လွိုင်ကော်မြို့တွင်းကျန်ရှိနေသည့် ဒေသခံများ စားဝတ်နေရေးအခက်ကြုံနေရ

0
42

“တစ်လေးလုံးစစ်ဆင်ရေး” ဆင်နွဲနေသည့် ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့အတွင်း နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးများ ကျရောက်နေပေမယ့် တခြားနေရာဒေသကို စစ်မရှောင်နိုင်ပဲ ကျန်ရစ်ခဲ့သည့် မိသားစုများသည် လက်ရှိတွင် စားသောက်ရေးအခက်ကြုံနေကြကြောင်း သိရသည်။

စစ်ဘေးရှောင်ရန် သွားလာရေးအတွက် စရိတ်ငွေကြေး မရှိသလို နေထိုင်ရန်အတွက် အခက်အခဲရှိတာကြောင့် မိမိ၏နေအိမ်၌သာ နေထိုင်ကြဆဲဖြစ်ကြောင်းနှင့် လူဦးရေများသည့် မိသားစုများမှာ စားသောက်ရေးတွင် လုံလောက်မှုမရှိဘဲ အခက်အခဲပိုကြုံနေရသည်ဟု လွိုင်ကော်မြို့တွင်းကျန်ရှိနေသူတို့က ပြောဆိုသည်။

လွိုင်ကော်မြို့ကနေ တခြားမြို့များကို စစ်ဘေးရှောင်သွားရန် ကားခတစ်ဦးလျှင် အနည်းဆုံး ကျပ်တစ်သိန်း ကုန်ကျသည်ဟု လွိုင်ကော်ဒေသခံတစ်ဦးဖြစ်သည့် ဒေါ်သီတာဝင်းက အခုလိုပြောပါသည်။

“လက်ထဲမှာ ပိုက်ဆံရှိမှ သွားနိုင်မယ်လေ။ အခုခါ အဒေါ်လည်း လက်ထဲမှာ ပိုက်ဆံမရှိတော့ သား၊ သမီးတွေကို မခေါ်သွားနိုင်ဘူး။ ဒီမှာနေတာ ကြောက်တာပေါ့၊ တုန်လှုပ်တာပဲလေ လက်နက်ကြီးက အဒေါ်တို့ နံဘေးမှာပဲ ကျနေတယ်။ တချို့ကြတော့ မသွားဘဲနဲ့ ဘာဖြစ်လို့နေတာလဲပေါ့နော အဒေါ်တို့ကို ပြောတယ်။ အဒေါ်တို့ မသွားချင်တာမှ မဟုတ်တာ မသွားနိုင်တာလေ” ဟု ဒေါ်သီတာဝင်းက ပြောသည်။

“တစ်လေးလုံးစစ်ဆင်ရေး” စတင်ချိန်က လွိုင်ကော်မြို့ကနေ ရှမ်းပြည်နယ်ဘက်ကို စစ်ဘေးရှောင်ကြသည့် ဒေသခံတချို့လည်း လွိုင်ကော်မြို့သို့ ပြန်လာနေထိုင်ကြကြောင်း သိရသည်။

စစ်ဘေးရှောင်ရင်း လွိုင်ကော်မြို့ကို ပြန်လာနေထိုင်သည့် ဦးတိုးက “ဒီမှာက အမြဲတမ်းလိုလို အသံကြားနေရတာ ဆိုတော့ မနေချင်ဘူး၊ ပွင့်ပွင့်လင်းလင်းပြောရရင် အခက်ခဲတွေရှိလို့ မနေချင်ဘဲ နေနေရတာ။ လက်နက်ကြီးတွေ လာတဲ့အချိန်ဆိုတော့ တော်တော်စိုးရိမ်ရတယ်၊ တော်တော်ကြောက်ရတယ်။ ဒရုန်းတွေဘာတွေလဲ လာတယ်လေ ကြောက်ရတာပေါ့ ကျနော်တို့မှာ။ အဲ့ဒါဆိုရင် မအိပ်တော့ဘူး။ ညလာတဲ့အသံကြားရင် ထိုင်ပြီးကြည့်နေတာ” ဟု ပြောဆိုသည်။

လွိုင်ကော်မြို့တွင် ကျန်ရှိနေထိုင်ကြသည့် ဒေသခံအများစုသည် ဈေးရောင်းခြင်း၊ ဟင်းရွက်ခူးခြင်း၊ ထင်းခုတ်ခြင်း၊ နေ့စားလိုက်သည့် လုပ်အားခနှင့် စားဝတ်နေရေး ဖြေရှင်းနေကြရသည်ဟု ပြောသည်။

“စားဝတ်နေရေးဆို တကယ်ခက်ခဲနေကြတာ ကျနော်ဆို တော်တော်ခက်ခဲနေပြီ။ ဘယ်မှလဲ သွားလို့မရဘူးလေ ဟင်းရွက်တွေခူးလဲ ဟင်းရွက်ဝယ်တဲ့သူက ရောင်းမကောင်းတော့ သူတို့ကမယူတော့ဘူးလေ။ ထင်းခုတ်တော့လဲ ထင်းဝယ်မဲ့သူကလဲ မရှိတော့ ရှိတာလေးနဲ့ ကုပ်ခြစ်စားနေရတာပေါ့။ ဆန်ဆိုရင်လဲ ပြည်လိုက်ဝယ်ရတာ တစ်ပြည်ဆိုရင် သူတို့ပိုက်ဆံရှိသူဆိုရင်တော့ တမျိုးပေါ့။ ကျနော်တို့ကမရှိတော့ အနိမ့်ဆုံးတောင် ၄ ထောင် ရှိတယ်” ဟု ဦးတိုးက ဆက်ပြောသည်။

လွိုင်ကော်မြို့တွင်းရှိနေသည့် ဒေသခံများသည် သွားလာလို့ရသော မြို့ဧရိယာအတွင်းသာ သွားလာကြပြီး တခါတရံ ရပ်ကွက်၊ နေအိမ် အနီးအနား၌ လက်နက်ကြီး ကျရောက်တာကြောင့် လုံခြုံရေး စိုးရိမ်နေကြရတယ်လို့ ဆိုသည်။

တစ်လေးလုံးစစ်ဆင်ရေး ဆင်နွဲနေသည လွိုင်ကော်မြို့တွက် နှစ်ဖက်တပ်ကြား ထိတွေ့မှု နေ့စဉ်ရက်ဆက် ရှိနေပြီး စစ်ကောင်စီတပ်က ဒရုန်းနှင့် မီးလောင်ဗုံး အသုံးပြုမ တိုက်ခိုက်တာကို ပိုမိုလုပ်ဆောင်နေသည်ဟု သိရှိရသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here