လူမျိုးရေးပဋိပက္ခဖြစ်အောင် စစ်ကောင်စီကဖန်တီးနေ၍ ရခိုင်ပြည်သူများအား သတိထားကြရန် AA ပြောဆို

0
48
ပုံစာ - ၂၀၂၂ ခုနှစ်က ဘူးသီးတောင်မြိုနယ်မွတ်ဆလင်ကျေးရွာတစ်ခု၌ ဖြစ်ပွားခဲ့သောမှုခင်းဖြစ်စဉ်တစ်ခုကို ULA/AA က အမှုစစ်ဆေးနေစဉ်။ (Photo - AA Info Desk)

ရခိုင်ဒေသတွင် စစ်ရှုံးနေသော စစ်ကောင်စီသည် ထိလွယ်ရှလွယ်သော လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ ဖြစ်လာစေရန် ရည်ရွယ်လုပ်ဆောင်နေ၍ ရခိုင်ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ နိုင်ငံရေးထောင်ချောက်ထဲ သက်ဆင်းမသွားရေး သတိထားစောင့်ကြည့်ရန် AA က တိုက်တွန်းပြောဆိုသည်။

စစ်ကောင်စီသည် စစ်ရေးအရရှုံးနိမ့်မှုကို အာရုံလွှဲရန်အတွက် လူမျိုးရေးပဋိပက္ခ ဖြစ်ပွားစေရန် ရည်ရွယ်၍ မွတ်စလင်များအား အတင်းအဓမ္မစေခိုင်းကာ ဆန္ဒပြပွဲများ ပြုလုပ်နေသည်ဟု ရက္ခိုင့်တပ်တော် (AA) ၏ မတ်လ ၂၅ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ (FRC) ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်က “ဒေသခံ ရိုဟင်ဂျာ (မွတ်စလင်) တွေအနေနဲ့ အခုလို ဖိအားပေးခြိမ်းခြောက်ပြီး ပါဝင်ခိုင်းနေတာကို ရခိုင်ညီအစ်ကိုမောင်နှမများက နားလည်မှုလွဲပြီး တင်းမာမှုတွေ ဖြစ်လာမှာကို အထူးစိုးရိမ်နေကြတယ်လို့ ပြောပါတယ်” ဟု ပြောသည်။

ဘူးသီးတောင်မြိုပေါ်တွင် မတ်လ ၁၉ ရက်က ရာနှင့်ချီသော မွတ်စလင်များသည် “ AA အလိုမရှိ၊ တိုက်ပွဲ အလိုမရှိ၊ ဘူးသီးတောင်မြိုကို ကာကွယ်ကြ” စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

မတ်လ ၂၁ ရက်ကလည်း စစ်တွေမြို့တွင် မွတ်စလင်များက “AA အလိုမရှိ၊ စစ်တွေမြို့ကို ကာကွယ်ကြ၊ တိုက်ပွဲ အလိုမရှိ၊ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးနေသည့် NUG၊ AA အလိုမရှိ၊ လူနေရပ်ကွက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့ AA သောင်းကျန်းသူများ အလိုမရှိ” စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

စစ်တွေမြို၊ ဘုမေရပ်ကွက်နေ မွတ်စလင်များကို တစ်အိမ်လျှင်တစ်ဦးကျ “ AA အလိုမရှိ” ဆန္ဒပြပွဲတွင် “ မပါမနေရ” အမိန့်ထုတ်ထားပြီး ပြည်နယ်အဆင့် အာဏာပိုင်များကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတဆင့် ဖိအားပေးစေခိုင်းကာ ဆန္ဒပြရာတွင် မပါဝင်လျှင် အရေးယူသွားမည်ဟု ခြိမ်းခြောက်ထားကြောင်း မွတ်စလင် အသိုင်းအဝိုင်းထံမှ သိရသည်။

ရခိုင်ပြည်တွင် လူမျိုးရေး သွေးထိုးလှုံဆော်မှုများကြောင့် ၂၀၁၂ နှင့် ၂၀၁၇ ခုနှစ်က လူမျိုးရေးပြဿနာများ ပေါ်ပေါက်ခဲ့ပြီး မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းမှုကြောင့် သိန်းနှင့်ချီသည့် မွတ်စလင်များမှာ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရသည်။

“စစ်ကောင်စီက နှစ်ဖက်အသိုင်းအဝိုင်းကြားမှာ ဘယ်လိုပဲ လူမျိုးရေး ပဋိပက္ခဖြစ်အောင် ဖန်တီးဖန်တီး၊ အောင်မြင်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ လူတွေက အမှားအမှန်ကို ခွဲခြားသိမြင်နေကြပြီ ဖြစ်တယ်” ဟု ရခိုင်ပြည်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ရခိုင်ဒေသတွင် လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးနေသည့်အပြင် စစ်မှုထမ်းရန် အတင်းအဓမ္မ လူစုဆောင်းနေ၍ လူငယ်အများအပြားမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။

မွတ်စလင်များကိုလည်း စစ်သင်တန်းပေးပြီး စစ်မြေပြင်သို အတင်းအဓမ္မ ပို့ဆောင်နေ၍ မွတ်စလင် အများအပြားမှာ ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်ရာနယ်မြေများသို ထွက်ပြေးတိမ်းရှောင် ခိုလှုံလျက်ရှိသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here