောက်မှု မရှိသောကြောင့် လုံခြုံရေးမပေးနိုင်တော့သည့် အခြေအနေရှိနေသည်ဟု တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများက ပြောသည်။

မကွေးတိုင်းအတွင်းရှိ စလင်း၊ ချောက်၊ နတ်မောက်နှင့် တောင်တွင်း မြို့နယ်များ၌ စစ်မှုထမ်းရန် လှုံဆော်နေသော အုပ်ချုပ်ရေးမှူး ၂၀ ထက်နည်းသည် မတ်လနှင့် ဧပြီလအတွင်း သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

လက်နက်ကိုင်ဆောင်ထားသည့် အုပ်ချုပ်ရေးမှူးများကို ကာကွယ်ရေးအဖွဲ့များက စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး ရှင်းလင်းသတ်ဖြတ်မှုများ လုပ်ဆောင်နေပြီး လက်နက်မကိုင်ထားသည့် အုပ်ချုပ်ရေးမှူးများကို ဖမ်းဆီးပြီး သက်ဆိုင်ရာအဖွဲ့အစည်းထံ အပ်နှံနေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါသည်။

“သူတို့ကို ကျွန်တော်တို့က သတိပေးတယ်။ ကာကွယ်ရေးအဖွဲ့တွေအနေနဲ့လည်း ထုတ်ပြန်ချက်တွေထုတ်တယ်။ ဆက်ပြီး မလုပ်ဆောင်ဖို့ လုပ်ဆောင်ရင် အရေးယူမှာကိုလည်း ထုတ်ပြန်တယ်။ မလိုက်နာဘဲ ဆပ်လုပ်နေသူတွေကို အရေးယူတာ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

တော်လှန်ရေးတပ်များက အခုလို အရေးယူဆောင်ရွက်နေတာကြောင့် စစ်မှုထမ်းဥပဒေကို ဆန့်ကျင်သည့် ကျေးရွာများ ရှိလာသလို အုပ်ချုပ်ရေးမှူးများ အနေနှင့်လည်း စစ်မှုထမ်းရန် လူမခေါ်တော့ဘဲ ငှားရမ်းမှုတွေ လုပ်ဆောင်လာကြောင်း သိရသည်။

ယင်းအပြင် တိုက်ပွဲများဖြစ်ပွားနေသည့် မကွေး-ရခိုင် နယ်စပ်ကို မင်းဘူးခရိုင်အတွင်းက ကာကွယ်ရေး ပစ္စည်းစက်ရုံနှင့် စိုက်ပျိုးရေးတပ်က စစ်သားများပါမကျန် ရှေ့တန်းသွားရတာ ရှိနေကြောင်း သိရသည်။

“အဓိက ကတော့ သူတို့က AA နဲ့ တိုက်ပွဲဖြစ်တဲ့ နေရာတွေကို သွားကြတယ်။ တချို့တပ်တွေကလည်း ကြောက်ကြတယ်။ အပြင် မထွက်ကြဘူး။ သတ်ဖြတ်ခံရလို့ ခေါ်ရင်တောင် လာမကြည့်ကြဘူး” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

အုပ်ချုပ်ရေးမှူးများက အနီးဆုံးနေရာ၌ လာရောက်အထိုင်ချထားသည့် စစ်ကောင်စီတပ်ကို နယ်မြေ ရှင်းလင်းပေးရန် တောင်းဆိုပေမယ့် လာရောက်တာမရှိသည့်အတွက် အုပ်ချုပ်ရေးမှူးများက ရဲစခန်းများတွင် သွားရောက်အိပ်နေကြရသည်ဟုလည်း ဒေသခံများက ဆိုသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here