“ကော့ဘိန်းမှာရှိတဲ့လူတွေ ထွက်ဖို့က ခက်နေတယ်လေ ပိတ်မိနေတယ်ပေါ့။ အဲ့ဒါကြောင့် ကော့ဘိန်းပရဟိတ အဖွဲ့တွေနဲ့ ဆက်သွယ်ပြီး ကျန်တဲ့လူတွေကို ထုတ်လာပေးဖို့ပေါ့။ မြစ်ဆိပ်ဘက်ကိုပဲ ထုတ်လာပေးပေါ့ ကျနော်တို့ ကိုယ်တိုင် ဒီဘက်ကိုခေါ်လာမယ်ပေါ့။ ဒါပေမဲ့လည်း လေယာဉ်ပျံကဝဲနေတော့ သွားဖို့ကလည်း မလွယ်ဘူး ဖြစ်နေတယ်” စစ်ဘေးရှောင်ကူညီပေးနေသူတစ်ဦး

0
50
ပုံစာ - ကော့ဘိန်းရွာသားစစ်ဘေးရှောင်တချို့။

ကော့ကရိတ်မြို့၊ ကော့ဘိန်းရွာမှာ တိုက်ပွဲကြောင့်ထွက်ပြေးလာကြသည့် ဒေသခံစစ်ဘေးရှောင်များ၏ အခြေအနေများနှင့်ပတ်သက်ပြီး စစ်ဘေးရှောင်ကူညီပေးနေသူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

ကရင်ပြည်၊ ကော့ကရိက်မြို့နယ်၊ ကော့ဘိန်းကျေးရွာရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်း ရမိခဲ့သည်ဟု ရွာခံများ၏ ပြောဆိုမှုအရ သိရသည်။

ကော့ဘိန်းရွာရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မတ်လ ၂၄ ရက်က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီးနောက်တွင် စစ်ကောင်စီဘက်က လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ရေတပ်ကနေ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်ခြင်းတို့ ပိုမိုလုပ်ဆောင် လာသောကြောင့် ကော့ဘိန်းကျေးရွာမှ ဒေသခံများ အစုလိုက်အပြုံလိုက် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

လက်ရှိ၌ ကော့ဘိန်းရွာမှ ထွက်ပြေးလာသည့် ဒေသခံစစ်ဘေးရှောင်များ၏ အခြေအနေများနှင့် ပတ်သက်ပြီး စစ်ဘေးရှောင်များကို အကူအညီပေးနေသူတစ်ဦးနှင့် ဆက်သွယ်မေးမြန်ထားပါသည်။

မေး။ ။ မတ်လ ၂၅ ရက်နေ့က ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်တဲ့နောက်မှာ ပစ်ခတ်မှု အခြေအနေက ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ဒီနေ့ (မတ်လ ၂၅ ရက်) မွန်းလွဲပိုင်းအချိန်အထိတော့ လေယာဉ်က ၂ ခေါက်လောက် လာပြီးပြီ။ ဗုံးချတယ်၊ တိုက်ခိုက်တယ်ပေါ့။ ကော့ဘိန်းကလူတွေလည်း မနေရဲဘူးလေ ရှောင်ကြရတယ်။ ရှောင်တော့လည်း သူတို့မှာ ရှောင်စရာမရှိဘူးလေ။ လမ်းတွေ အားလုံးပိတ်ထားတယ်။ ခရုံဂူဘက်သွားတဲ့လမ်းရော မော်လမြိုင်မြို့ ပေါ်သွားမယ့် လမ်းရောပေါ့လေ၊ အကုန်လုံးပိတ်ထားတော့ ဘယ်မှကို သွားစရာမရှိဘူး။ ဒီဘက်ခရားအပြင် ရွာဘက်ကိုပဲ သွားလို့ရတယ် ဒါပေမဲ့မြစ်ကူးရတယ်။ လှေနဲ့ လာလို့ရမယ်ပေါ့၊ အခုလည်း သူတို့ ကူးလာနေတုန်းမှာ ကျနော်တို့လည်း ဝိုင်းကူနေတုန်းပါပဲ။ ကျနော်တို့ ခရားအပြင်ရွာကို ရောက်လာမယ်ဆိုရင် ကျနော်တို့က သူတို့ သွားလိုတဲ့နေရာ ရှောင်လိုတဲ့နေရာကို ပို့ပေးမယ်ပေါ့။ ဘယ်ဘက်ကို သွားလိုလဲ၊ မော်လမြိုင်ဘက်ကို သွားချင်ရင် မော်လမြိုင် ပို့ပေးတယ်၊ ကော့ခက်ဘက်လား၊ သံလှဲဘက်လား၊ ဘာအံဘက်လား အကုန်ပို့ပေးနေတယ်။

