လောင်းလုံးတွင် စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး

0
16
Photo - LLPDF

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းတပ်စခန်း စနိုက်ပါနှင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

ပြီးခဲ့သည့် ဧပြီ ၉ ရက်နေ့ မနက် ၁၀ နာရီခန့်က အင်အား ၂၅ ဦးဝန်းကျင်နှင့် ကျောက်နီမော်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်စခန်းကို လောင်းလုံး ပကဖအဖွဲ့က စနိုက်ပါနှင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စနိုက်ပါနှင့် ပစ်ခတ်ခံရတာကြောင့် စခန်းအတွင်းရှိ စစ်ကောင်စီတပ်သားတစ်ဦး ထိမှန်သေဆုံးခဲ့သလို ပျူစောထီး တစ်ဦး လက်မောင်းထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါသည်။

ကျောက်နီမော်ကျေးရွာရှိ ပျူစောထီးစခန်းသည်လည်း တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကို မကြာခဏ ခံနေရတာကြောင့် ဧပြီ ၈ ရက်နေ့ညပိုင်းက အင်အား ၅၀ ဝန်းကျင်ပါသော စစ်ကောင်စီတပ်က ရေလမ်းကတဆင့် အဆိုပါစခန်းသို့ အင်အားလာရောက် ဖြည့်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် မတ် ၃ ရက်နေ့ကလည်း ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here