PDF ကို ထောက်ပံ့သည်ဆိုပြီး သံဖြူဇရပ်မြို့ ဝါခရူကျေးရွာနေ လူငယ်တစ်ဦး အမှုဖွင့်ခံရ

0
64

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝါခရူကျေးရွာနေလူငယ်တစ်ဦးကို PDF အဖွဲ့အား ထောက်ပံ့သည်ဟုဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။

ဝါခရူကျေးရွာနေ အသက် ၁၉ နှစ် အရွယ်ရှိ မောင်ခန့်မင်းသူဆိုသူသည် လူမှုကွန်ရက်ပေါ်တွင် Page ထောင်ပြီး PDF အတွက် အလှူငွေကောက်ခံနေသည်ဟု သတင်းရရှိသဖြင့် ၎င်းကို ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့ ညပိုင်းက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အဲဒီည (မတ်လ ၂၅ ရက်နေ့) က ၇ နာရီလောက်မှာ လာခေါ်သွားတာ။ လူငယ်ဆိုတော့ အိမ်မှာ မရှိနေဘူးလေး၊ အိမ်ကနေ ခေါ်သွားတာတော့မဟုတ်ဘူး။ အဲ့လို page ထောင်ပြီး အလှူခံနေတာလို့ သတင်းရတော့ လာခေါ်သွားတာ” ဟု ၎င်းက ဆိုသည်။

မောင်ခန့်မင်းသူအား အကြမ်းဖက်အဖွဲ့အစည်းတို့ကို နောက်ကွယ်တွင် ငွေကြေးထောက်ပံ့ခဲ့မှုဖြင့် ပုဒ်မ (ပ) ၄၇/၂၀၂၄ ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ- ၅၀ (ည) ဖြင့် အမှုဖွင့် အရေးယူထားသည်ဟု သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းကလည်း သံဖြူဇရပ်မြို့နေ အသက် ၁၈ နှစ်အရွယ် မောင်လွှမ်းမိုးဇော် (ခ) နေတိုး ဆိုသူကို သံဖြူဇရပ်မြို့နယ်၊ ထင်းရူးရဲကင်းစခန်း တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် PDF တပ်ဖွဲ့ဝင်တစ်ဦးဟု ဆိုပြီး အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။

သံဖြူဇရပ်မြို့တွင် စစ်ကောင်စီဘက်မှ PDF ထောက်ပို့ဟု စွပ်စွဲခံထားသူတို့ကို မကြာခဏ ဖမ်းဆီးခြင်း၊ နေအိမ်ပိုင်ဆိုင်မှုများကို ချိတ်ပိတ်သိမ်းဆည်းခြင်း စသဖြင့် မကြာခဏ လုပ်ဆောင်နေကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ အချက်အလက် မှတ်တမ်းများအရ အာဏာသိမ်းကာလအတွင်း မွန်ပြည်နယ်တွင် အရပ်သားပြည်သူ ၈၀၀ ထက်မနည်း ဖမ်းဆီးခံရပြီး၊ အများစုသည် ထောင်ဒဏ် အပြစ်ဒဏ်အသီးသီး ချမှတ်ထားခံရကြောင်း သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here