“စစ်တပ်ကတော့ ဒီလောက်အရေးကြီးတဲ့မြို့ကို စွန့်လွတ်ဖို့တော့ လက်ခံမှာ မဟုတ်ဘူး။ ဒါပေမယ့် KIA ရဲ့ စစ်ဗျူဟာက အရင်တုန်းကလိုနဲ့ မတူတော့ဘူး။ လက်နက်ပစ္စည်းတွေကလည်း အင်အားတောင့်လာတဲ့ အခြေအနေမှာ ရှိလာပြီ။ ဒါကြောင့် လက်မလွတ်ချင်ရင်လည်း အနေအထားကအဲဒီဘက်ရောက်လာပြီ” လွယ်ဂျယ်ဒေသခံ အမျိုးသားတစ်ဦး

0
29
ပုံစာ - လက်ရှိတွင် လွယ်ဂျယ်မြို့တွင်း KIA တပ်သားများ သွားလာလှုပ်ရှားနေသည့်မြင်ကွင်း။

တရုတ်နယ်စပ်ကုန်သွယ်ရေးဇုန်မြို့ဖြစ်သည့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ရှိ လွယ်ဂျယ်မြို့ကို ပြီးခဲ့သည့်မတ်လ ၂၉ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်များက ဝိုင်းရံပိတ်ဆို့ထားပြီး မြို့တွင်း ကျန်ရှိနေသည့် စစ်ကောင်စီတပ်သားများကို ငြိမ်းချမ်းစွာတပ်ဆုတ်သွားရန် KIA က သတိပေးပြောဆိုထားသည်။

သို့သော် ဧပြီလ ၃ ရက်နေ့ အထိ စစ်ကောင်စီတပ်သားများက လွယ်ဂျယ်မြို့တွင်းတပ်ထဲကနေ ထွက်ခွာသွားခြင်း မရှိသည့်အတွက် ဧပြီ ၄ ရက်နေ့တွင် လွယ်ဂျယ်မြို့အတွင်းရှိ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား လည်ပတ်နေသော လဝက၊ စရဖ၊ ဆေးရုံနှင့် အုပ်ချုပ်ရေးရုံးနေရာများကို KIA ကချိတ်ပိတ်ပြီး အလံဖြုတ်သိမ်းလိုက်သည့် လှုပ်ရှားမှု များ လုပ်ဆောင်ခဲ့သည်။

KIA တပ်များက လွယ်ဂျယ်မြို့ကို သိမ်းပိုက်ရန် ဝိုင်းရံပိတ်ဆို့ထားချိန် တစ်ဖက်တွင်လည်း တရုတ်အစိုးရက နယ်စပ်ဂိတ်နေရာ၌ ပစ်ခတ်တာမလုပ်ရန် KIO/KIA ကို ဖိအားပေး ပြောဆိုထားမှု ရှိနေတာကြောင့် ပစ်ခတ်မှု မလုပ်ဘဲ စစ်ကောင်စီတပ်သားများအား တပ်စခန်းမှ ထွက်ခွာသွားရန် သတိပေးပြောဆိုနေခြင်း ဖြစ်သည်။

လက်ရှိတွင် လွယ်ဂျယ်မြို့တွင်းရှိ စစ်ကောင်စီတပ်သားများသည် တပ်စခန်းထဲ၌ ပုန်းခိုနေကြပြီး ထွက်လာလို့ မရအောင် KIA တပ်များက ပိတ်ဆို့ထားတာကြောင့် စစ်ကောင်စီ တပ်သားတချို့နှင့် ရဲတပ်သားများက အရပ်ဝတ်နှင့် လွယ်ဂျယ်မြို့တွင်းမှာပင် ပုန်းရှောင်နေကြကြောင်း သိရသည်။

