ပင်လောင်းမြို့ ဆောင်းပြောင်းနှင့် နမ့်ဖာမူရွာတို့တွင် တိုက်ပွဲပြင်းထန်ပြီး ဒေသခံများတိမ်းရှောင်နေရ

0
50
Photo - KNDF

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းနှင့် နမ့်ဖာမူကျေးရွာများကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်တို့နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား နေသည်မှာ ၄ ရက်ရှိနေပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

ဒေသခံအမျိုးသမီးတစ်ဦးက “နမ့်ဖာမူတို့ ဆောင်းပြောင်းတို့ ရွေ့ကြတာပေါ့နော်။ အဲ့ဒီမှာ စစ်တပ်တွေ အများကြီး ထိုးစစ်ဆင်လာတော့လေ ရှောင်ကြတယ်။ အဲ့ဒီအနောက်ဖက်တက်တဲ့လမ်းက ပိတ်ထားတယ်။ အဲ့ဒီအနောက်ဖက် ဆိုတာက ဆောင်းပြောင်းကနေမှ ချယ်ရီကုန်း လအိ၊ လတိန် ပြန်တဲ့လမ်းပေါ့။ လွိုင်ကော်ပြန်မယ့် လမ်းပေါ့နော် ပိတ်ထားတယ်” ဟု ပြောပါသည်။

ဆောင်းပြောင်း၊ နမ့်ဖာမူနှင့် အနီးအနားကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံများအပြင် စစ်ဘေးရှောင်များလည်း ထပ်မံတိမ်းရှောင်နေကြရကြောင်းနှင့် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့်လည်း ဒေသခံများ ထိခိုက်မှုရှိနေသည်ဟု ၎င်းတို့က ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဆောင်းပြောင်း၊ ပီကင်းလမ်းကို လုံခြုံရေးအရ တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ထားကြောင်း ဒေသခံများ၏ပြောဆိုမှုအရ သိရသည်။

ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ကလည်း ဖယ်ခုံ-ပင်လောင်းမြို့နယ်စပ်က ကျေးရွာ အနီးအနားဝန်းကျင်တွင်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်ဟု ၎င်းတို့က ဆိုသည်။

ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု အခြေအနေ၊ ထိခိုက်ကျဆုံးမှု အခြေအနေနှင့်ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့များက တစုံတရာထုတ်ပြန်လာခြင်း မရှိသေးပေ။

လတ်တလောတွင်လည်း “တစ်လေးလုံးစစ်ဆင်ရေး” နှင့် ဆက်စပ်သည့် တိုက်ပွဲများ နောင်ဝိုး၊ ဗန်းမောက်၊ နမ့်ဖာမူ တောက်လျှောက်၌ အပြင်းအထန် ဖြစ်ပွားနေပြီး ဒေသခံလူထုအနေနှင့် ကုန်းလမ်းသာမက ရေလမ်းအသုံးပြုပြီး ခရီးသွားလာခြင်း မပြုလုပ်ကြရန်နှင့် ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရန် မိုးဗြဲ-ဖယ်ခုံစစ်ဆင်ရေး မဟာမိတ်အင်အားစုက ပြီးခဲ့သည့် မတ်လ ၁၆ ရက်တွင် အသိပေးပြောဆိုထားသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here