ဖောင်းပြင်-ဟုမ္မလင်းလမ်းပိုင်း၌ တစ်ရက်တည်း မိုင်းနင်းမိသူ ၄ ဦး အထိရှိ

0
32
Photo – Social Media

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်ကို ဆက်သွယ်ထားသည့်လမ်းပိုင်းတွင် တစ်ရက်အတွင်း ဆိုင်ကယ်နှင့် ခရီးသွားကားများ မိုင်းထိမိမှုကြောင့် လူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မတ်လ ၂၂ ရက်နေ့က ဖောင်းပြင်မြို့နယ် ဟာပါကျေးရွာအနီးတွင် ခရီးသွားကားများကို ကျော်တက်သည့် ဆိုင်ကယ်တစ်စီးသည် လမ်းဘေးတွင်ထောင်ထားသည့် မိုင်းနင်းမိပြီး ဆိုင်ကယ်စီးလာသူ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဟာပါကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ဆိုသည်။

“ဟာပါရွာနားမှာ ကားတန်းကို ပိတ်ထားတာ။ အဲ့နားမှာပဲ ကားကိုကျော်လို့ တက်တဲ့နေရာမှာ ဆိုင်ကယ်က လမ်းဘေးမှာ ထောင်ထားတဲ့ဟာ(မိုင်း)နဲ့မိတာ ပထမ ၈ နာရီက တစ်ယောက်ထိတယ်။ နေ့လည် ၁၂ နာရီက ၃ ယောက် ထိတယ်” လို့ ၎င်းက ပြောဆိုသည်။

မတ်လ ၂၂ ရက်နေ့ မနက်ပိုင်း ၈ နာရီအချိန်တွင် ခမိုင်းကျေးရွာနေသူ အမျိုးသားသည် ကားတန်းကို ကျော်တက်ရင်း ထောင်ထားသည့်မိုင်းပေါ် ဖြတ်မောင်းမိခဲ့ခြင်းကြောင့် မိုင်းထိခဲ့ခြင်း ဖြစ်သည်ဟု ထိုဖြစ်စဉ်ကို သိရှိသူများက ပြောသည်။

ထိုနေ့တစ်ရက်တည်းမှာပင် ဟာပါကျေးရွာအနီးတွင် ခရီးသည်တင်ယာဉ်လိုင်းတစ်ခုက ထောင်ထားသည့်မိုင်းကို ဖြတ်နင်းမိခြင်းကြောင့် မိုင်းပေါက်ကွဲပြီး ၃ ဦး ထပ်မံထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာသည် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ဂိတ်ထိုင်ထားသည့် နေရာနှင့် အနီးဝန်းကျင်တွင်ရှိပြီး ၎င်းတို့လည်း လာရောက်ကြည့်ရှုခဲ့ကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။

မိုင်းထိခိုက်သူများနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ဖုန်းလိုင်းအဆက်အသွယ် ပြတ်တောက်မှုများကြောင့် စုံစမ်း၍ မရရှိပေ။

မိုင်းပေါက်ကွဲမှုဖြစ်စဉ်နောက်ပိုင်း ဖောင်းပြင်-ဟုမ္မလင်းလမ်းပိုင်းအား ဟာပါကျေးရွာမှ ဖြတ်သန်းသွားလာခွင့်ကို PDF အဖွဲ့က ပိတ်ထားလိုက်ပြီး အင်ဝိုင်းကျေးရွာမှတဆင့် သက်ကယ်ကျင်းကျေးရွာ စသည့် လမ်းပိုင်းများမှ ကုန်တင်ယာဉ်များ၊ ခရီးသွားယာဉ်လိုင်းများက မောင်းနင်နေကြကြောင်း စုံစမ်းသိရှိရပါသည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here