KIA တပ်များက လွယ်ဂျယ်မြို့ရှိ ရဲစခန်းအပြင် အစိုးရရုံးနေရာများကို ချိတ်ပိတ်ထားပြီး မြို့တွင်းနေရာများတွင် KIA စစ်ယူဖောင်းဖြင့် လွတ်လပ်စွာ သွားလာလှုပ်ရှားနေတာကြောင့် လွယ်ဂျယ်မြို့၏ ၈၀ ရာခိုင်နှုန်းကို KIA က သိမ်းပိုက်ထားပြီဟု ဒေသခံများက ပြောဆိုကြသည်။

ထိုအခြေအနေများကြောင့် လက်ရှိ၌ လွယ်ဂျယ်မြို့တစ်ခုလုံးတွင် KIA တပ်များ၏ စစ်ရေးဆောင်ရွက်မှု ဘယ်လို ရှိနေပါလဲ။ KIA ထိန်းချုပ်မှုအောက်တွင် ရှိနေပါပြီလား။ နောက်ဆုံးအခြေအနေကို သိရှိနိုင်ရန် လွယ်ဂျယ်ဒေသခံ အမျိုးသားတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အခု လွယ်ဂျယ်မြို့တစ်ခုလုံးက KIA ရဲ့ ထိန်းချုပ်မှုအောက်မှာရှိလာတဲ့ အနေအထား မြင်တွေ့လာ ရတယ်။ တကယ်ပဲ လွယ်ဂျယ်ကို KIA ထိန်းချုပ်လိုက်ပြီလား။

ဖြေ။ ။ ဒီမှာရှိကြတဲ့ KIA အဖွဲ့တွေနဲ့ ပြောဆိုတဲ့အခါမှာ တချို့က အစိုးရအလံ ဖြုတ်သိမ်းပြီးတော့ ကချင်အမျိုးသားအလံ ထောင်ထားပြီလို့ ပြောကြပါတယ်။ အဲလိုမဟုတ်ဘူး ဥပမာ – ပြောရရင် အစိုးရရုံးတွေ ဖြစ်တဲ့ လဝက၊ မရကရုံး၊ ဆေးရုံ၊ ရဲစခန်းတွေမှာ ချိတ်ထားတဲ့ အစိုးရအလံတွေကို ဖြုတ်သိမ်းလိုက်တာဖြစ်တယ်။ အပြီးအစီး သိမ်းဆည်းလိုက်တဲ့ အနေအထားမှာ မဟုတ်သေးတဲ့အတွက် ကချင်အလံထောင်တဲ့ အထိတော့ မဟုတ်သေးဘူး။ သိမ်းနိုင်ပြီလို့ ပြောလို့ရပေမယ့် စစ်တပ်က အထဲမှာရှိနေတဲ့အတွက် အဲလိုလုပ်လို့မရသေးဘူး။ တပ်စခန်းတွေ အကုန်သိမ်းပြီးမှပဲ ကချင်အလံထောင်ဖို့ ဖြစ်တယ်လို့ ပြောပြတယ်။

မေး။ ။ လွယ်ဂျယ်မြို့ထဲမှာ စစ်ကောင်စီတပ် ဘယ်လောက်ထိကျန်နေသေးလဲ။ ဘယ်နေရာတွေမှာ ရှိနေကြလဲ။

ဖြေ။ ။ စစ်သားတွေက ဆန်းဖမ်မလီဆိုတဲ့ စစ်သုံးဆီဆိုင်အနီးက တပ်စခန်းအကြီးမှာပဲ ကျန်တော့တယ်။ ဒီမနက် ကျနော်ဖြတ်သွားကြည့်ရင်လည်း အထဲမှာ ရှိတော့ရှိနေသေးတယ်။ ဘယ်လောက်ထိလဲတော့ မသိဘူး။

မေး။ ။ စစ်သားတွေနဲ့ ရဲတွေက အရပ်ဝတ်နဲ့ လွယ်ဂျယ်မြို့ထဲက တည်းခိုခန်း၊ ဟိုတယ်လို နေရာတွေမှာ ပုန်းရှောင်နေကြတယ်လို့လည်း သိရတယ်။ ဘယ်လို ကြားမိပါလဲ။

