လွိုင်ကော်မြို့အတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား နှစ်ဖက်ထိတွေ့မှု နေ့စဥ်ဖြစ်ပွားနေ

0
39
Photo - KNDF

ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့အတွင်း “တစ်လေးလုံးစစ်ဆင်ရေး” စတင်ပြီး ၄ လကျော်ကြာလာသည့်အထိ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား နေ့စဉ်နီးပါး နှစ်ဖက်ထိတွေ့မှု ရှိနေဆဲဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ထံမှ သိရသည်။

ယင်းအပြင် လွိုင်ကော်မြို့၏ ထက်ဝက်ကျော်တွင်လည်း စစ်ဆင်ရေး ပြုလုပ်နေသည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“လွိုင်ကော်မှာတော့ နေ့စဥ်နဲ့အမျှ အပြန်အလှန် ပစ်ခတ်မှုတွေရှိတယ်။ စစ်ကောင်စီဘက်ကလည်း ဒီလွိုင်ကော် မြို့ထဲမှာ လှုပ်ရှားစစ်ကြောင်းတွေနဲ့ ရှိနေတုန်းပဲပေါ့နော။ လှုပ်ရှားစစ်ကြောင်းတွေနဲ့ တော်လှန်တပ်ဖွဲ့တွေကို တိုက်ခိုက်နေတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း မြို့ရဲ့ထက်၀က်ကျော်လောက်မှာ စစ်ကောင်စီတပ်တွေကို စစ်ဆင်ရေးလုပ်နေတယ်ပေါ့” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

နှစ်ဖက်ထိတွေ့ပစ်ခတ်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့မှ အကျဆုံးမရှိသော်လည်း ထိခိုက်ဒဏ်ရာရသူရှိပြီး စစ်ကောင်စီတပ်ဘက်မှလည်း ထိခိုက်မှုများရှိသည်ဟု ၎င်းက ဆိုသည်။

လွိုင်ကော်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းစခန်းများအနက် လွိုင်ကော်မြို့တွင်းရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) နှင့် ခလရ (၅၄) တပ်ရင်းသာ စစ်ကြောင်းလှုပ်ရှားမှု ရှိသည်ဟု KNDF တာဝန်ရှိသူက ပြောပါသည်။

“လွိုင်ကော်မြို့ပေါ်ရပ်ကွက်ထဲမှာကတော့ ဒကစဖက်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်တွေကတော့ လှုပ်ရှား တယ်ပေါ့နော။ လွိုင်ကော်မြို့ပေါ်မှာ လှုပ်ရှားတယ်။ ၅၄ တပ်ကနေလည်း ထွက်လာပြီး လှုပ်ရှားတာလည်း ရှိတယ်။ ကျန်တဲ့တပ်ရင်းတွေကတော့ သူ့တပ်ထဲမှာပဲ ရှိတဲ့အနေအထားဖြစ်ပါတယ်” လို့ ၎င်းက ဆိုသည်။

“တစ်လေးလုံးစစ်ဆင်ရေး” စတင်ပြီးနောက် နီးစပ်သည့် ရှမ်းပြည်နယ်အတွင်းကို သွားရောက်တိမ်းရှောင်ကြသည့် ကရင်နီစစ်ရှောင်များသည် စစ်ရှောင်ကာလ ကြာမြင့်လာသည်နှင့်အမျှ စားဝတ်နေရေး ပိုမိုကြပ်တည်းလာတယ်ဟု ၎င်းတို့က ပြောဆိုသည်။

စစ်ကောင်စီလက်အောက်ကနေ လွတ်မြောက်ပြီး မိမိနေရပ်သို့ ပြန်လာနေထိုင်ချင်ပြီဟု လွိုင်ကော်မြို့ နောင်ယားရပ်ကွက်ကနေ စစ်ရှောင်ပြေးခဲ့ရသည့် မပိုးပိုက ပြောပါသည်။

“ညီမတို့ရပ်ကွက်က အခုတိုက်ပွဲ လုံး၀ဖြစ်နေတဲ့နေရာမို့လို့ လုံး၀ပြန်နေလို့ မရတဲ့ အနေအထားပေါ့နော။ နေလို့ မရသေးပါဘူးရှင့်။ ပြန်လို့လည်း မရသေးပါဘူး။ လွိုင်ကော်မြို့သိမ်းတိုက်ပွဲကို အမြန်ဆုံး ပြီးစေချင်တယ်။ လွိုင်ကော်ကိုလည်း အမြန်ဆုံးပြန်နေချင်ပြီ။ ကိုယ့်မြို့ကိုယ့်ရွာကို အာဏာရှင်လက်အောက်ကနေ ပြန်တိုက်ယူ တာ ဆိုတော့ ပျက်စီးဆုံးရှုံးမှုတွေ ရှိနေနိုင်တယ်ဆိုပေမဲ့လည်း ပျက်စီးတာနဲ့တန်တဲ့ လွတ်လပ်မှုကို ရချင်ပါတယ်” လို့ ၎င်းက ဆိုသည်။

“တစ်လေးလုံးစစ်ဆင်ရေး” အတွင်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်း မီးလောင်ဗုံး အသုံးပြု ကြဲချမှုတို့ကြောင့် နေအိမ်၊ အဆောက်အအုံ ပျက်စီးခဲ့ရသည့် အဆောက်အဦးစာရင်းက ရာနှင့်ချီ ရှိနေသည်ဟု ဒေသခံများက ပြောဆိုသည်။

နေ့စဉ်နီးပါး နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားနေသည့် လွိုင်ကော်မြို့၏ ၅၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်တယ်ဟု KNDF က ပြောဆိုသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here