KNU က အလှူရှင်နိုင်ငံများအား တာဝန်ယူတာဝန်ခံမှုဖြင့် ညှိနှိုင်းတိုင်ပင်ပြီးမှ ကူညီထောက်ပံ့ကြရန် မေတ္တာရပ်ခံ

0
38

လူသားချင်းစာနာမှုလိုအပ်နေသော မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်များအတွက် ကူညီထောက်ပံ့မှုပေးရာတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ တာဝန်ခံမှု၊ သက်ဆိုင်သူများအကြား သတင်းအချက်အလက်မျှဝေမှုနှင့် ညှိနှိုင်းတိုင်ပင်မှု ပြုပြီးမှသာ ရှေ့ဆက်လုပ်ဆောင်ကြရန် အလှူရှင်နိုင်ငံများအား ကရင်အမျိုးသားအစည်းအရုံး-KNU က မေတ္တာရပ်ခံလိုက်သည်။

မတ်လ ၂၅ ရက်နေ့က မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားမှ တဆင့် ထိုင်းနိုင်ငံကြက်ခြေနီအဖွဲ့မှ မြန်မာကြက်ခြေနီအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်လာသော မြန်မာဒုက္ခသည် ၂၀,၀၀၀ အတွက် ထိုင်းနိုင်ငံ၏ လူသားချင်းစာနာမှုအကူအညီ ပစ္စည်းများနှင့်ပတ်သက်ပြီး KNU ၏ မတ်လ ၂၇ ရက်နေ့ ထုတ်ပြန်ချက်တွင် ထိုသို့တောင်းဆိုထားခြင်း ဖြစ်သည်။

ကရင်အရပ်ဖက် စစ်ရှောင်ကူအဖွဲ့နှင့် တာဝန်ရှိသူများက စစ်ရှောင်ပြည်သူများသို့ ထောက်ပံ့ပစ္စည်းများ ပေးဝေစဥ် စစ်ကောင်စီအဖွဲ့နှင့် ထိပ်တိုက်ရင်ဆိုင်မိခြင်း၊ စစ်ကောင်စီဘက်မှ လေယာဥ်ပျံသန်းခြင်းဖြင့် ခြိမ်းခြောက်မှု လုပ်ဆောင်ခဲ့သောကြောင့် ပစ္စည်းလက်ခံယူနေသော စစ်ရှောင်များသည် ကြောက်လန့်တကြား ဖြစ်ရသည့် စိန်ခေါ်မှုများ အပါအဝင် သတင်းအချက်အလက် ပြည့်စုံစွာ မရရှိခြင်းတို့ တွေ့ကြုံခဲ့ရသည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် လူသားချင်းစာနာမှုအကူအညီအတွက် ဆန့်ကျင်ဘက်အဖွဲ့များအကြား ပွင့်လင်းမြင်သာမှုနှင့် ညှိနှိုင်းတိုင်ပင်မှုတို့ကို ပြုလုပ်ပြီးမှသာ ရှေ့ဆက်အကူအညီများပေးရန် အလှူရှင်နိုင်ငံများအား KNU က မေတ္တာရပ်ခံခြင်း ဖြစ်သည်။

“ဒီပရိုဂရမ်စကတည်းက KNU က ထုတ်ထားတဲ့ ရပ်တည်ချက် ၆ ချက် အပေါ်မှာ အခြေခံတယ်။ ထောက်ပံ့ပစ္စည်း ပေးဝေတဲ့နေရာမှာ နိုင်ငံတကာ NGO တို့ ပြည်တွင်း NGO တို့ CPO, CSO တို့နဲ့ သွားဖို့ဆိုတဲ့အပိုင်းတွေလည်း ပါတာပေါ့။ အခုဖြစ်သွားတဲ့ ဖြစ်စဥ်မှာ ညှိနှိုင်းတိုင်ပင်မှု အားလုံး မရှိနေတာ ဖြစ်တယ်။ အဲ့ဒါကြောင့် နောက်ပိုင်းမှာ ဒီလိုမျိုး အစီအစဥ်တွေ ရှိမယ်ဆိုရင် သေချာညှိနှိုင်းတိုင်ပင်ဖို့ကို ပြောချင်တာပါ” ဟု KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကလယ်စေးက ပြောပါသည်။

ထို့ထုတ်ပြန်ချက်တွင် အာဆီယံနိုင်ငံများနှင့် ထိုင်းအစိုးရထံ ပေးပို့ထားသော KNU ၏ မြန်မာနိုင်ငံ လူသားချင်းစာနာမှု အကျပ်အတည်းနှင့် ပတ်သက်သည့် အကူအညီပေးအပ်မှုဆိုင်ရာ အဆိုပြုစဥ်းစားမှု အခြေခံကိုလည်း အလေးအနက် ထည့်သွင်းစဥ်းစားကြရန် ထည့်သွင်းတိုက်တွန်းထားသည်။

ထိုင်းနိုင်ငံဘက်က စစ်ကောင်စီကြောင့် ဖြစ်ပေါ်လာရသည့် လူသားချင်းစာနာမှုအကူအညီ လိုအပ်ချက်အပေါ် တွင် စစ်တပ်လက်အောက်ခံ မြန်မာ့ကြက်ခြေနီအဖွဲ့အား ကိုယ်စားပြု ပါဝင်စေခြင်းက စစ်ရှောင်ပြည်သူများ၏ ခံစားချက်ကို ဥပေက္ခာပြုရာရောက်ကြောင်း ယင်းထုတ်ပြန်ချက်တွင် KNU က ထောက်ပြရေးသားထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းကတည်းက ထိုင်းနိုင်ငံက မြန်မာကြက်ခြေနီနှင့် ပူးတွဲလုပ်ဆောင်မည့် အစီအစဥ်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုလာသည့်အပေါ် ကရင်အရပ်ဖက် လူမှုအဖွဲ့အစည်းများ အပါအဝင် စစ်တပ်ဆန့်ကျင်သည့် ပြည်တွင်းအရပ်ဖက်အဖွဲ့များက ကန့်ကွက်ခဲ့ကြသလို ထိရောက်သော ကူညီထောက်ပံ့မှု ရရှိနိုင်မည်မဟုတ်ကြောင်း သုံးသပ်ပြောဆိုခဲ့ကြသည်။

ထိုင်းနိုင်ငံအနေဖြင့်မူ လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ခြင်းအပြင် အပစ်ခတ်ရပ်စဲရေးအတွက် သက်ဆိုင်သူများ ပါဝင်သော တွေ့ဆုံဆွေးနွေးမှုများအား မျှော်လင့်ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ပြောဆိုချက်ကို နိုင်ငံတကာသတင်းဌာနများက ကိုးကားဖော်ပြသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here