ကော့ကရိတ်၊ ကော့ဘိန်းရွာတိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှင့် စစ်ဘေးရှောင်များတိုးလာ

0
38
ပုံစာ - ကော့ဘိန်းကျေးရွာစစ်ဘေးရှောင်တချို့။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာတွင် မတ်လ ၂၅ ရက်နေ့ မွန်းလွှဲပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားလျှက်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူနှင့် စစ်ဘေးရှောင်များ တိုးလာဆဲဖြစ်ကြောင်း သိရသည်။

မတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းအချိန်ထိ စစ်ကောင်စီတပ်က ကော့ဘိန်းရွာ၊ ကော့ပေါက်ရွာကို လေကြောင်း အပြင် စစ်သင်္ဘော အမှတ် (၃၀၁) မှ လှမ်းကူပစ်ခတ်နေခြင်းကြောင့် ကော့ဘိန်းကျေးရွာခံ ၃ ဦး၊ ဓမ္မသတ်ဒေသခံ ၁ ဦး တို့ ထိခိုက်ဒဏ်ရာရရှိထားပြီး ကုသမှုခံယူလျှက်ရှိကြောင်း ဒေသခံများက ပြောဆိုသည်။

ကော့ဘိန်းဒေသခံတစ်ဦးက “ အကုန်ခြုံပြီး ပြောလို့မနိုင်ပေမဲ့ မနေ့က ၃ ယောက် ထိတယ်။ ဒီနေလည်း အဘွားအို တစ်ယောက် ဗိုက်မှာ ကျည်စထိသွားသေးတယ်။ ဒဏ်ရာရသူက များမှာပါ၊ တရစပ် ပစ်ခတ်နေကြတော့လေ၊ ဒါပေမဲ့ သေဆုံးသူတော့ မကြားမိသေးဘူး” ဟု ပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားနေဆဲဖြစ်ခြင်းကြောင့် ကော့ဘိန်းရွာအပြင် အနီးဝန်းကျင်ရှိ ကော့ပေါက်၊ ဓမ္မသတ်၊ တရာနာ စသည့် ဒေသခံတို့သည် ခရားအပြင်ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ဒေသအသီးသီးမှ ကူညီကယ်ဆယ် ရေး အဖွဲ့တို့က လာရောက်ချိတ်ဆက် ကူညီလျှက်ရှိကြောင်း သိရသည်။

လက်ရှိ၌ ခရားအပြင်ရွာတွင် စစ်ဘေးရှောင်လာသူများ တဖြည်းဖြည်း တိုးလာခြင်းကြောင့် နေရာထိုင်ခင်းအတွက် ကူညီပြင်ဆင်လျှက်ရှိကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးက ပြောဆိုသည်။

“လမ်းတွေ အကုန်ပိတ်ထားတော့ ကော့ဘိန်းလူတွေ ဘယ်အပေါက်ကနေမှ သွားလို့ မရဘူးဖြစ်နေတယ်။ လောလောဆယ် ကျနော်တို့ ခရားအပြင်ကို မြစ်ကနေ လှေနဲ့ဖြတ်ပြီး လာကြတယ်ပေါ့၊ ဒီတစ်လမ်းပဲ ရှိတယ်။ ကျနော်တို့လည်း လာလို့အဆင်ပြေအောင် ဝိုင်းဝန်းဆောင်ရွက်ပေးနေပါတယ်” ဟု ၎င်းက ဆိုသည်။

ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံအများစုသည် မော်လမြိုင်မြို့အပြင် အခြားမြို့ပေါ်ဆီသို့သာ ပြောင်းရွေ့ နေထိုင်လိုပြီး သွားရောက်လိုသည့် နေရာဒေသအထိ လိုက်လံပို့ဆောင်ပေးနေကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် ကော့ဘိန်းရဲစခန်းရှိ စစ်ကောင်စီအဖွဲ့က အလံဖြူပြလာခြင်းကြောင့် ကော့ဘိန်းဒေသကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်နိုင်ခဲ့ပြီး တရာနာကျေးရွာဘက်သို့ ဆက်လက်တိုက်ခိုက်သွားမည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပြောဆိုလာကြောင်း ကနဦးသတင်းရရှိထားသော်လည်း အတည်မပြုနိုင်သေးပေ။

မတ်လ ၂၄ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်က စတင်ပြီး ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲစတင် ဖြစ်ပွားလာခဲ့ကြောင်း သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here