ပြည်သူ့စစ်ပစ်ခတ်မှုကြောင့် သောက်သုံးရေသွားခပ်သည့် ကျောင်းသူတစ်ဦးသေဆုံး

0
28

ရှမ်းပြည် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တွေပူးကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) က လက်နက်ကြီးနှင့် ရမ်းသန်းပစ်ခတ်မှုကြောင့် သောက်သုံးရေသွားခပ်သည့် ဆယ်တန်းကျောင်းသူတစ်ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရခဲ့သည်ဟု နာရေး ကူညီဆောင်ရွက်ပေးခဲ့သူများက ပြောသည်။

“မအလ က PNO ကို လက်နက်ကြီး ပေးထားတာ။ သူတို့က PDF တွေ ရှိတယ်ထင်ပြီး ရွာထဲကို ရမ်းပစ်တာ။ ပွဲချင်းပြီးပဲ။ ၂ ယောက်ကတော့ ဆေးကုနေတယ် ဒဏ်ရာပြင်းတယ်။ ဆေးကုတဲ့နေရာက သူတို့ အသိမပေးထားဘူး” ဟု ရွာခံများနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

သေဆုံးဒဏ်ရာရသူအမျိုးသမီး ၃ ဦးလုံးမှာ အသက် ၁၅ နှစ်အရွယ် ဆယ်တန်းကျောင်းသူများ ဖြစ်ပြီး စစ်ဘေးရှောင်နေရာမှ ကျေးရွာတွင်းသို့ သောက်သုံးရေဝင်ခပ်ရာမှ လက်နက်ကြီး ထိမှန်ခဲ့ခြင်း ဖြစ်သည်။

ဆိုက်ခေါင်မြို့နှင့် လွယ်ပွတ်ကျေးရွာတို့၌ တပ်စွဲထားသည့် PNA တပ်များက ဧပြီလ ၈ ရက်နေ့၊ နံနက် ၁၀ နာရီခန့် တွင် ယင်းသို့ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် သေဆုံးသူဆယ်တန်းကျောင်းသူမှာ နန်းမြစိန် ဖြစ်သည်ဟု ဆိုသည်။

တွေးပူကျေးရွာနေအမျိုးသားတစ်ဦးက “မနေ့ (ဧပြီ ၇)က ပစ်တာလည်း ရွာထဲကျတာ။ နွား ၄ ကောင် သေတယ်။ တွေးပူရွာက စစ်ရှောင်နေတာကြာပြီ။ ဘယ်သူမှ မကျန်တော့ဘူး။ ဒါပေမယ့် PNA က တစ်အိမ် ၅ သောင်း ကောက်လို့ ပြန်လာပြီးထည့်ရမယ် ပြောနေတယ်” ဟု ပြောသည်။

ဆီဆိုင်မြို့၊ ဆိုက်ခေါင်မြို့နှင့် လွယ်ပွတ်ကျေးရွာတို့တွင် ဧပြီလ ၁ ရက်နေ့ မှစပြီး PNA တပ်များနှင့်အတူ စစ်ကောင်စီတပ်၏ တပ်မ ၅၅ လက်အောက်ခံ ခြေမြန်တပ်ရင်းများသည့် ခမရ ၄၂၃၊ ၄၂၅၊ ၄၂၆ တို့မှ တပ်စွဲထား သည်ဟု တော်လှန်ရေး ရှေ့တန်းသတင်းအရင်းအမြစ်များက ပြောသည်။

ဇန်နဝါရီလ နောက်ဆုံးအပတ် ဆီဆိုင်တိုက်ပွဲ စတင်သည့်ရက်မှစ၍ ဧပြီလ ၈ ရက်နေ့ အထိ စစ်ကောင်စီ၊ PNA ပူးပေါင်းတပ်များ ရမ်းသန်းပစ်ခတ်မှုကြောင့် အရပ်သား ၅၈ ဦး သေဆုံးခဲ့ပြီး ၇၀ကျော် ပြင်းထန်ဒဏ်ရာ ရခဲ့သည်ဟု ပအိုဝ်းလူငယ်အစည်းအရုံးက ထုတ်ပြန်ထားသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here