နိုင်ငံသားကတ်စမတ်ကတ်ဖြင့်မှသာ နိုင်ငံကူးလက်မှတ် ထုတ်ယူနိုင်တော့မည်ဟုဆို

0
30
ပုံစာ - တောင်ကြီးမြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး။

ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (passport ရုံး) တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) အား စမတ်ကတ်ပြောင်းလဲထားမှသာ နိုင်ငံကူးလက်မှတ် ထုတ်ပေးတော့မည်ဟု ထိုရုံးနှင့် နီးစပ်သူများက ပြောသည်။

ယင်းသို့သတ်မှတ်ချက်အား ဧပြီလ ၂၂ ရက်နေ့ နောက်ပိုင်းမှစတင်၍ အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး စစ်မှုထမ်းဥပဒေအတွက် တဖက်တလမ်းမှ အချက်အလက် စုဆောင်းခြင်းဖြစ်သည်ဟု နိုင်ငံကူးလက်မှတ် လုပ်နေသူများက ပြောသည်။

နိုင်ငံကူးလက်မှတ် လုပ်နေသူတစ်ဦးက “စမတ်ကတ်လုပ်ရင် လူတစ်ယောက်ရဲ့ အချက်အလက် အကုန်ပေးရ တယ်။ မျက်စိ၊ မျက်နှာ၊ လက်ဗွေ၊ အရပ်၊ သွေးအုပ်စု အကုန် Scan ဖတ်ရတယ်။ အဘိုး၊ အဖွား၊ ဖုန်းနံပါတ်၊ ဘဏ်အကောင့်တွေပါ ပါတယ်။ ဆိုတော့က ဒါတွေကိုသိတဲ့အတွက် လူငယ်တွေက မလုပ်ချင်ကြဘူး။ ဒီတော့ စစ်ကောင်စီက မင်းတို့စစ်မှုမထမ်းရင် ပြည်ပလည်း ထွက်ခွင့်မပေးဘူးကွာဆိုပြီး ချောင်ပိတ်ရိုက်တာပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် မတ်လအစပိုင်းကလည်း ရှမ်းပြည်တခွင်လုံးတွင် စစ်ကောင်စီက စမတ်ကတ်များ ပြုလုပ်ပေးခဲ့ သော်လည်း လာရောက်လုပ်သူ မရှိသည့်အတွက် တာချီလိတ်နှင့် တောင်ကြီးမြို့ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးများတွင် ယခုကဲသို့ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

ထို့သို့ မဖြစ်မနေ နိုင်ငံသားကတ်အား စမတ်ကတ် ပြုလုပ်ရမည်ဆိုသည့် သတ်မှတ်ချက်ကြောင့် လူငယ်များ အနေဖြင့် တရားမဝင်လမ်းကြောင်းမှ အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်သူ ပိုများလာနိုင်သည်ဟု ပြည်ပထွက်ခွါရန် စောင့်ဆိုင်းနေသူတစ်ဦးက ပြောသည်။

“လမ်းကြောင်းက များတယ်။ နှစ်ပေါင်းများစွာကတည်းကပဲ အောက်လမ်းကနေ သွားလာနေကြတာ။ အခုက ကျောင်းပြန်တက်မယ့်သူတွေ ရှိတယ်။ ဒါက လူနည်းစု၊ အများစုက စစ်မှုထမ်းရှောင်တာနဲ့ အလုပ်လုပ်ဖို့ သွားကြ တာ။ ပတ်စ်ပိုစ့် ဘာညာမရှိလည်း ထိုင်းဘက်က ဘတ်ရိုက်ပေးတာကို စောင့်မှာပဲ။ စမတ်ကတ် လုပ်လိုက်ရင် ကိုယ်ပြေးနိုင်ရင်တောင်မှ မိသားစုက အန္တရာယ်ရှိတယ်” ဟု ၎င်းက ဆိုသည်။

တောင်ကြီးမြို့ပေါ်နှင့် ကျေးရွာများတွင် ဖေဖော်ဝါရီနှင့် မတ်လ ၂ လတာ ကာလအတွင်း စမတ်ကတ် အခမဲ့ ပြုလုပ်ပေးခဲ့သော်လည်း ယခုနိုင်ငံကူးလက်မှတ် လုပ်မည့်သူများအား ဆောင်ရွက်ပေးရာတွင် လူအနေအထားပေါ် မူတည်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက) ဝန်ထမ်းများမှ ကျပ် ၂၀,၀၀၀ မှ ကျပ် ၃၀,၀၀၀ အထိ တောင်းခံနေသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သူများက ပြောသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေ သတ်မှတ်ချက်ထဲ အကျုံးဝင်သည့်သူများ၏ အချက်အလက်များ ရရှိရန်အတွက် အလောတကြီး လုပ်ဆောင်နေလျက် ရှိသည်။

ထိုသို့လုပ်ဆောင်ရာတွင် ရှမ်းပြည်တောင်ပိုင်း၊ ဟဲဟိုးလေဆိပ်နှင့် ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တို့တွင် လေယာဉ်ပေါ် လိုက်ပါမည့် ခရီးသည်တစ်ဦးချင်းအား ဧပြီလအတွင်း ဇီဝအချက်အလက် (Biometric Data) ကောက်ယူသွားရန် ရှိသည်ဟု လေဆိပ်ဝန်ထမ်းများ၏ ပြောပြချက်အရ သိရသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here