ဖြေ။ ။ ဒါလည်း ဖြစ်နိုင်ပါတယ်။ စစ်ယူနီဖောင်း မဝတ်ထားတော့ ခန့်မှန်းရခက်တယ်။ စစ်သားတွေအားလုံးက တပ်စခန်းထဲမှာကြီးပဲ မနေနိုင်ပါဘူး။ တလောကတောင် နေအိမ်တချို့က ထမင်းချက်ပို့တယ်လို့ ကြားတယ်။ အဲဒီသူတွေကိုလည်း KIA က သတိပေးထားတယ်။ ထပ်တော့ မလုပ်တော့ဘူးထင်တယ်။

မေး။ ။ အခုလိုမျိုး စစ်သားနဲ့ရဲက အရပ်ဝတ်နဲ့ရှိနေသေးတယ်ဆိုတော့ ဒေသခံတွေက စိုးရိမ်ကြလား။ ဘယ်လိုပြင်ဆင်ပြီး နေထိုင်ကြပါလဲ။

ဖြေ။ ။ ဒေသခံတွေကလေ ဗမာစစ်သားတွေကို စိုးရိမ်ပြီးကြောက်တာမျိုးတော့ မရှိတော့ဘူးလို့ ပြောလို့ရပြီ။ ဘာလို့လဲဆိုတော့ သူတို့က လက်နက်လည်း မကိုင်တော့ဘူးလေ။ သူတို့က ထွက်ပြေးပုန်းရှောင်နေတဲ့ အခြေအနေမှာ ရှိနေတယ်။ အဲဒါကြောင့် အရမ်းကြီး စိုးရိမ်တာမျိုးတော့ မရှိတော့ဘူး။

မေး။ ။ အခုလွယ်ဂျယ်မှာ KIA က မြို့ကိုသိမ်းဖို့ ကြိုးစားနေတာ တပတ်ကျော်လောက်ရှိလာပြီ။ အခုချိန်အထိ ရာနှုန်းပြည့် ထိန်းချုပ်နိုင်တဲ့ အနေအထားမှာ မရှိသေးဘူး။ ဘာကြောင့် အခုလိုကြန့်ကြာနေတယ်လို့ မြင်ပါလဲ။

ဖြေ။ ။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ ပြောဆိုနေတဲ့အတိုင်းပါပဲ။ လွယ်ဂျယ်က နယ်စပ်မှာရှိတဲ့ မြို့နယ်တစ်ခု ဖြစ်ပါတယ်။ တရုတ်အစိုးရနဲ့ သဘောတူညီမှု ရယူထားတဲ့အပိုင်းတွေ ရှိတယ်လို့ မြင်ရတယ်။ ဘာလို့လဲဆိုတော့ တရုတ်နယ်စပ်မှာ မိုင်း၊ လက်နက်သံတွေ ထွက်ရင်လည်း မသင့်တော်ဘူးလို့ထင်တယ်။ ဒါကြောင့်မို့ KIA ဘက်ကလည်း ဒီအခြေအနေပေါ်မှာ ထိန်းပေးတယ်။ တအားကြီး အသံထွက်ပြီး သိမ်းတာမျိုး မဟုတ်ဘဲနဲ့ အေးချမ်းပြီး သိမ်မွေ့စွာနဲ့ သိမ်းယူဖို့ လုပ်နေတယ်လို့မြင်တယ်။ တကယ်လို့ လက်နက်တွေပစ်ပြီး သိမ်းပြီဆိုရင် သိမ်းပြီးသွားတာကြာပါပြီ။ အခုအခြေအနေပေါ်မှာက တရုတ်နဲ့ အချင်းချင်းနားလည်ပေးတဲ့ သဘောနဲ့ လုပ်ဆောင်နေတယ်လို့ပဲ မြင်ပါတယ်။

