စစ်ဘေးတိမ်းရှောင်နေရသည့် ဆွမ်ပရာဘွမ့် ဒေသခံပြည်သူများအတွက် အရေးပေါ်အကူအညီလိုအပ်နေ

0
53
ပုံစာ - တောတောင်များအတွင်း၌တိမ်းရှောင်နေကြသည့် ဆွမ်ပရာဘွမ့်ဒေသခံပြည်သူများ။

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ့်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဘေးလွတ်ရာ တောတောင်များအတွင်း တိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူ တစ်ထောင်ကျော်အတွက် စစ်ရှောင်အကူအညီများ အရေးပေါ်လိုအပ်နေသည်ဟု စစ်ရှောင်များကို ကူညီပေးနေသည့် ဆွမ်ပရာဘွမ့်ဒေသခံများက ပြောသည်။

မြို့တွင်းတိုက်ပွဲ ဖြစ်ပွားနေသည်မှာ ၁၀ ရက်ကျော် ကြာမြင့်လာပြီး တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူ ၁၃၀၀ ခန့်သည် လက်ရှိတွင် တောတောင်များနှင့် ဆွမ်ပရာဘွမ့်မြို့နှင့်နီးသည့် ကျေးရွာများတွင် ခက်ခက်ခဲခဲ တိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

လက်ရှိတွင် စစ်ရှောင်ရသည့်ကာလ ကြာမြင့်လာသည်နှင့်အမျှ အစားအသောက်များ ပြတ်လပ်လာပြီး အရေးပေါ် အကူအညီ လိုအပ်နေသည်ဟု ဆွမ်ပရာဘွမ့်ဒေသခံတစ်ဦးက ပြောဆိုသည်။

“ရက်ကြာလာတာတော့ ဆေးဝါးနဲ့ အစားအသောက်တွေ လိုအပ်နေတယ်။ အခုက ရွာတွေထဲရှိတဲ့ စျေးဆိုင်တွေ ကနေပဲ ဖြစ်သလို ဝေစားမျှစား ဖြေရှင်းနေတယ်။ ကားလမ်းလည်း ပိတ်ထားတော့ အချိန်ကြာလာတာနဲ့ တော်တော်ဒုက္ခရောက်မဲ့ အနေအထား ဖြစ်နေတယ်” ဟု ၎င်းကပြောသည်။

တိုက်ပွဲ စတင် ဖြစ်ပွားချိန်ကတည်းက မြစ်ကြီးနား – ပူတာအို လမ်းမကြီးကို ၂ ဖက်တပ်များက သွားလာခွင့် အားလုံး ပိတ်ဆို့ထားတာကြောင့် ကုန်ကားများအဝင် မရှိတော့ဘဲ အခုလို ပိုခက်ခဲလာရသည်ဟု ဆိုသည်။

လက်ရှိတွင် တောတွင်းတိမ်းရှောင်နေသည့် လူဦးရေ ၂၀၀ ကျော် ရှိပြီး မြစ်ကြီးနားဘက်ကို ဆင်းသည့် လမ်းကြောပေါ်ရှိ ကျေးရွာများ၌ အများအပြား တိမ်းရှောင်နေကြကြောင်း စစ်ရှောင်ကူဒေသခံများထံမှ သိရသည်။

စစ်ရှောင်အများစုသည် မြစ်ကြီးနား – ဆွမ့်ပရာဘွမ့် ကားလမ်းပိုင်းတကြောရှိ ဆူယာန် (Su Yang) ၊ မိုင်ထောင်း (Mai Htawng) ၊ ခဂရန်းယန် (Hka garan Yang)၊ အင်တားဂလိုကျေးရွာ( Nta galu mare) စသည့် ကျေးရွာ ၄ ရွာတွင် အများပိုင်း တိမ်းရှောင်နေကြသည်ဟု သိရသည်။

စစ်ရှောင်ကာလ ကြာရှည်လာပါက စစ်ရှောင်များအား လုံခြုံသည့်နေရာ သတ်မှတ်ပြင်ဆင်ပေးရန် လိုအပ်သည်ဟု ဆွမ်ပရာဘွမ့်အသင်းတော်က စစ်ရှောင်ကူညီပေးနေသည့် တာဝန်ရှိသူတစ်ယောက်က အခုလို ပြောသည်။

“မြို့မှာက အခုဘယ်သူမှ မရှိတော့ဘူး။ ဆွမ်ပရာဘွမ်မြို့ထဲ ရှိရှိသမျှ ပြည်သူအားလုံး တိမ်းရှောင်နေတယ်။ တောထဲတိမ်းရှောင်နေသူတွေက မိုးကာတဲတွေ၊ ဝါးတဲတွေ ထိုးပြီး နေနေတယ်။ ကျေးရွာတွေထဲ တိမ်းရှောင် နေသူတွေက အသိအိမ်တွေ မိတ်ဆွေတွေရဲ့အိမ်တွေထဲ နှစ်အိမ်ထောင် ၃အိမ်ထောင်အဲ့လို ကြပ်ပြွတ်ပြီး နေနေတယ်။ ဒါကြောင့် အခုရက်ကြာလာရင်တော့ သူတို့အတွက်နေရာသတ်မှတ်ပြီး နေရာထိုင်ခင်းပြုလုပ်ပေးဖို့ လိုအပ်နေတယ်” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

စစ်ရှောင်များအတွက် အကူအညီရရှိရန် သက်ဆိုင်ရာ ကချင်နှစ်ခြင်းအသင်းတော် KBC ကို တင်ပြတောင်းဆိုထားပေမယ့် လမ်းပိုင်းသွားလာခွင့်မရဘဲ ပိတ်ဆို့ထားတာကြောင့် သယ်ယူလို့မရသည့် အခြေအနေ ကြုံတွေ့နေရတယ်လို့ ၎င်းက ဆက်ပြောသည်။

ဆွမ်ပရာဘွမ့်တိုက်ပွဲသည် ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့က စတင်၍ ဆွမ်ပရာဘွမ်မြို့နယ် မလိယာန်စစ်ကောင်စီ တပ်စခန်းကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဆွမ်ပရာဘွမ်မြို့တွင် တပ်စွဲ ထားသည့် စစ်ကောင်စီတပ်ရင်း ခလရ ၄၆ တပ်စခန်းကို သိမ်းပိုက်ရန် ဆက်တိုက်ခိုက်နေကြောင်း သိရသည်။

နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည်မှာ ၁၀ ရက်ကျော် ကြာလာပြီဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း စခန်း လက်မလွတ်ရေးအတွက် လေယာဉ်နှင့် နေ့တိုင်းနီးပါး အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

လက်ရှိတွင် စစ်ကောင်စီဘက်က စစ်ကူများကို လေကြောင်းအပါအဝင် မြေပြင်ကပါ စစ်အင်အား ထပ်ဖြည့်နေပြီး စစ်ရေး ဆက်တင်းမာနေပြီး တိုက်ပွဲအတွင်း KIA ဘက်က ထိခိုက်ကျဆုံးသူ ရှိနေသလို စစ်ကောင်စီဘက်ကလည်း အများအပြား သေဆုံးမှုလည်း ရှိနေသည်ဟု ရှေ့တန်းသတင်းရင်းမြစ်များက ပြောသည်။

တိုက်ပွဲကြောင့် မြစ်ကြီးနား – ပူတာအို ကားလမ်းမကြီးကို ပိတ်ထားသည်မှာ တစ်ပတ်ကျော်လာပြီ ဖြစ်သည်ဟု ဆိုသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here