မေး။ ။ စစ်ဘေးရှောင်တွေ နေထိုင်စားသောက်ရေးအတွက် ဘယ်လိုဆောင်ရွက်ပေးနေတာရှိပါလဲ။

ဖြေ။ ။ သူတို့စားဖို့သောက်ဖို့ကိုလည်း ကျနော်တို့ဆောင်ရွက်နေတုန်းပါပဲ၊ မနက်တုန်းကလည်း စာသင်ကျောင်း တစ်ကျောင်းမှာ နေရာချပြီး ထမင်းကျွေးနေပါပြီ။ ပြောင်းဖို့ပဲ လောနေကြတော့ ထမင်းစားရတဲ့လူကလည်းရှိ မစားရတဲ့လူကလည်းရှိ၊ လောလောဆယ် နေဖို့ထိုင်ဖို့က အုပ်ချုပ်ရေးမှုးရုံးမှာ တစ်နေရာ၊ ကျနော်တို့ ကယ်ဆယ်ရေးအဖွဲ့မှာ တစ်နေရာ၊ အမှတ် ၁ ကျောင်း အမှတ်၂ ကျောင်းမှာရော ပြင်ထားတာရှိတယ်။ နေရာတွေ က မပြည့်သေးဘူးလေ။ မြို့ပေါ်ဘက်ကို ပြောင်းတာပိုများနေတော့ ကျနော်တို့ဆီမှာ ခိုလှုံဖို့ နေရာအကျယ်ကြီး ရှိပါသေးတယ်။

မေး။ ။ စစ်ဘေးရှောင်သူတွေ မနေ့ (မတ်လ ၂၄ ရက်) နဲ့ ဒီနေ့ (မတ်လ ၂၅ရက်) မှာ ဘယ်လိုကွာခြားမှုရှိပါလဲ။

ဖြေ။ ။ ဒီနေ့ (မတ်လ ၂၅ ရက်) က ပိုများတယ်ပေါ့လေ။ ဒဏ်ရာရတဲ့လူတွေကိုကုဖို့ ဒီဘက်ရောက်လာကြပြီ။ လမ်းမလျှောက်နိုင်တဲ့ အသက်ကြီးပိုင်းတွေလည်းရှိတယ်။ အခုဆို ကျနော်တို့လည်း လှမ်းပြီးဆက်သွယ်နေတုန်းပဲ။ ကော့ဘိန်းမှာရှိတဲ့လူတွေ ထွက်ဖို့က ခက်နေတယ်လေ ပိတ်မိနေတယ်ပေါ့။ အဲ့ဒါကြောင့် ကော့ဘိန်းပရဟိတ အဖွဲ့တွေနဲ့ ဆက်သွယ်ပြီး ကျန်တဲ့လူတွေကို ထုတ်လာပေးဖို့ပေါ့။ မြစ်ဆိပ်ဘက်ကိုပဲ ထုတ်လာပေးပေါ့ ကျနော်တို့ ကိုယ်တိုင် ဒီဘက်ကိုခေါ်လာမယ်ပေါ့။ ဒါပေမဲ့လည်း လေယာဉ်ပျံကဝဲနေတော့ သွားဖို့ကလည်း မလွယ်ဘူး ဖြစ်နေတယ်။ တချို့မြစ်ဆိပ်ဘက်ကို အများကြီးရောက်နေပေမဲ့လည်း ကျနော်တို့က သွားမကြိုရဲဘူးလေ၊ သူတို့ သင်္ဘောကိုလည်း ကြောက်ရတယ်။

မေး။ ။ လက်ရှိအချိန်အထိ ဒဏ်ရာရတဲ့လူတွေကရော အခြေအနေဘယ်လိုရှိပါလဲ။

ဖြေ။ ။ သူတို့တွေက ဗုံးကြဲတယ်လေ။ ဗုံးအစအနတွေက လူတွေကိုထိတယ်ပေါ့။ မနက်ကလည်း အဘွားတစ်ယောက် ဗိုက်မှာထိထားတယ်။ မနက်ကပဲ မော်လမြိုင်ဘက် ပို့လိုက်တယ်။ နေ့လည်တုန်းကလည်း ထပ်ကြဲထားသေးတယ်။ သေဆုံးတာတော့ ကျနော်မကြားရသေးဘူးပေါ့။ အကုန်ပြေးဖို့ပဲ လုပ်နေရတော့ လက်နက်ထိတဲ့လူတွေပဲ နည်းနည်းသတင်းရနေတယ်။

မေး။ ။ အခုဒီဘက်မှာ ကူညီပေးနေတဲ့သူတွေကရော ဘယ်လိုအခက်အခဲမျိုးတွေ ကြုံနေရတာရှိပါလဲ။

ဖြေ။ ။ ကျနော်တို့ဘက်ကတော့ အခက်အခဲကတော့ ရှိပေမဲ့လည်း မမှုပါဘူး။ ကိုယ့်ရွာဆီကို ဒုက္ခရောက်ပြီး ရောက်လာကြတယ်ဆိုတော့လေ။ ဟိုမြစ်ဆိပ်မှာ စောင့်နေတဲ့သူတို့ကို ကျနော်တို့ရသလောက် ကူထုတ်ပေးသွားမယ်။ ကျနော်တို့တင်မဟုတ်ဘဲ ရွာသားတွေလည်း ရေသန့်တို့စားစရာတို့ တတ်နိုင်တာတွေကို ကူညီနေတာ ရှိပါတယ်။ ရာသီဥတုကပူတာနဲ့ လူကြီးတွေက သွားလို့လာလို့ မနိုင်ကြဘူးလေ။ ဟိုဘက်ကနေ ဒီဘက်ကိုကူးဖို့က မြစ်ကကြမ်းတယ်၊ လှေကြီးနဲ့လည်းမဟုတ် လှေငယ်နဲ့ဆိုတော့ ခက်ခဲတာပေါ့ဗျာ။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here