မေး။ ။ အဲဒါဆိုရင် အခု KIA က လက်နက်သံမထွက်ဘဲ မြို့တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်ဖို့ ဘယ်လိုလုပ်ဆောင်သွားဖို့ရှိတယ်လို့ မြင်ပါလဲ။

ဖြေ။ ။ အခုအခြေအနေက တပ်တွင်းရှိတဲ့စစ်သားတွေကို ငတ်ပြတ်သွားအောင်လုပ်ပြီး စစ်တပ်ဘက်ကနေ အလံဖြူထောင် လက်မြှောက်လာတဲ့အထိ လုပ်မယ်လို့ ထင်ပါတယ်။ အခုက သူတို့စခန်းထဲမှာ အစာတွေ ရှိနေသေးလို့ ခံနိုင်ရည်ရှိနေသေးတယ်လို့ မြင်တယ်။ တကယ်လို့ အစာပြတ်သွားရင်တော့ ထွက်လာကြမယ်လို့ ထင်ပါတယ်။

မေး။ ။ ဒါဆိုရင် KIA က အခုမြို့တွင်းမြို့ပြင် စောင့်ကြည့်နေတဲ့ အနေအထားမှာရှိနေတယ်လို့ ပြောလို့ရမလား။

ဖြေ။ ။ ဟုတ်တယ် သူတို့ကို မျက်စိတောက်ထောက်ပြီးကို ကြည့်နေတယ်။ ပြီးရင် လှုပ်ရှားလို့မရအောင် မြို့တစ်ခုလုံးကိုလည်း ဝိုင်းရံထားတာဖြစ်တယ်။

မေး။ ။ နောက်တစ်ခုက လွယ်ဂျယ်ဒေသခံတွေက တိုက်ပွဲဖြစ်လာမှာစိုးလို့ အားလုံးထွက်ပြေးတိမ်းရှောင်နေကြတာ အခုက မြို့ထဲကို အားလုံးပြန်ဝင်လာကြပြီလား။

ဖြေ။ ။ အများပိုင်း အကုန်ပြန်ဝင်ကြပြီ။ ဘုရားကျောင်း နေရာတွေမှာ၊ လွယ်ဂျယ်နဲ့နီးတဲ့ ကျေးရွာတွေမှာ တိမ်းရှောင်ကြတဲ့သူတွေ၊ ဆွေမျိုးအိမ်တွေမှာ ရှိကြတဲ့သူတွေအကုန်လုံး ပြန်ဝင်လာကြပြီလို့ ပြောလို့ရပါပြီ။

မေး။ ။ လွယ်ဂျယ်မြို့ကို KIA ဘက်က ရာနှုန်းပြည့် ထိန်းချုပ်နိုင်တာ မရှိသေးဘူးလို့ ပြောလို့ရတယ်ဆိုတော့ အခုလို မြို့ထဲကို ပြန်ဝင်လာကြတဲ့သူတွေမှာ စိုးရိမ်မှုတွေရော ဘယ်လိုရှိနေကြပါလဲ။

ဖြေ။ ။ KIA ဘက်ကလည်း အစိုးရရုံးနေရာတွေကို သိမ်းပိုက်ထားပြီးလို့ အားလုံးချိတ်ပိတ်ထားတယ်။ အဲ့လို လုပ်ဆောင်လာတဲ့အပေါ်မှာ ဘာပဲဖြစ်ဖြစ် KIA ရဲ့ အုပ်ချုပ်မှုစနစ်ကိုသွားဖို့ စလာပြီလို့ အားလုံးက ယုံကြည်လာ ကြပြီ။ ဒါ့ကြောင့် ဒေသခံတွေအနေနဲ့တော့ ထွေထွေထူးထူး စိုးရိမ်တာမျိုးတော့ မရှိတော့ဘူးလို့ ပြောလို့ရတယ်။

