လူသားချင်းစာနာမှုအကူအညီများကို နယ်ခံစစ်ရှောင်ကူအဖွဲ့များနှင့် ပူးတွဲလုပ်ဆောင်ပါက လူထုလက်ဝယ် ရောက်ရှိမည်ဖြစ်ဟု CIDKP ပြောဆို

0
31
Photo - Reuters

မြန်မာစစ်ဘေးရှောင်များအတွက် ထိုင်းနိုင်ငံဘက်က ကနဦးအဖြစ် နယ်စပ်ဖြတ်ကျော် ပေးပို့လာသော လူသားချင်းစာနာမှု အကူအညီများအား ဒေသအတွင်းရှိ နယ်မြေခံအဖွဲ့များနှင့် ပူးတွဲလုပ်ဆောင်ပါက လူထုလက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိမည် ဖြစ်သည်ဟု ပြည်တွင်းနေရပ်စွန့်ခွာရသူ ကရင်ပြည်သူများ ဆိုင်ရာကော်မတီ-CIDKP က​ ပြောသည်။

မတ်လ ၂၅ ရက်နေ့က ထိုင်းနိုင်ငံဘက်က ကနဦးအဖြစ် မြန်မာစစ်ဘေးရှောင်များအတွက် ဆန်နှင့်ရိက္ခာအိတ် များအား ထိုင်းကြက်ခြေနီအဖွဲ့က ပထမအသုတ်အနေဖြင့် ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်-မြဝတီကုန်သွယ်ရေး ဂိတ်မှတဆင့် မြန်မာကြက်ခြေနီအဖွဲ့ထံ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

လူသားချင်းစာနာမှု အကူအညီထောက်ပံ့ရေးအပိုင်းတွင် CIDKP အပါအဝင် ကရင်အရပ်ဘက်အဖွဲ့များထံ ချိတ်ဆက်လုပ်ဆောင်လာမှု မရှိသော်လည်း နယ်မြေခံ အခြားစစ်ရှောင်ကူအဖွဲ့များနှင့် ပူးတွဲဆောင်ရွက်သွားမည် ဆိုပါက အကူအညီ အမှန်တကယ်လိုအပ်နေသူများထံ တိုက်ရိုက်ရောက်ရှိမည်ဖြစ်ကြောင်း CIDKP ၏ ဒု-တာဝန်ခံ စောခဲလေ သုံးသပ်ပြောဆိုသည်။

“နယ်မြေမှာ CIDKP တင် မဟုတ်ပါဘူး။ အခြားအဖွဲ့တွေနဲ့စုဖွဲ့ပြီးလုပ်ဆောင်ကြတာပါ။ အကယ်၍ ဒီအဖွဲ့တွေ မဟုတ်ရင်တောင် အခြားနယ်မြေခံ အဖွဲ့တွေနဲ့ လုပ်ကိုင်မယ်ဆိုရင်တော့ လိုအပ်တဲ့သူတွေဆီ တိုက်ရိုက် ရောက်မှာပါ။ အခုကတော့ တခြားခေါင်းကြီးပိုင်းတွေ၊ လက်နက်ကိုင်တွေနဲ့ သူတို့ဘာသာ သူတို့ချိတ်ပြီး လုပ်သွားတဲ့ သဘောပေါ့။ အဲဒီမှာ မြန်မာကြက်ခြေနီအဖွဲ့လည်း ပါသွားတယ်ဆိုတော့ ကျန်တဲ့သူတွေက တာဝန်ယူ၊ တာဝန်ခံမှု အပိုင်းတွေ ဆက်ဆောင်ရွက်သွားမယ်လို့ မျှော်လင့်ရတာပါပဲ” ဟု ၎င်းက ပြောသည်။

အဆိုပါရိက္ခာများအား ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေ ကရင်ပြည်နယ်အတွင်းရှိ စစ်ရှောင် နေရာများသို့ ပေးပို့သွားရန်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနဘက်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ထိုင်းနိုင်ငံအနေဖြင့် လူသားချင်းစာနာမှု အကူအညီအတွက် စစ်ကောင်စီအုပ်ချုပ်မှုအောက်ရှိ မြန်မာ့ကြက်ခြေနီ အဖွဲ့နှင့် ဆက်လက်လုပ်ကိုင်နေပါက စိုးရိမ်စရာဖြစ်နိုင်ကြောင်း စောခဲလေက ယခုလို သုံးသပ်ပြောသည်။

“ကျနော့်ခေါင်းထဲမှာ အခုထိ မရှင်းတာတခုက မြန်မာကြက်ခြေနီက ဘယ်လိုဖြစ်လို့ ပါလာသလဲပေါ့။ သူတို့အနေနဲ့က ဒေသအခြေအနေလည်း ဘာမှသိတာ မဟုတ်ဘူး။ ဘာဖြစ်လို့ ကန့်လန့်ကြီးပါလာသလဲဆိုတာ နားမလည်ဘူး။ အကယ်၍ သူတို့ရှေ့ဆက် မြန်မာ့ကြက်ခြေနီနဲ့ ဆက်ပြီး လုပ်ကိုင်နေဦးမယ်ဆိုရင်တော့ စိုးရိမ်စရာတော့ ရှိတာပေါ့နော်” ဟု ၎င်း၏အမြင်ကို ပြောဆိုသည်။

ထို့အပြင် လူသားချင်းစာနာမှု အကူအညီများစွာ လိုအပ်နေသော ကရင်ပြည်နယ်တွင် ယနေ့အချိန်အထိ လက်နက်ကိုင်တိုက်ပွဲ ပဋိပက္ခများ ဖြစ်ပွားနေသည့်အပြင် စစ်ဘေးရှောင် အများစုသည်လည်း တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်ရာ နယ်မြေအတွင်း ရောက်ရှိနေသဖြင့် စစ်ကောင်စီလက်အောက်မှသွားသော ထိုင်းနိုင်ငံ၏ ထောက်ပံ့မှုက ထိရောက်မှုအားနည်းနိုင်ကြောင်း အရပ်ဘက်စစ်ရှောင်ကူများကလည်း သုံးသပ် ပြောဆိုကြသည်။

ပြီးခဲ့သည့် ဇန်နဝါရီလပိုင်းက လာအိုနိုင်ငံတွင် ပြုလုပ်ပြီးစီးခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာကြက်ခြေနီအဖွဲ့နှင့် ပြုလုပ်မည့် လူသားချင်းစာနာမှုအစီအစဥ်ကို ထိုင်းနိုင်ငံဘက်က အတည်ပြုခဲ့ခြင်းဖြစ်ပြီး ၎င်းတွင် ထိုင်းနိုင်ငံဘက်က ဦးစီး၍ နှစ်နိုင်ငံနယ်စပ်တွင် လူသားချင်းစာနာမှုစင်္ကြန် တည်ဆောက်မည့် ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

စစ်အာဏာသိမ်းပြီးနောက် ပဋိပက္ခ ပိုမိုပြင်းထန်လာသော မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ စစ်ဘေးရှောင် ပြည်သူ ၃ သန်း နီးပါး ရှိသည့်အနက် ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်သည့် နယ်မြေများတွင် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၇ သိန်းကျော် ရှိနေကြောင်း KNU က ကောက်ခံထားသော စာရင်းများအရ သိရသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here