သံတောင်ကြီး ဘုရင့်နောင်တပ်စခန်းမှ ပစ်ခတ်သည့်လက်နက်ကျည်များကြောင့် ခြံလုပ်ငန်းလုပ်ကိုင်သူများ စိုးရိမ်နေရ

0
44

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်စခန်းမှ နေ့စဥ်ရက်ဆက် ရမ်းသမ်းပစ်ခတ်နေသော လက်နက်ကျည်များသည် တပ်စခန်းအနီး လူသွားလူလာရှိသော ခြံများအတွင်း ကျရောက်ပေါက်ကွဲသဖြင့် ခြံလုပ်ငန်းလုပ်ကိုင်သူဒေသခံများ စိုးရိမ်စိတ်ဖြင့် သတိထားသွားလာနေရကြောင်း သိရသည်။

ဘုရင့်နောင်တပ်က မတ်လ တတိယအပတ်ခန့်မှစ၍ နေ့စဥ်ရက်ဆက် ညနေ ၆ နာရီမှ ည ၁၀ နာရီအတွင်းနှင့် မနက် ၄ နာရီ နောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးငယ်ဖြင့် အကြိမ်ရေများစွာ ပစ်ခတ်နေ သဖြင့် တပ်စခန်းအနီး ခြံလုပ်ငန်းလုပ်ကိုင်သူများသည် သတိဖြင့်နေရကြောင်း ထိုနယ်မြေအတွင်းနေထိုင်သူများက ပြောသည်။

နယ်ခံအမျိုးသမီးတစ်ဦးက “လူနေအိမ်တွေရှိတဲ့နေရာနဲ့ ဘုရင့်နောင်တပ်ကြားက ကုန်းလေးပေါ်ကနေ ပစ်နေတာ၊ ကျမတို့နဲ့ သိပ်မဝေးဘူး။ မနေ့ညက ပစ်တာတောင် ကျမရဲ့ခြံဘေးနားမှာ ကျတယ်။ ကျမခြံက အိမ်နဲ့ဆယ်မိနစ်ပဲ ဝေးတာကိုး။ တစ်ရက်ကလည်း လူနေခြံထဲ ကျတယ်။ ခြံအလုပ်တွေရှိတော့ ဒီရာသီမှာလည်း သွားနေရတာပဲ ဖာလာချိန် ဆိုရင်လည်း ထင်းတွေဘာတွေ ခုတ်ထားရတယ်လေ” ဟု ပြောသည်။

သံတောင်ကြီးမြို့သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံများမှာ ကော်ဖီ၊ ဖာလာ၊ နနွင်း စိုက်ပျိုးခြင်း အပါအဝင် ခြံလုပ်ငန်းကိုသာ အဓိကအားထား လုပ်ကိုင်နေရခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များကြောင့် ခြံများ ပျက်စီးထိခိုက်မှုရှိသော်လည်း ဒေသခံများသည် စားဝတ်နေရေးအတွက် စိုက်ပျိုးခြံအတွင်း မဖြစ်မနေ သွားလာနေရကြောင်း သံတောင်ကြီး မြို့ခံများက ပြောသည်။

ဘုရင့်နောင်စစ်ကောင်စီတပ်မှ လေ့ကျင့်ရေး လုပ်ဆောင်သည့်အနေဖြင့် ထိုသို့ လက်နက်ကျည်များ ပစ်ခတ် နေခြင်းဖြစ်ကြောင်း တပ်တွင်းနှင့်နီးစပ်သူတချို့က ပြောဆိုကြသော်လည်း လူသွားလူလာရှိသော ခြံများအတွင်း ကျရောက်သဖြင့် ဒေသခံများက စိုးရိမ်နေကြရသည်။

အမည်မဖော်လိုသူဒေသခံတစ်ဦးက “အုပ်ချုပ်ရေးမှူးရုံးက တစ်ယောက်ကတော့ သူတို့ (စစ်ကောင်စီတပ်ဖွဲ့ဝင်များ) သင်တန်းတက်နေလို့ ပစ်တာလို့ ပြောတယ်။ သင်တန်းဆိုရင်လည်း ပစ်ကွင်း သတ်သတ် မှတ်မှတ်တော့ ရှိသင့်တာပေါ့နော်။ အခုကြတော့ ဟိုလူ့ခြံထဲကျ ဒီလူ့ခြံထဲကျ ရမ်းသမ်းပြီးတော့ပစ်တာ၊ တစ်ရက်ကို ပစ်တာ အကြိမ်ရေတွက်လို့မရဘူး။ စက်လက်နက်တွေပစ်တဲ့ပုံစံမျိုးလည်း ကြားရတယ် နားလိုက် ပစ်လိုက်ပဲ” ဟု ပြောသည်။

အဆိုပါဘုရင့်နောင်တပ်စခန်းသည် သံတောင်ကြီးမြို့နယ်အတွင်း ၎င်းတို့နှင့် လက်လှမ်းမီရာအရပ်တွင် တိုက်ပွဲဖြစ်ပွားပါက လက်နက်ကြီး ပစ်ကူပေးလေ့ရှိသော တပ်တစ်ခုဖြစ်သလို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ မှုကြောင့် မြို့အတွင်းအပြင်ရှိ ဒေသခံနေအိမ်နှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးမှုတို့ ရှိကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here