မေး။ ။ လွယ်မြို့ကို KIA ရဲ့ အုပ်ချုပ်မှုစနစ်နဲ့ သွားဖို့ဆိုရင် အချိန်ဘယ်လောက်ထိ လိုအုံးမယ်လို့ထင်ပါလဲ။

ဖြေ။ ။ အချိန်က သိပ်မကြာတော့ဘူးလို့ မြင်တယ်။ ဘာလို့လဲဆိုတော့ စစ်တပ်တစ်ခုပဲ ကျန်တော့တယ်။ သုံးသပ်ကြည့်သလောက်ဆိုရင် တစ်ပတ်လောက်ပဲ လိုတော့မလားပဲ။

မေး။ ။ ဒါဆိုရင် လွယ်ဂျယ်မြို့က ဘယ်လောက်အထိ အရေးပါတဲ့နယ်စပ်မြို့လို့ ပြောလို့ရမလဲ။

ဖြေ။ ။ လွယ်ဂျယ်မြို့က မြန်မာပြည်အတွက်သာမက ကချင်ပြည်နယ်အတွက်ဆိုရင်လည်း အကြီးဆုံး တရုတ်နယ်စပ် ဝင်ပေါက်တစ်ခု ဖြစ်တယ်။ ဒီထဲကဝင်ငွေတွေလည်း အရမ်းများတယ်။ နှစ်စဉ်အစိုးရရဲ့ ဝင်ငွေအကြမ်းဖျင်း သိရသလောက်ဆိုရင် ဒေါ်လာ သန်း ၁၀၀ ကျော် ဝင်တယ်လို့ ကြားတယ်။ ဒါတောင် အကြမ်းဖျင်းပဲ သိရတာ။

မေး။ ။ တဖက်မှာ စစ်ကောင်စီတပ်ကလည်း လွယ်ဂျယ်မြို့ကို လက်မလွတ်ဖို့ ဘယ်လိုလမ်းကြောင်းတွေနဲ့ လုပ်ဆောင်လာဖို့ရှိလဲ။

ဖြေ။ ။ စစ်တပ်ကတော့ ဒီလောက်အရေးကြီးတဲ့မြို့ကို စွန့်လွတ်ဖို့တော့ လက်ခံမှာ မဟုတ်ဘူး။ ဒါပေမယ့် KIA ရဲ့ စစ်ဗျူဟာက အရင်တုန်းကလိုနဲ့ မတူတော့ဘူး။ လက်နက်ပစ္စည်းတွေကလည်း အင်အားတောင့်လာတဲ့ အခြေအနေမှာ ရှိလာပြီ။ ဒါကြောင့် လက်မလွတ်ချင်ရင်လည်း အနေအထားက အဲဒီဘက်ရောက်လာပြီ။

မေး။ ။ နောက်ဆုံးအနေနဲ့ လွယ်ဂျယ်မြို့ရဲ့ စစ်ရေးအခြေအနေကို ဖြည့်စွက်ပြောပေးပါဦး။

ဖြေ။ ။ အခုက ဒေသခံတွေက စိုးရိမ်စရာမရှိတော့ဘူးလို့ တွေ့ရတယ်။ စစ်တပ်စခန်းတစ်ခုသာ ကျန်ရှိနေပြီ ဖြစ်တဲ့အတွက် အဲဒါကိုသိမ်းယူဖို့ စောင့်ကြည့်နေကြတာ ဖြစ်တယ်။ လိုက်ကြည့်ရသလောက်က ပြည်သူတွေ ကလည်း သူတို့လုပ်စရာရှိတာတွေ လုပ်နေကြတယ်။ ပုံမှန်အတိုင်း ပြန်ဖြစ်နေပြီ။ တခုတော့ စစ်တပ်စခန်း အနီးမှာရှိတဲ့ ပြည်သူတချို့ကတော့ စိုးရိမ်ရသေးတယ်။ ပစ်ခတ်မှု မဖြစ်အောင်လည်း ထိန်းနေကြတာပါပဲ။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here